Hitadara Channel

Hitadara Channel

Share

ဟိတဓရဆရာတော်ဘဒ္ဒန္တဝိမလာဘိဝံသ ၏ သာသနာပြုမှတ်တမ်းများ

31/07/2026

မင်းကွန်းဆရာတော်၏ ဝါဆိုဦးသြဝါဒ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

သမဂ္ဂါ ဟောထ ဘဒ္ဒန္တာ ၊
မာ တုမှေ ဝဂ္ဂဝါဒကာ။
မေတ္တံ ကရောထ အညောညံ၊
ကရုဏံ မုဒိတံ သဒါ။

(၁) ညီညွတ်တော်မူကြပါ။

(၂) နှစ်ပါးတစ်တွဲ သုံးပါးတစ်တွဲ တိုးတိုး တိုးတိုးနဲ့ စိတ်ဝမ်းမကွဲကြပါနဲ့။

(၃) တစ်ပါးနဲ့တစ်ပါး မေတ္တာတရား ကရုဏာတရား မုဒိတာတရား ထားကြပါ။

ဒါ အရှင်ဘုရားတို့အား တပည့်တော်ပေးတဲ့ သြဝါဒဓမ္မလက်ဆောင် ဖြစ်ပါတယ်။
🙏🙏🙏🙏🙏

31/07/2026

"မျက်ရည်တစ်စက်၏ ဒဏ္ဍာရီ ”
#မျက်ရည်တစ်စက်၏ #ဒဏ္ဍာရီ

လူ့ဘဝတွင် မငိုဖူးသူဟူ၍ မရှိသလောက်ပင်။ မွေးဖွားလာသည့်အချိန်၌ ငိုသံဖြင့် စတင်ခဲ့ရသလို၊ အသက်ရှင်နေသမျှ ကာလပတ်လုံးလည်း ဆုံးရှုံးမှု၊ ကွဲကွာမှု၊ မျှော်လင့်ချက်ပျက်စီးမှုတို့ကြောင့် မျက်ရည်ကျရသော အချိန်များကို ကြုံတွေ့ရတတ်သည်။ သို့ရာတွင် မြတ်စွာဘုရားရှင်သည် ထိုမျက်ရည်ကို မျက်ရည်အဖြစ်သာ မကြည့်ဘဲ၊ သံသရာဒုက္ခ၏ အမှတ်အသား အဖြစ် ရှုမြင်စေတော်မူခဲ့သည်။

“ပရိဒေဝ” ဟူသော ပါဠိဝေါဟာရသည် “ပရိဒေဝနံ ပရိဒေဝေါ” — ငိုကြွေးမြည်တမ်းခြင်းဟု အဓိပ္ပာယ်ရသည်။ 📚(အဘိ၊ဋ္ဌ၊၂။၁၂၈။ ပဋိသံ၊ဋ္ဌ၊၁။၃၁၇။ ဝိသုဒ္ဓိ၊၂။၁၅၉။)

အဋ္ဌကထာများတွင် “ကန္ဒနံ ပရိဒေဝေါ” ဟူ၍ ငိုကြွေးခြင်းသည် ပရိဒေဝဖြစ်ကြောင်း ရှင်းလင်းထားသည်။📚 (ဝိမတိ၊၂။၈၄။)

ထို့ပြင် အဋ္ဌကထာက—
“ပရိဒေဝေါ နာမ ဉာတိဗျသနာဒီဟိ ဖုဋ္ဌဿ ဝစီပလာပေါ။”
ဟု ဖွင့်ဆိုထားသည်။ အဓိပ္ပာယ်မှာ ဆွေမျိုးပျက်စီးခြင်း၊ စည်းစိမ်ဆုံးရှုံးခြင်း၊ ဘေးအန္တရာယ်များနှင့် ထိတွေ့သောအခါ နှုတ်ဖြင့် ငိုကြွေးမြည်တမ်းခြင်း ကို ပရိဒေဝဟု ခေါ်သည်။ (ပဋိသံ၊ဋ္ဌ၊၁။၁၃၆၊၂၄၃။ ဝိသုဒ္ဓိ၊၂။၁၃၄။)

မြတ်စွာဘုရားရှင်သည်—
“သော သောစတိ ကိလမတိ ပရိဒေဝတိ ဥရတ္တာဠိ ကန္ဒတိ သမ္မောဟံ အာပဇ္ဇတိ။”
📚(မ၊၁။၁၂၀၊၁၈၉–၁၉၀)
ဟု ဟောတော်မူသည်။

