RAY Myanmar

RAY Myanmar

Share

Free Legal Aid Service for Myanmar

24/07/2025

တရားဥပဒေဟူသည် ……

“ တရားဥပဒေ၏ အဓိပ္ပာယ်မှာ တရားမျှတမှန်ကန်သည့် စည်းကမ်း ဟုခေါ်ဆိုသည်”

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေမရှိ၍မဖြစ်၊ ဥပဒေသည် နိုင်ငံသူနိုင်ငံသားတို့အား ကာကွယ်ပေးသည့် “ဒိုင်း” တစ်ခုဖြစ်ပေသည်။

နိုင်ငံတစ်ခုတွင် အုပ်ချုပ်သူ(အစိုးရ)နှင့် အုပ်ချုပ်ခံ(ပြည်သူ) များရှိကြရာ အုပ်ချုပ်သူတို့က မဏ္ဍိုင်ကြီး (၃) ရပ်ဖြစ်သည့် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး တို့ဖြင့် ပြည်သူကို အုပ်ချုပ်ကြသည်။

ထို့ကြောင့် နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတော်က ပြဌာန်းထားသည့် ဥပဒေတိုင်းကို အကြမ်းဖျဉ်း နားလည်သိရှိထားဖို့ လိုအပ်ပါသည်။ ဥပဒေကို မသိလို့ လုပ်မိပါတယ် (Ignorance of Law Excuse No One ) လို့ ဆင်ခြေပေးလို့မရပါဖူးဖြစ်ပါတယ်။

ဥပဒေဟူသည် အဓိကအားဖြင့် ဥပဒေပြုအာဏာပိုင်က ပြုလုပ်သော ဥပဒေကိုဆိုလိုပါသည်။

နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိနိုင်ငံ၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူနေမှုစနစ်အပေါ် အခြေပြု၍ လိုအပ်သည့် ဥပဒေများကို အခါအားလျော်စွာ ပြဌာန်းပြီး ပြည်သူများအား လိုက်နာကျင့်သုံးစေပါသည်။

ခေတ်အဆက်ဆက်က ပြဌာန်းခဲ့သော ဥပဒေများကို ပြောင်းလဲ၍ ခေတ်စနစ်နှင့်ကိုက်ညီစေရန် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်သင့်သည်ကို ပယ်ဖျက်ခြင်း နှင့် အသစ်ပြဌာန်းသင့်သည်များကို ပြဌာန်း၍ ကျင့်သုံးကြရပါမည်။

တရားဥပဒေဆိုသော စကားရပ်တွင် ဥပဒေအာဏာပိုင်က ပြုလုပ်သော ဥပဒေများအပြင် ဥပဒေကဲ့သို့ အာဏာသက်ရောက်သော နည်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်ကြော်ငြာစာများလည်း ပါဝင်သလို ဥပဒေကဲ့သို့ အသိအမှတ်ပြုထားသော ဓလေ့ထုံးတမ်းများလည်း ပါဝင်ပါသည်။

တရားဥပဒေသည် တိုင်းပြည်၊ နိုင်ငံ၊ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းသာယာရေးအတွက် ကာကွယ်စောင့်ရှောက် ထိန်းသိမ်းတည်ဆောက်ပေးသော နိုင်ငံတော်အာဏာ၏ စက်ယန္တရားကြီး တစ်ခုဖြစ်သည်။ တစ်နည်းဆိုသော် နိုင်ငံတော် တည်ဆောက်ရေး ကိရိယာဖြစ်သည်။ နိုင်ငံသားတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွါးကို ကာကွယ်စောင့်ရှောက်ပေးရသော ကိရိယာဖြစ်သည်။

နိုင်ငံသားတို့အပေါ် တရားလက်လွှတ် ဥပဒေမဲ့ နှိပ်ကွပ်သော ကိရိယာတစ်ခုမဟုတ်ပေ။ ဥပဒေသည် မတော်မတရားပြုကျင့်သူ၊ ရာဇဝတ်မှု ကျူးလွန်သူတို့အား အပြစ်နှင့် လျော်စွာ ပြစ်ဒဏ်ချမှတ်ပေးနိုင်ရန် တရားရုံး တရားသူကြီးသို့ အပ်နှံထားသော အာဏာစက်ဖြစ်သည်။ တရားသူကြီးတို့ကို အပ်နှင်းထားသည့် ဆင်ခြင်တုံတရားနှင့် ထက်မြက်သော အာဏာစက်ဖြင့် အရေးယူမှဥပဒေမည်ပေမည်။

#တရားဥပဒေဟူသည်

03/07/2025

RAY Myanmar

After the strong 7.7 magnitude earthquake hit Mandalay on March 28, 2025, RAY Myanmar quickly gave help to villages around Inlay Lake in Shan State.