အဓိပ္ပာယ်မှာ စိုးရိမ်ပူဆွေး၏၊ စိတ်ပင်ပန်း၏၊ ငိုကြွေးမြည်တမ်း၏၊ ရင်ဘတ်ကိုထု၍ အော်ဟစ်ငိုကြွေး၏၊ နောက်ဆုံးတွင် မောဟဖြင့် ဖုံးလွှမ်းသွား၏ ဟူ၍ ဖြစ်သည်။

🟠 ဤစကားတစ်ပိုဒ်တွင် လူသားတို့၏ စိတ်အခြေအနေတစ်ခုလုံးကို အပြည့်အစုံ တွေ့မြင်နိုင်သည်။ သောကသည် စိတ်ထဲတွင် စတင်ဖြစ်ပေါ်သည်။ ထိုသောက မထိန်းနိုင်တော့သည့်အခါ ပရိဒေဝအဖြစ် နှုတ်မှ ပေါက်ကွဲထွက်လာသည်။ ထို့နောက် စိတ်ပင်ပန်းခြင်း၊ မောဟဝင်ခြင်းတို့ ဆက်လက်ဖြစ်ပေါ်လာသည်။

🔴 အမှန်မှာ လူတို့သည် မျက်ရည်ကျရခြင်းကြောင့်သာ ဆင်းရဲကြသည် မဟုတ်။ စွဲလမ်းခြင်းကြောင့် မျက်ရည်ကျရခြင်း ဖြစ်သည်။ ချစ်သောသူရှိလျှင် ကွဲရမည်။ စုဆောင်းထားသော အရာရှိလျှင် ပျက်စီးရမည်။ မြင့်သောဂုဏ်ရှိလျှင် နိမ့်ကျရမည်။ ဤသည်မှာ အနိစ္စသဘော၏ မပြောင်းလဲသော တရားဖြစ်သည်။

မြတ်စွာဘုရားရှင်သည် ဒုက္ခသစ္စာကို ဟောတော်မူရာတွင် “သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ” တို့ကို ဒုက္ခ၏ ထင်ရှားသော အခြေအနေများအဖြစ် ပြသတော်မူသည်။ (ဒီ၊၂။၂၄၄။)

🩵 ပရိဒေဝသည် အဖြေမဟုတ်၊ သတိကသာ အဖြေ ဖြစ်သည်။ မျက်ရည်သည် ဆုံးရှုံးမှုကို ပြန်မရစေသလို၊ ငိုကြွေးခြင်းသည် အနိစ္စတရားကို မဖျက်နိုင်ပေ။ သို့သော် ထိုမျက်ရည်ကို ဉာဏ်ဖြင့် ကြည့်တတ်လျှင် တရားမြင်နိုင်သည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဝမ်းနည်းမှုကို မငြင်းပယ်ကြပေ။ သို့သော် ဝမ်းနည်းမှုအပေါ် သတိနှင့် ဉာဏ်ကို တည်စေခြင်း ကိုသာ သင်ယူကြသည်။ မျက်ရည်ကျသည့်အချိန်တွင်ပင်—

🩷 “ဤအရာသည်လည်း မမြဲပါ။ ဖြစ်သမျှသည် ပျက်ရမည်။ စွဲလမ်းလျှင် ပရိဒေဝဖြစ်မည်၊ နားလည်လျှင် ငြိမ်းချမ်းမည်” ဟူသော ဓမ္မအမြင်ကို နှလုံးသွင်းနိုင်လျှင် မျက်ရည်သည်ပင် ပညာ၏ မျိုးစေ့ ဖြစ်လာနိုင်သည်။

🧡 ယနေ့ခေတ်တွင် လူများသည် စိတ်ဖိစီးမှု၊ ဆုံးရှုံးမှု၊ ကွဲကွာမှုများကြား၌ မျက်ရည်ကျနေကြသည်။ သို့သော် မြတ်စွာဘုရားရှင်၏ တရားတော်သည် မျက်ရည်ကျခြင်းကိုသာ မကြည့်ဘဲ မျက်ရည်ကျစေသော အကြောင်းရင်းကို ဖြတ်တောက်ရန် လမ်းညွှန်ထားသည်။

❤️ ထို့ကြောင့် ပရိဒေဝကို အဆုံးသတ်စေမည့် လမ်းမှာ ငိုကြွေးခြင်း မဟုတ်၊ တဏှာကို လျော့ချ၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားများကို ဆင်ခြင်ရှုမှတ်ကာ မဂ္ဂင်ရှစ်ပါးကို ကျင့်သုံးခြင်း ပင် ဖြစ်သည်။

မျက်ရည်သည် မျက်စိကိုသာ စိုစေ၏။ ဓမ္မသည်ကား နှလုံးသားကို ခြောက်သွေ့စေ၏။ ပရိဒေဝသည် လူကို ပင်ပန်းစေ၏။ ပညာသည်ကား ပရိဒေဝကို ငြိမ်းအေးစေ၏။

💚 ထို့ကြောင့် မျက်ရည်ကျရသည့် အခိုက်အတန့်တိုင်းကို သတိတရားပွားများရမည့် အခွင့်အရေးအဖြစ် ပြောင်းလဲနိုင်သူသာ သံသရာမျက်ရည်ကို အဆုံးသတ်နိုင်မည် ဖြစ်ပါသည်။

🟢 ပရိဒေဝ၏ နောက်ကွယ်မှ အမှန်တရား

💜 လူသားတို့သည် မျက်ရည်ကျသည့်အခါ မျက်ရည်ကိုသာ မြင်တတ်ကြသည်။ သို့သော် ဓမ္မအမြင်ဖြင့် ကြည့်လျှင် မျက်ရည်၏ နောက်ကွယ်တွင် စွဲလမ်းမှု (ဥပါဒါန်)၊ တပ်မက်မှု (တဏှာ) နှင့် မသိမှု (အဝိဇ္ဇာ) တို့က အမြစ်သဖွယ် ရှိနေသည်။

💛 အရာဝတ္ထုတစ်ခု ပျက်စီးသွားလျှင်၊ ချစ်ရသူတစ်ဦး ကွယ်လွန်သွားလျှင်၊ ဂုဏ်သိက္ခာ လျော့နည်းသွားလျှင်၊ စည်းစိမ်ဥစ္စာ ဆုံးရှုံးသွားလျှင် "အဘယ်ကြောင့် ငါ့ထံ၌သာ ဤသို့ဖြစ်ရသနည်း" ဟု တွေးတတ်သည်။ အမှန်မှာ "ငါ့အတွက်" ဟူသော အတ္တစွဲက ပရိဒေဝကို ပိုမိုကြီးထွားစေခြင်း ဖြစ်သည်။

ထို့ကြောင့် မြတ်စွာဘုရားရှင်သည် ဒုက္ခ၏ အကြောင်းရင်းကို ဖော်ပြရာ၌ တဏှာ ကိုသာ အရင်းခံအဖြစ် ဟောတော်မူခဲ့သည်။ တဏှာရှိလျှင် စွဲလမ်းမှုရှိမည်။ စွဲလမ်းမှုရှိလျှင် ဆုံးရှုံးမှုကို မခံနိုင်တော့။ မခံနိုင်သည့်အခါ သောကဖြစ်၏။ သောက ပြင်းထန်လာသောအခါ ပရိဒေဝဖြစ်၏။ ထို့နောက် ဒေါမနဿနှင့် ဥပါယာသတို့ ဆက်လက်ဖြစ်ပေါ်လာကြသည်။

🙏 မြတ်စွာဘုရားရှင် ဟောတော်မူသော—

"သော သောစတိ ကိလမတိ ပရိဒေဝတိ ဥရတ္တာဠိ ကန္ဒတိ သမ္မောဟံ အာပဇ္ဇတိ။"
(မဇ္ဈိမနိကာယ်၊ မ၊ ၁။၁၂၀၊ ၁၈၉–၁၉၀)
ဟူသော တရားစကားသည် စိတ်၏ ကျဆင်းသွားပုံကို အဆင့်လိုက် ဖော်ပြထားခြင်း ဖြစ်သည်။

🤍 မျက်ရည်ထက် ကြီးမားသော ဆုံးရှုံးမှု

💙 လောကတွင် ငိုကြွေးခြင်းထက် ပိုမိုဝမ်းနည်းဖွယ်ကောင်းသည့် အရာတစ်ခု ရှိသည်။ ထိုအရာမှာ ဓမ္မကို မသိဘဲ ဘဝတစ်လျှောက်လုံး ကုန်ဆုံးသွားခြင်း ဖြစ်သည်။