RAY Myanmar worked with local teams to support people in Nyaung Shwe Township, where 30 families lost their homes and were badly affected. We gave out hygiene kits (with towels, toothbrushes and toothpaste, soap, powder, shampoo, sanitary pads, mosquito nets and spray), solar panels and solar lights. We also gave cash to help them buy dry food and medicine.

In total, about 120 people from 30 families received help. This included emergency health support, shelter materials, and other important items.

All this support was made possible by international organizations working with RAY Myanmar. Let’s keep helping each other and stand together with RAY.

02/07/2025

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု (Crimes Against Humanity) ကို ကျူးလွန်ခြင်းဟာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ပါတယ်။
ကြီးလေးတဲ့ နိုင်ငံတကာရာဇ၀တ်မှုဆိုတာ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ လူမျိုးပြုန်းစေမှု အပါအဝင် နိုင်ငံတကာလူအခွင့်အရေးဥပဒေနဲ့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တဲ့ ပြစ်မှုတွေပါဝင်ပါတယ်။
လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် စဉ်းစားတွေးတောရာမှာ ကျူးလွန်မှုဖြစ်ပွားတဲ့ နယ်မြေအကျယ်အဝန်း၊ အချိန်အပိုင်းအခြားနဲ့ ပစ်မှတ်ထားခံရသူ အရေအတွက်တွေအပြင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခြင်း၊ စနစ်တကျနဲ့ စစ်ရေးဗျူဟာတရပ်အနေနဲ့ ကျူးလွန်ခြင်း ရှိမရှိအစရှိတဲ့ အချက်တွေက အခရာကျပါတယ်။
ဒီအကြောင်းအရာတွေနဲ့ စပ်လျဉ်းပြီး လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (ND-Burma) က အောက်ဖော်ပြပါ animation video လေးနဲ့ ရှင်းလင်းတင်ပြထားပါတယ်။ ကြည့်ရှုလေ့လာနိုင်ဖို့ ပြန်လည်ဖော်ပြလိုက်ရပါတယ်။

လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု (CAH) အဖြစ် သတ်မှတ်နိုင်တဲ့ ပြစ်မှုအမျိုးအစား (၁၂)မျိုးအကြောင်းကိုလည်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်း ကိုယ်တိုင်ရှင်းလင်းပြောကြားထားပါတယ်။ ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး ပြန်လည်လေ့လာနိုင်ဖို့အတွက် youtube link ကို ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

Link : https://youtu.be/4bMDVB096NI?si=Xw5LisxrM5_K0u6-

Animation video credit goes to - Network for Human Rights Documentation - Burma

26/06/2025

International Day in Support of Victims of Torture

ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့

Torture : a crime against Humanity

မြန်မာနိုင်ငံအတွင်း မတရားဖမ်းဆီး ထိန်းသိမ်းခံနေရသည့်အပြင် အကျဉ်းထောင်များ၊စစ်ကြောရေးစခန်းများနှင့် ထိန်းသိမ်းရေးစခန်းများတွင် ညှဉ်းပန်းနှိပ်စက်ခံနေရသူများစွာရှိပြီး ထိုသူများအား အကူအညီစောင့်ရှောက်မှုများပေးရန် လိုအပ်နေဆဲဖြစ်သည်။

16/05/2025

အမိန့်ချမှတ်စဥ် ရရှိသည့် အမျိုးသမီးနှင့် ကလေးသူငယ် တို့၏ အခွင့်အရေးများ


အမျိုးသမီးများကို သေဒဏ်ပေးသည့်အခါတွင် ရရှိနိုင်သည့် အခွင့်အရေး

🔸ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ - ၃၈၂

သေဒဏ်စီရင်ခြင်းခံရသည့် မိန်းမတစ်ဦးတစ်ယောက်မှာ ကိုယ်ဝန်ဆောင်မိန်းမ ဖြစ်ကြောင်း သိရလျှင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ၎င်းသေဒဏ်စီရင်ချက် အတည်ပြုလုပ်ခြင်းကို ရွှေ့ဆိုင်းထားရန် အမိန့်ချမှတ်ရမည်။ ထို့ပြင် သင့်တော်သည်ဟု ထင်မြင်ပါက ၎င်းသေဒဏ်ကို သက်ဆိုင်ရာ ဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း တစ်သက်တစ်သက်ကျွန်းဒဏ် သို့မဟုတ် ထောင်ဒဏ် တစ်သက်၊ သို့မဟုတ် နှစ်အကန့်အသတ်မရှိထောင်ဒဏ် သို့မဟုတ် နှစ် (၂၀) ထောင်ဒဏ်အဖြစ် လျော့ပေါ့ပြောင်းလဲနိုင်သည်။

🔸ထောင်ဒဏ်ချမှတ်ခံရသည့် ကလေးသူငယ်များ၏ အခွင့်အရေး

🔸ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပုဒ်မ- ၈၈ တွင်

ကလေးသူငယ်တရားရုံးသည် -

(က) ကလေးသူငယ်ကို သာမန်အားဖြင့် ထောင်ဒဏ်ချမှတ်ခြင်းမပြုရ။ ယင်းအား အခြားနည်းဖြင့် ပြုစုစောင့် ရှောက်ခြင်း (သို့) အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းစဥ်များ မရှိမှသာ နောက်ဆုံးနည်းလမ်းအဖြစ် သဘောထားပြီး ထောင်ဒဏ်ချမှတ်ရမည်။

(ခ) တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ပြစ်မှုထင်ရှားစီရင်သည့်အခါ သေဒဏ်၊ ထောင်ဒဏ်တစ်သက်၊ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် (သို့) ထောင်ဒဏ် နှစ် ( ၂၀ ) မချမှတ်ရ။

(ဂ) ကလေးသူငယ် ကျူးလွန်သည့် ပြစ်မှုမှာ အောက်ပါအချက်နှစ်ရပ်နှင့် အကျုံးဝင်သည့်ဟု ကလေးသူငယ် တရားရုံးက ယုံကြည်မှသာ ထောင်ဒဏ်ချမှတ်ရမည်ဟု ကန့်သတ်ထားသည်ကို တွေ့ရှိရမည်။

(၁) သေဒဏ်၊ ထောင်ဒဏ်တစ်သက် ၊ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် (သို့) ထောင်ဒဏ်နှစ် (၂၀ ) ချမှတ်နိုင်သော ပြစ်မှုဖြစ်ခြင်း၊

(၂) အကျင့်စာရိတ္တလွန်ကဲစွာ ပျက်စီးနေသော (သို့) မည်သည့်နည်းလမ်းနှင့်မျှ ထိန်းသိမ်း၍ မရနိုင်သော ဆိုးသွမ်းနေသည့် ကလေးသူငယ်ဖြစ်ခြင်း၊
စသည့် အချက် ( ၂ ) ချက် ပေါ်ပေါက်ကြောင်း တရားရုံးက ယုံကြည်မှသာ ထောင်ဒဏ်ချမှတ်ရမည်။
ရှင်းလင်းချက် - ပထမ တစ်ချက်က ကျူးလွန်သည့် ပြစ်မှုပြဌာန်းချက်နှင့် သက်ဆိုင်ပြီး ဒုတိယအချက်က တော့ ပုဒ်မ ၈၅(င)အရ တောင်းခံရသည့် ကလေးသူငယ်ကြီးကြပ်သူ အစီရင်ခံစာပါ သုံးသပ်တင်ပြချက်နှင့် သက်ဆိုင်မှာ ဖြစ်ပါသည်။

(ဃ) ပုဒ်မခွဲ (ဂ)အရ ထောင်ဒဏ် ချမှတ်ရာတွင် ထိုကလေးသူငယ်မှာ အသက် (၁၆) နှစ် မပြည့်သေးပါက ချမှတ်သော ထောင်ဒဏ်သည် ခုနှစ်နှစ်ထက်ပို၍လည်းကောင်း၊ အသက် (၁၆) နှစ်ပြည့်ပြီး အသက် (၁၈) နှစ် မပြည့်သေးပါက ချမှတ်သော ထောင်ဒဏ်သည် တစ်ဆယ်နှစ်ထက် ပို၍လည်းကောင်း မချမှတ်ရ။