🤎 ချစ်ရသူ ကွယ်လွန်သွားလျှင် မျက်ရည်ကျကြသည်။ ဥစ္စာပစ္စည်း ဆုံးရှုံးသွားလျှင် စိတ်ပူကြသည်။ သို့သော် ကုသိုလ်အချိန် ဆုံးရှုံးသွားသောအခါ၊ သီလပျက်စီးသွားသောအခါ၊ သတိမရှိသော ဘဝဖြင့် နေထိုင်နေသောအခါ မျက်ရည်မကျကြပေ။ ဤသည်မှာ အဝိဇ္ဇာ၏ ဖုံးကွယ်မှု ဖြစ်သည်။

💔 ပညာရှိ၏ မျက်ရည်
အရဟတ္တမဂ် မရောက်သေးသည့် ပုထုဇဉ်တို့သည် ဝမ်းနည်းမှု ဖြစ်နိုင်သေးသည်။ သို့သော် ပညာရှိသည် ဝမ်းနည်းမှုထဲ၌ပင် ဓမ္မကို မြင်တတ်သည်။

သူသည်—
"ဤအရာသည် အနိစ္စဖြစ်၏။"
"ဖြစ်သမျှ ပျက်ရမည်။"
"ငါပိုင်ဟု ထင်သမျှသည် ငါပိုင်မဟုတ်။"
ဟု ဆင်ခြင်တတ်သောကြောင့် ပရိဒေဝသည် ပညာ၏ လမ်းပြအဖြစ် ပြောင်းလဲသွားသည်။

🤍ယနေ့ ငါ ငိုကြွေးနေသော အရာသည် မနက်ဖြန်၌ မရှိတော့နိုင်။

🤍ယနေ့ ငါ ခွဲမခွာနိုင်ဟု ထင်သောသူသည် တစ်နေ့တွင် ခွဲခွာရမည်။

🤍ယနေ့ ငါ အမြဲတမ်း ပိုင်ဆိုင်မည်ဟု ယူဆသော အရာအားလုံးသည် အနိစ္စတရား၏ အုပ်ချုပ်မှုအောက်တွင်သာ ရှိသည်။

⚪ ထို့ကြောင့် ငိုကြွေးခြင်းကို မတားဆီးနိုင်သော်လည်း ငိုကြွေးစေသော အကြောင်းကို ပယ်ရှားနိုင်သည်။ ထိုလမ်းမှာ သီလ၊ သမာဓိ၊ ပညာကို ဖွံ့ဖြိုးစေပြီး အရိယာအဋ္ဌင်္ဂိကမဂ္ဂကို လက်တွေ့ကျင့်သုံးခြင်းသာ ဖြစ်သည်။

ပရိဒေဝသည် သံသရာ၏ အသံဖြစ်၏။ ဓမ္မသည် နိဗ္ဗာန်၏ အသံဖြစ်၏။ မျက်ရည်ကို သုတ်ပေးနိုင်သူမှာ လူမဟုတ်၊ ဉာဏ်ဖြစ်သည်။ ထိုဉာဏ်ကို မွေးမြူပေးနိုင်သူမှာ မြတ်စွာဘုရားရှင်၏ ဓမ္မတရားသာ ဖြစ်ပေသည်။

🙏 ပရိဒေဝကို ကျော်လွန်၍ ဉာဏ်၏အလင်းသို့

မြတ်စွာဘုရားရှင်သည် လူသားတို့၏ ဝမ်းနည်းခြင်းကို မရှုတ်ချခဲ့ပေ။ သို့သော် ဝမ်းနည်းခြင်းအပေါ် မှန်ကန်သော အမြင် ရှိစေရန် လမ်းညွှန်တော်မူခဲ့သည်။

အဋ္ဌကထာ၌—
"ပရိဒေဝေါ နာမ ဉာတိဗျသနာဒီဟိ ဖုဋ္ဌဿ ဝစီပလာပေါ။"
(ပဋိသံ၊ဋ္ဌ၊ ၁။၁၃၆၊ ၂၄၃။ ဝိသုဒ္ဓိ၊ ၂။၁၃၄။)
ဟု ဖွင့်ဆိုထားသည်။

အဓိပ္ပာယ်မှာ ဆွေမျိုးပျက်စီးခြင်း၊ ဥစ္စာပျက်စီးခြင်း၊ အသက်ဘေး၊ ရောဂါဘေး၊ အမျိုးမျိုးသော အနိဋ္ဌာရုံများနှင့် ကြုံတွေ့ရသောအခါ နှုတ်ဖြင့် အော်ဟစ်ငိုကြွေးခြင်း ကို ပရိဒေဝဟု ခေါ်ခြင်းဖြစ်သည်။