(င) ငွေဒဏ်တပ်ရိုက်ရန် ရှိလျှင် အသက် (၁၄) နှစ်ပြည့်ပြီး ဝင်ငွေရှိသည့် ကလေး သူငယ်ကို ငွေဒဏ်တပ်ရိုက် နိုင်သည်။ ငွေဒဏ်မဆောင်သည့် ထိုကလေးသူငယ်အား ထောင်ဒဏ် မချမှတ်ရ။ ထိုကလေးသူငယ်က ငွေဒဏ် မဆောင်နိုင်လျှင် ကလေးသူငယ်၏ မိဘကို လည်းကောင်း၊ မိဘမရှိလျှင် အုပ်ထိန်းသူကို လည်းကောင်း၊ ငွေဒဏ်တပ်ရိုက်ရမည်။
ကလေးသူငယ်အခွင့်အရေးဥပဒေ ပုဒ်မ - ၈၈(ဂ)ပါ အချက်(၂) ချက်နှင့် မကိုက်ညီသည့် ကလေးသူငယ်တရားခံတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ အရေးယူဆောင်ရွက်ရမယ်ဆိုတာကို ပုဒ်မ ၈၉(က) ကနေ (စ) အထိ နည်းလမ်းတွေ သတ်မှတ်ထားပါတယ်။

ကလေးသူငယ်တွေအပေါ် ပြစ်ဒဏ်ပေးသည့် နည်းလမ်းတွေကို ရွေးချယ်သတ်မှတ်ဆောင်ရွက်သည့်အခါမှာ ကလေးသူငယ်ရဲ့ အကောင်းဆုံးအကျိုးစီးပွား ဖြစ်ထွန်းစေပြီး အကျင့်စာရိတ္တပြုပြင်ပြောင်းလဲစေနိုင်မည့် အမိန့်ကို ချမှတ်ရမည်ဟု ပုဒ်မ ၈၇ တွင် ပြဌာန်းထားသည်ကို သတိမူရပါမည်။

16/05/2025

အမှုသည်များ သိအပ်သည့်တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ

🔹အမှုဖွင့်တိုင်တန်းခြင်း

💢ပြစ်မှုတစ်ခု (သို့်ဟုတ်) ရာဇဝတ်ကြောင်းအရ တိုင်တန်းမယ်လို့တွေးလိုက်တဲ့အခါမှာ လူအများ သိကြတာကတော့ ရဲစခန်းမှာ အမှုဖွင့်အရေးယူမယ်ဆိုတာပဲဖြစ်ပါတယ်။ လက်တွေ့မှာတော့ တိုင်တန်းနည်း (၂)မျိုးရှိပါတယ်။ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခြင်းနှင့် သက်ဆိုင်ရာ စီရင်ခွင့်ရှိတဲ့ တရားရုံးတွင် ဦး‌တိုက်လျှောက်ထား တရား စွဲဆိုခြင်း ဖြစ်ပါတယ်။

💢ပြစ်မှုများတွင် ရဲ၏အခွင့်အာဏာရှ်ိသော ရဲအရေးပိုင်တဲ့အမှုနှင်ရဲအခွင့်အာဏာမရှိသော ရဲအရေးမပိုင်တဲ့အမှုဖြစ်ပါတယ်။ ရဲအရေးပိုင်လျှင် ရဲစခန်းမှာအမှုဖွင့်ရမှာဖြစ်ပြီး ရဲအရေးမပိုင်လျှင်တရားရုံးသို့တန်းပြီးဦး‌တိုက်လျှောက် ထားအမှုဖြစ်ရမှာဖြစ်ပါတယ်။ ထိုသို့ဦး‌တိုက်လျှောက်ထားရာတွင်လဲရဲစခန်းမှ မည်သို့လျှောက်ထားရမည်ကို နည်းလမ်းပြအကူ အညီပေးနိုင်ပါတယ်။

🔹အမှုဖွင့်ရမည့်နေရာများ

💢အမှုကို မိမိနေထိုင်ရာ မြို့နယ်ဒေသမှာဖွင့်ဆိုရမည်ဟု အမှတ်မှားနိုင်ပေသည်။ အမှန်တကယ်မှာ အမှုအခင်းဖြစ်ပွားရာ နေရာဒေသဆိုင်ရာ ရဲစခန်း သို့မဟုတ် မြို့နယ်တရားရုံးတို့တွင် အမှုဖွင့်ရမှာဖြစ်ပါတယ်။

🔹ရဲစခန်းတွင်အမှုဖွင့်ခြင်း

💢ရဲစခန်းတွင် တိုင်ချက်ဖွင့်မည်ဆိုက စာ ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ အဓိအကြောင်းအရာကို ရှင်းရှင်းလင်းလင်းတိုင်ကြားနိုင်ပါတယ်။ တိုင်ချက်မှာ ဖော်ပြသင့်တဲ့စကားရပ်များကိုမဖော်ပြခဲ့သော် တိုင်ချက်မခိုင်လုံဟု မှတ်ယူနိုင်ပါတယ်။

💢တရားရုံးတွင်ထွက်ဆိုရသည့်အခါမှသာ အချက်အလက်အပြည့်အစုံကို မေးခွန်းပေါ် မူတည်ပြီး ဖြေကြားရမည်ဖြစ်ပါတယ်။ ထိုတိုင်ချက်ကို ပထမသတင်းပေးတိုင်တန်းချက် (FIR) ဟု ခေါ်ပါတယ်။ ထိုတိုင်ချက်ကိုရဲမှဖတ်ပြပြီး မှန်ကန်မှုရှိပါက လက်မှတ်ရေးထိုးစေမှာဖြစ်ပါတယ်။

🔹ဦးတိုက်လျှောက်ထား တရားစွဲဆိုခြင်း

💢သက်ဆိုင်ရာတရားရုံးတွင် ရဲအရေးမပိုင်သော အမှုများကို ပြစ်မှုကျင့်ထုံးပုဒ်မများအရကန့်သတ်ထားသောအမှုမှတပါး တရားလို ပြုလုပ်စွဲဆိုနိုင်ပါတယ်။

ဦးတိုက်လျှောက်လွှာနှင့် တရားစွဲရမှာဖြစ်ပါတယ်။ထိုလျှောက်လွှာတွင် တရားရုံးအမည်၊ တရားလိုအမည်၊ နေရပ်လိပ်စာအပြည့်အစုံတို့ပါရှိရန်လိုအပ်ပါတယ်။ ထိုလျှောက်လွှာတွင် တိုင်ကြားလိုသည့်အချက်များကို ရှင်းလင်းစွာ‌ ဖော်ပြရန်လိုအပ်ပါတယ်။

လျှောက်လွှာတွင် တရားခံအား ဥပဒေအရ အရေးယူပေးပါရန်ဟူသောအချက် ပါဝင်ရမှာဖြစ်ပါတယ်။

လျှောက်လွှာတွင် တရားရုံး အမျိုးအစား‌ပေါ် မူတည်ပြီး ရုံးခွန်တံဆိပ်ခေါင်းတန်ဖိုး ကပ်ပေးရမှာ ဖြစ်ပါတယ်။လျှောက်လွှာပေါ်တွင် လျှောက်ထားသူနေရာ၌ တရားလို၏ လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။

16/05/2025

ရာဇဝတ် တရားစီရင်ရေးဆိုင်ရာ မျှတသော တရားစီရင်ရေးစံနှုန်းများ
*******************************************
(က) ဥပဒေ၏ ရှေ့မှောက်တွင် တန်းတူညီမျှမှုရှိခြင်း နှင့် ဥပဒေအရ ညီမျှစွာဆက်ဆံခြင်း။

(ခ) နောက်ကြောင်းပြန် အာဏာသက်ရောက်မှု မရှိစေခြင်း။

(ဂ) အပြစ်မရှိဟု မှတ်ယူခြင်း နှင့် သံသယ အကျိုးခံစားခွင့်။

(ဃ) ညှဉ်းပန်းနှိပ်စက်မှု နှင့် ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် ဆက်ဆံမှုများမှ ကာကွယ်ခြင်း။