ဤဖွင့်ဆိုချက်က အရေးကြီးသောအချက်တစ်ခုကို ပြသနေသည်။ ပရိဒေဝသည် အဖြစ်အပျက်ကြောင့် မဟုတ်၊ အဖြစ်အပျက်အပေါ် စိတ်၏တုံ့ပြန်မှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

တူညီသော ဆုံးရှုံးမှုတစ်ခုကို လူနှစ်ဦး ကြုံတွေ့ရသော်လည်း တစ်ဦးက သတိဖြင့် လက်ခံနိုင်သည်။ တစ်ဦးက ပရိဒေဝဖြင့် ပြိုလဲသွားသည်။ ကွာခြားချက်မှာ အဖြစ်အပျက်တွင် မဟုတ်ဘဲ ဉာဏ်နှင့် မောဟ တို့တွင် ဖြစ်သည်။

ပရိဒေဝသည် သောက၏ အသံဖြစ်သည်

သောကသည် စိတ်အတွင်း၌ လောင်ကျွမ်းနေသော မီးဖြစ်သည်။ ပရိဒေဝသည် ထိုမီး၏ မီးခိုးဖြစ်သည်။

🔴 သောကသည် နှလုံးသား၌ တိတ်တဆိတ် ပူလောင်နေသည်။ မထိန်းနိုင်တော့သည့်အခါ မျက်ရည်၊ ငိုကြွေးသံ၊ မြည်တမ်းသံတို့အဖြစ် ပေါ်ထွက်လာသည်။ ထို့ကြောင့် ပရိဒေဝသည် အတွင်းဒဏ်ရာ၏ အပြင်ပန်းအသံ ပင် ဖြစ်သည်။

သို့ရာတွင် မြတ်စွာဘုရားရှင်၏ တရားတော်က ထိုအသံကို နားထောင်ရုံဖြင့် မရပ်တန့်ဘဲ ထိုအသံဖြစ်စေသော အကြောင်းအရင်းကို ရှာဖွေရန် သင်ကြားတော်မူသည်။

သံသရာတွင် မျက်ရည်သည် သမုဒ္ဒရာထက် များသည်

🤍 ဗုဒ္ဓတရားတော်များတွင် သံသရာတစ်လျှောက် ကျခဲ့သော မျက်ရည်များသည် သမုဒ္ဒရာလေးစင်းရှိ ရေထက်ပင် များပြားသည် ဟု သံဝေဂဖြစ်စေသော ဥပမာဖြင့် ဟောကြားထားသည်။

ထိုအဓိပ္ပာယ်မှာ—
အမေသေ၍ ငိုခဲ့ရသည်။
အဖေသေ၍ ငိုခဲ့ရသည်။
သားသမီး၊ ဆွေမျိုး၊ မိတ်ဆွေ၊ ချစ်ရသူတို့နှင့် ခွဲခွာခဲ့ရသဖြင့် ငိုခဲ့ရသည်။

ဤကဲ့သို့ သံသရာတစ်လျှောက် အကြိမ်ကြိမ် ငိုခဲ့ရသော မျက်ရည်များကို ရေတွက်၍ မရနိုင်အောင် များပြားလှသည်။

ထိုသို့သော သံဝေဂကို မြင်သောအခါ—

🩷 "နောက်ထပ် မျက်ရည်ကျစေမည့် အကြောင်းကို ငါ လျော့ပါးအောင် ကြိုးစားရမည်" ဟူသော စိတ်ပေါ်ပေါက်လာလျှင် ထိုစိတ်သည် ဓမ္မဘက်သို့ လှည့်လာသော စိတ်ပင် ဖြစ်သည်။

ဓမ္မသည် ပရိဒေဝကို ပြောင်းလဲပေးနိုင်သည်

လောကအမြင်က "မငိုနဲ့" ဟု ပြောတတ်သည်။

ဗုဒ္ဓတရားက "ဘာကြောင့် ငိုရသလဲ" ဟု မေးတော်မူသည်။

လောကက မျက်ရည်ကို သုတ်ပေးသည်။

ဓမ္မက မျက်ရည်၏ အကြောင်းရင်းကို ဖြတ်တောက်ပေးသည်။

ထို့ကြောင့် မြတ်စွာဘုရား၏ အဆုံးအမသည် ဝမ်းနည်းခြင်းကို ဖုံးကွယ်ရန် မဟုတ်ဘဲ ဝမ်းနည်းခြင်းကို ဉာဏ်ဖြင့် ကျော်လွှားနိုင်ရန် ဖြစ်သည်။

💛 လူတိုင်း ပရိဒေဝကို ကြုံရနိုင်သည်။ သို့သော် ပရိဒေဝထဲတွင် နစ်မြုပ်နေမည်လော၊ သို့မဟုတ် ပရိဒေဝကို ဓမ္မသင်ခန်းစာအဖြစ် ပြောင်းလဲမည်လော ဆိုသည်မှာ မိမိ၏ သတိနှင့် ပညာအပေါ် မူတည်သည်။

ပရိဒေဝသည် မျက်ရည်၏ အသံဖြစ်သော်လည်း၊ ဓမ္မသည် လွတ်မြောက်ခြင်း၏ အသံဖြစ်သည်။

🩵 မျက်ရည်ကို ခဏရပ်တန့်စေသော နှစ်သိမ့်စကားထက်၊ နောင်တစ်ဖန် မျက်ရည်မကျရအောင် လမ်းညွှန်ပေးသော ဗုဒ္ဓတရားတော်သည်သာ အမြတ်ဆုံး အမွေဖြစ်သည်။

🤍 ထို့ကြောင့် ပရိဒေဝကို ကြုံရသည့်အခါတိုင်း—

🤍 "ဤသည် အနိစ္စတရားကို မြင်နိုင်သော အခွင့်အရေးတစ်ခု ဖြစ်သည်" ဟု ဆင်ခြင်နိုင်လျှင် မျက်ရည်သည်ပင် မဂ်ဖိုလ်သို့ ဦးတည်စေသော သံဝေဂအဖြစ် ပြောင်းလဲသွားနိုင်ပါသည်

31/07/2026

နာမည်တစ်ခုပျက်စီးဖို့ဆိုတာ
သိပ်လွယ်ပါတယ်
နာမည်တစ်ခု တည်ဆောက်ဖို့ကိုတော့
အချိန်အများကြီး ယူတည်ဆောက်ရတယ်...

ဂုဏ်သိက္ခာ ပျက်ယွင်း နိမ့်ကျဖို့ဆိုတာ
သိပ်လွယ်ပါတယ်
ဂုဏ်သိက္ခာ မြင့်မား ခိုင်မာဖို့ကိုတော့
အချိန်အများကြီး ယူတည်ဆောက်ရတယ်...

ရိုးသားတဲ့ စိတ်ကို အရောင်ဆိုးဖို့ဆိုတာ
သိပ်လွယ်ပါတယ်
ရိုးသားတဲ့ စိတ်ကိုမပျက်စီးအောင်
ထိမ်းသိမ်းဖို့ အချိန်အများကြီးယူပြီး
မယိုင်လဲအောင် နေရတယ်...

လောကကြီးမှာ
ပျက်တာက လွယ်သလောက်
ပြင် ... ရတာက ခက်တယ်
တစ်ခါ ပျက်ပြီး ရင်
တစ်သက်လုံး ပြင်ဖို့ ခက်တာက
ပျက်စီးသွားတဲ့ နာမည် ၊ ဂုဏ်သိက္ခာနဲ့
ရိုးသားမှု ပဲ "

သင့်မှာ ရိုးသားတဲ့ စိတ်အခံလည်းရှိတယ်
တည်ကြည်ဖြောင့်မတ်တဲ့
ဂုဏ်သိက္ခာလည်းရှိတယ်
မပျက်စီးတဲ့ နာမည်ကောင်းတစ်ခုလည်း
ရှိတယ်ဆိုရင် ဘယ်လို အရာနဲ့ဖြစ်ဖြစ်
အပျက်စီး မခံပါနဲ့

" ဘ၀အတွက် သိပ်ကို
တန်ဖိုးရှိတဲ့အရာတွေဖြစ်လို့ပါပဲ...

31/07/2026

ဘဝမှာ ပိုင်ဆိုင်မှု များလေ၊
ပျော်ရလေလို့ ငယ်ငယ်က ထင်ခဲ့ဖူးတယ်။

ဘဝအတွေ့အကြုံတချို့ ဖြတ်သန်းလာပြီးနောက်မှ
တကယ့်တန်ဖိုးရှိတာက
အိမ်ဘယ်လောက်ကြီးတယ်၊

ကားဘယ်လောက်ကောင်းတယ်ဆိုတာမဟုတ်ဘဲ
မနက်နိုးလာတဲ့အခါ
ခန္ဓာကိုယ်မှာ အနာရောဂါ မရှိတာ၊
ညအိပ်ရာဝင်တဲ့အခါ စိတ်ထဲမှာ ပူပန်စရာ မရှိတာဆိုတာ နားလည်လာတယ်။