(င) မတရားဖမ်းဆီးချုပ်နှောင်မှုမှ ကာကွယ်ခြင်း။

(စ) ဝန်ခံထွက်ဆိုခြင်း မပြုဘဲ နှုတ်ဆိတ်နေခွင့်။

(ဆ) ဥပဒေအကြံဥာဏ်ရယူခွင့်။

(ဇ) စကားပြန် နှင့် ဘာသာပြန် အကူအညီရယူခွင့်။

တရားစီရင်ရာတွင် ကျင့်သုံးရမည့် မျှတသော တရားစီရင်ရေး စံနှုန်းများ
*********************************************
(က) တရားသူကြီးများ၏ လွတ်လပ်မှု နှင့် ဘက်မလိုက်မှု။

(ခ) အများပြည်သူရှေ့မှောက်တွင် ကြားနာခြင်း။

(ဂ) အမှု စစ်ဆေးစီရင်ရာတွင် စွပ်စွဲခံရသူ ရှိနေခွင့်။

(ဃ) လုံလောက်သော အကြောင်းမရှိဘဲ တရားစီရင်မှုကို နှောင့်နှေး ကြန့်ကြာခြင်း မရှိစေရ။

ဖော်ပြပါ စံနှုန်းများအား မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများဖြစ်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး (ယခု တရားရေးဝန်ကြီးဌာန)မှ ဥပဒေအရာရှိများ လေ့ကျင့်သုံးစွဲရန် အဓိက ရည်ရွယ် ပြဌာန်းထားသည်ကို တွေ့ရသည်။

"ဥပဒေအရာရှိများသည် ဖော်ပြထားသော မျှတသောတရားစီရင်ရေးဆိုင်ရာ စံနှုန်းများကို လေ့လာကျင့်သုံးခြင်းဖြင့် မိမိတို့၏ တရားစွဲခြင်းနှင့် အမှုလိုက်ဆိုင်ရာ လုပ်ငန်းများကို ထိရောက် ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းစဉ်ကို များစွာ အထောက်အကူပြုနိုင်ပြီး ဥပဒေနှင့်အညီ အများပြည်သူ ရပိုင်ခွင့်ရှိသော အခွင့်အရေးများကိုလည်း ကာကွယ်စောင့်ရှောက်ပေးနိုင်မည် ဖြစ်ပါ သည်။

သို့မှသာ တရားစီရင်ရေးစနစ် အပေါ် အများပြည်သူ ယုံကြည်ကိုးစားမှုရှိလာပြီး ဒီမိုကရေစီစနစ် ရှင်သန်ထွန်း ကားရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာ အကျိုးသက်ရောက်မည် ဖြစ်ပါသည်။"

#မျှတသောတရားစီရင်ရေးစံနှုန်းများ

15/05/2025

တရားရုံးမထီမဲ့မြင်ပြုမှုဥပဒေ

တရားရုံး၏ မှန်ကန်တိကျပြီးလွတ်လပ် ၍အမှီအခိုကင်းသော တရားစီရင်ရေး၊ တရားရုံး၏ ဂုဏ်သိက္ခာနှင့် အများပြည်သူ၏ ယုံကြည်အားထားမှုကို မထိခိုက်စေရန်အတွက်ရည်ရွယ်ပြီး ၂၀၁၃ ခုနှစ်၊ဇူလိုင် ၂၉ ရက်နေ့တွင် တရားရုံးများမထီမဲ့မြင်ပြုမှုဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၇ နှင့်ပြဌာန်းပြီး ၁၉၆၂ ခုနှစ် (The Contempt of Court Act) ကို၎င်းဥပဒေဖြင့်ရုတ်သိမ်းခဲ့သည်။ အခန်း(၆)ခန်းပါရှိပြီး ပုဒ်မ (၁၆) ခု ပါဝင်သည်။ ပြည်သူတစ်ဦးဦးကဖြစ်စေ၊ တရားစွဲအဖွဲ့အစည်းမှတာဝန်ရှိသူတစ်ဦးဦးကဖြစ်စေ၊ ရှေ့နေရှေ့ရပ်များကဖြစ်စေ တရားရုံးတော် နှင့် တရားစီရင်ရေး ကိုထိပါးနှောက်ယှက်ခြင်း၊ မလေးမစားပြောဆိုခြင်း များပြုလုပ်ပါကဤဥပဒေအရအရေးယူခြင်းခံရပေလိမ့်မည်။