ထမင်းတစ်နပ်ကို အေးအေးချမ်းချမ်း စားနိုင်တာ၊
ညအခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာ၊
ချစ်ရတဲ့သူတွေ အနားမှာ ရှိနေသေးတာ၊
ကိုယ်စိုးရိမ်ပူပန်ရသူတွေ အားလုံး ဘေးကင်းကျန်းမာနေတာ…

ဒီလို သာမန်လို့ ထင်ရတဲ့ အရာလေးတွေဟာ
တကယ်တော့ ဘဝမှာ ငွေနဲ့ဝယ်လို့ မရတဲ့ အဖိုးတန်ဆုံး ပျော်ရွှင်မှုတွေပဲ ဖြစ်တယ်။

ရှေ့ဆက်ရမယ့် ဘဝနေ့ရက်တွေမှာ
ကြီးမားတဲ့ စည်းစိမ်ဥစ္စာတွေကို မတောင်းဆိုပါဘူး။

ခန္ဓာကိုယ်ကျန်းမာဖို့၊
စိတ်နှလုံး အေးချမ်းတည်ငြိမ်ဖို့၊
မိသားစုအားလုံး ဘေးကင်းလုံခြုံဖို့၊
အချိန်ကာလတွေဟာလည်း အေးချမ်းသာယာစွာ ကုန်လွန်သွားဖို့ကိုပဲ ဆုတောင်းပါတယ်။

တကယ်တော့ ဘဝမှာ အဆင့်မြင့်ဆုံး “ ချမ်းသာမှုကို ပြသတယ် ” ဆိုတာ
ကိုယ် ဘယ်လောက်ပိုင်ဆိုင်ထားတယ်ဆိုတာကို တခြားသူသိအောင် ထုတ်ဖော်ပြသတာ မဟုတ်ဘဲ

ဘဝက ဘယ်လိုပဲ ပြောင်းလဲနေပါစေ၊
တည်ငြိမ်အေးချမ်းတဲ့ စိတ်ထားနဲ့
နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိရှိ၊
ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ခြင်းကသာ အဖိုးတန်ဆုံးသော ချမ်းသာမှု ဖြစ်ပါတယ်။

28/07/2026

လူ့ဘဝ တစ်ကြိမ်တစ်ခါရရှိဖို့
တိရစ္ဆာန်ဘဝပေါင်း တစ်ရာလောက်
ကျင်လည်ရင်းနှီးခဲ့ရတယ်။

တိရစ္ဆာန်ဘဝက ပါလာတဲ့အရှိန်အဟုန်သတ္တိစရိုက်
ဥာဉ်တွေမပြယ်တတ်သေးတော့ လူတွေဟာ မေ့မေ့မျောမျောကြီးနဲ့ အာရုံခံစားပါလေရော။

တစ်ဖက်က အာရုံငါးပါး ဖမ်းစားမှုကလည်း လူတွေကို မေ့လျော့အောင်ပြု စားထားသလို ရှိတဲ့အတွက် မေ့ကျင့်ရလာကြတယ်။

နေတော့လည်း မေ့လျော့တွေဝေ၊
သေတော့လည်း ဒီလိုပဲ မေ့လျော့တွေဝေ၊
မောဟနဲ့သေမယ်ဆိုရင်
လာရာလမ်းကိုပြန်ရမယ်။

လာရာလမ်းဆိုတာကတော့
မောဟဘုံလို့ ခေါ်တဲ့ "တိရစ္ဆာန်ဘဝ" တွေဆီပဲပေါ့။

မသိရာကစခဲ့ပြီး
မသိရာမှာဆုံးခဲ့ရင်
မသိရာဆီပြန်သွားပြီး
မသိရာက ပြန်စရလိမ့်မယ်။
🙏🙏🙏🙏🙏

28/07/2026

🌷ကိုယ်ပိုင် အချိန်တော့ ရှိပါစေ🌷

မိမိခန္ဓာကိုယ်ဟာ ကုသိုလ်ရအောင်
အသုံးချရတဲ့ ခန္ဓာလည်းဖြစ်နိုင်သလို

အနာရောဂါတွေရပြီးတော့
စိတ်ဆင်းရဲရတဲ့ ခန္ဓာလည်းဖြစ်နိုင်ပါတယ်

ကျန်းမာရေးကောင်းတုန်း
အစစအရာရာ အဘက်ဘက်ကမချို့တဲ့ခင်မှာ
ကုသိုလ်တရားတွေ လုပ်မထားမိရင်
နောင်တစ်ချိန်မှာ ပူလောင်မှုတွေရနိုင်ပါတယ် ။