တရားရုံးများမထီမဲ့မြင်ပြုမှုကို (၂) မျိုးပိုင်းခြားနိုင်သည်။ တရားမဆိုင်ရာမထီမဲ့မြင်ပြုမှု နှင့် ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှု ဟုခွဲခြားသိရှိနိုင်သည်။

➡️တရားမဆိုင်ရာမထိမဲ့မြင်ပြုမှုဆိုသည်မှာ တရားရုံးတစ်ရုံးက ချမှတ်သော စီရင်ချက်၊ ဒီကရီ၊ အမိန့်၊ ညွှန်ကြားချက် သို့မဟုတ် ထုတ်ဆင့်သောဆင့်စာကို တမင် သက်သက်မလိုက်နာခြင်းကို ဆိုသည်။

➡️ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှုဆိုသည်မှာ တရားရုံးများမထီမဲ့မြင်ပြုမှုဥပဒေပုဒ်မ-၂ (ဃ) ပါ မထီမဲ့မြင်ပြုမှုမြောက် သောအင်္ဂါရပ်များကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်သင်္ကေတဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့် ဖြစ်စေ၊ အခြားတစ် နည်းနည်းဖြင့်ဖြစ်စေ တမင်ထုတ်ဖော်ကြေညာခြင်း၊ သတင်းအဖြစ် ရေးသားဖော်ပြခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းကို ဆိုသည်။

➡️ဤဥပဒေပါ ပြဌာန်းချက်များကို ချိုးဖောက်လျှင် တရားလွှတ်တော်မှ စီရင်ခွင့် ရှိသည်။ တရားလွှတ်တော်သည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ စစ်ဘက်ဆိုင်ရာ တရားရုံး သို့မဟုတ် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးကို မထီမဲ့မြင်ပြုမှုအတွက် သက်ဆိုင်ရာ တရားရုံးမှ တာဝန်ရှိသူ တစ်ဦး၏ လျှောက်ထားချက်အရ အရေးယူပိုင်ခွင့်ရှိသည်။

➡️တရားမဆိုင်ရာမထီမဲ့မြင်ပြုမှုကို တရားမအထွေထွေမှု ဖွင့်လှစ်ဆောင်ရွက်ရမည်။(ပုဒ်မ-၆) ပြစ်မှုဆိုင်ရာမထီမဲ့မြင်ပြုမှုကို ပြစ်မှုဆိုင်ရာအထွေထွေမှု ဖွင့်လှစ် ဆောင်ရွက်ရမည်။(ပုဒ်မ-၆)

💢ပြစ်မှုပြစ်ဒဏ်များနှင့်အယူခံခွင့်

တရားရုံးများမထီမဲ့မြင်ပြုမှုဥပဒေပုဒ်မ-၁၀

မည်သူမဆို တရားရုံးကို ပြစ်မှုဆိုင်ရာမထီမဲ့မြင်ပြုမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ခြောက်လထက်မပိုသော အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

တရားရုံးများမထီမဲ့မြင်ပြုမှုဥပဒေပုဒ်မ-၁၁

မည်သူမဆို တရားရုံးကို တရားမဆိုင်ရာမထီမဲ့မြင်ပြုမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။ ထိုသို့ ငွေဒဏ်ချမှတ်ရုံမျှဖြင့် လုံလောက်မှုမရှိဟု ထင်မြင်ပါက သုံးလထက်မပိုသော တရားမထောင်ဒဏ်ကို ချမှတ်နိုင်သည်။

💢အယူခံခွင့်ရှိမရှိ

➡️တရားလွှတ်တော်သည် ပြစ်မှုကျူးလွန်သူမှ တရားရုံးသို့ ကျေနပ်လောက်အောင်ဝန်ချတောင်းပန်လျှင် ထိုသူကိုသတိပေးပြီး အပြစ်မှလွှတ်နိုင်သည် သို့မဟုတ် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုနိုင်သည်။(ပုဒ်မ-၁၂)

➡️တရားရုံးကို မထီမဲ့မြင်ပြုမှုနှင့် စပ်လျဉ်း၍ တရားလွှတ်တော်က ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ပြည်ထောင်စုတရားလွှတ်တော်ချူပ်သို့ အယူခံဝင်ခွင့်ရှိသည်။ (ပုဒ်မ-၁၃)

💢ကာလစည်းကမ်းသတ်

➡️မထီမဲ့မြင်ပြုမှုကို ကျူးလွန်ခဲ့သည့်နေ့မှစ၍ တစ်နှစ်အတွင်း အမှုကို စွဲဆိုရမည်။
➡️သတ်မှတ်ထားသော ကာလကျော်လွန်ပါက မည်သည့်တရားလွှတ်တော်ကမျှ အဆိုပါအမှုကိုအရေးယူဆောင်ရွက်ခွင့်မရှိပါ (ပုဒ်မ-၁၄)

18/01/2025

သက်သေခံပစ္စည်းသိမ်းဆည်းပြီးမှ ပထမသတင်းပေးတိုင်ချက်(FIR) ဖွင့်လှစ် အမှုစွဲဆိုခြင်းအကြောင်း
---------------------------------------------------------

ရဲမှ မသင်္ကာသူတစ်ဦးအား တရားခံအဖြစ်စွပ်စွဲ၍ သက်သေခံပစ္စည်းများကို သိမ်းဆည်းသည်။ ထိုသို့သက်သေခံ ပစ္စည်းသိမ်းဆည်းပြီးမှ ပထမသတင်းပေးတိုင်ချက်ဖွင့်လှစ်ခဲ့သည်။ ဤဖြစ်စဉ်မှာ ဥပဒေနှင့်ညီမညီစဉ်းစားစရာရှိပါသည်။ 🤔

📝ပထမသတင်းပေးတိုင်ချက်ဆိုသည်မှာ -------
ရဲလက်စွဲအပိုဒ် -၁၄၁၄ ၊ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၅၄ ပြဌာန်းချက်တွင်-----------------
ရဲအရေးယူပိုင်သောပြစ်မှုတစ်ခုခုကိုကျူးလွန်ကြောင်း အလုံးစုံသိရှိသူကဖြစ်စေ၊တစိတ်တပိုင်းသိရှိသူကဖြစ်စေ၊နီးစပ်ရာရဲတပ်ဖွဲ့ထံသို့စာဖြင့်ဖြစ်စေ၊တယ်လီဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ တိုင်တန်းလာပါက ပထမသတင်းပေးတိုင်ချက် (FIR)ကိုချက်ချင်းရေးဖွင့်ရမည်ဟုအတိအလင်းပြဌာန်းထားပါသည်။

တိုင်ချက်ကို ရဲအရာရှိကစုံစမ်းပြီးသည့်အချိန်မှရေးလျှင် စုံစမ်းစစ်ဆေးစဉ်ထွက်ဆိုသော ထွက်ချက်သက်သက်ဖြစ်၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၅၄ အရ တိုင်ချက်မဟုတ် သောကြောင့် သက်သေခံမဝင်ပေ။ ရဲအရေးပိုင်သည့် ပြစ်မှုနှင့်ပတ်သက်၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၅၄ ပထမသတင်းပေးတိုင်ချက်ရေးပြီး ပုဒ်မ -၁၅၆ အရစုံစမ်း ထောက်လှမ်းခွင့်ရှိသည်။ ထို့ကြောင့် သတင်းပေးပို့ချက်ကြောင့် သော်လည်းကောင်း တရားခံများကိုဖမ်းဆီးခြင်း၊ စစ်ဆေးစုံစမ်းပြီးမှသက်သေခံပစ္စည်းသိမ်းခြင်း၊ အမှုသစ်ဖွင့်လှစ်ခြင်းသည် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၅၄ နှင့်မညီညွှတ်ခြင်းမရှိပေ။

လေ့လာရန်စီရင်ထုံး

👉 ဉာဏ်ဝေဖြိုးနှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော် ၂၀၀၉၊ မတစ၊စာ-၂၄
👉 အလီမြားနှင့်နိုင်ငံတော် ၁၉၅၄၊မတစ၊စာ-၆၅

Website

Address

Yangon

Opening Hours

Monday 10:00 - 16:00
Tuesday 10:00 - 16:00
Wednesday 10:00 - 16:00
Thursday 10:00 - 16:00
Friday 10:00 - 16:00