ကိုယ်သိသည်ဖြစ်စေ မသိလိုက်သည်ဖြစ်စေ ရုပ်တရားကို ဇရာတရားက
တစ်ဖြေးဖြေးနဲ့ ဝါးမျိုလို့ သွားနေပါတယ်

အဲ့ဒီကနေ တစ်ဆင့် နာကျင်မှုတွေကို
မလိုချင်လည်းပဲ ရကြဦးမှာ ဖြစ်ပါတယ် ။

အခြားဗာဟိရ လူမှုရေးတွေမှာ
ကိုယ်က ကျော်သွား မေ့ထားလို့ရပေမယ့်

ကိုယ်တိုင် ခံရမယ့် နာခြင်းတရားကိုတော့
ရင်မဆိုင်လို့ ဘယ်လိုမှ မရနိုင်ဘူးမလား ။

ဒါကြောင့် ဘုံဆိုင်အလုပ်တွေနဲ့ပဲ
ဘဝကို အချိန်ကုန်ပြီးတော့ မသွားလိုက်ပါနဲ့

ကိုယ်တိုင် ကြုံတွေ့ရမယ့် အရေးအတွက်
ကိုယ်ပိုင်အချိန်လည်း ပေးထားဖို့လိုပါတယ်

🙏🙏🙏🙏🙏

28/07/2026

"လူတွေက ကိုယ့်ကို နားလည်ဖို့ထက်
ကိုယ်က ကိုယ့်ကို နားလည်ဖို့က
ပိုအရေးကြီးတယ်"

«"လူတွေက ကိုယ့်ကို
ဘယ်လိုထင်သလဲဆိုတာကို
အလွန်အကျွံ အရေးထားနေရင်
စိတ်ချမ်းသာဖို့ ခက်တယ်။

ကိုယ်ဘာဖြစ်နေတယ်၊
ဘာလိုချင်နေတယ်၊
ဘာကြောင့်
စိတ်ဆင်းရဲနေရတယ်ဆိုတာကို
ကိုယ်တိုင် နားလည်ဖို့က ပိုအရေးကြီးတယ်။"

— ဆရာတော် ဦးဇောတိက
🙏🙏🙏🙏🙏

28/07/2026

တရား မရနိုင်ကြောင်း ၅-ပါး
==================
၁။ မလွှတ်ကာမ၊
၂။ မရ သတိ၊
၃။ မရှိ ဆရာ၊
၄။ မပါ အင်အား၊
၅။ မထား လုံ့လ၊ ဤငါး၀၊ တရား မရကြောင်း

( မဟာဗောဓိမြိုင်ဆရာတော်ကြီး )
--------------------------------------

တရားကျင့်သော်လည်း မရနိုင်သူ (၁၆) ဦး
============================
၁။ တိရိစ္ဆာန်

၂။ ပြိတ္တာဘုံ၌ ဖြစ်သူ

၃။ မိစ္ဆာဒိဋ္ဌိ အယူရှိသူ

၄။ ကောက်ကျစ်စဉ်းလဲသူ

၅။ အမိကို သတ်သူ

၆။ အဖကို သတ်သူ

၇။ ရဟန္တာကို သတ်သူ

၈။ သံဃာ အသင်းခွဲသူ

၉။ ဘုရားကို သွေးစိမ်းတည်အောင် လုပ်သူ

၁၀။ ရဟန်းအသွင်ကို ခိုးသူ

၁၁။ တိတ္ထိဘောင်သို့ ပြောင်းသွားသူ

၁၂။ ဘိက္ခုနီမကို ဖျက်ဆီးသူ

၁၃။ သံဃာဒိသိသ် အာပါတ် တစ်ပါးပါးသင့်၍ အာပါတ်မှ မထသေးသူ ။

၁၄။ ပဏ္ဍုငါးမျိုးတွင်ပါဝင်သူ

၁၅။ ဥဘတောဗျည်း (လိင်အင်္ဂါနှစ်ခု ပါသူ)

၁၆။ (၇) နှစ်အောက်ငယ်သောသူ။

🙏🙏🙏🙏🙏

27/07/2026

"လူတစ်သက်
တစ်ရက်ရဟန်းမှာ"

သိက္ခာဖြူစင်သော ရှင်ရဟန်း၏...
တစ်ရက်တာကာလသည်...
လူ့တစ်သက်တာ ကာလရှိ
ပါရမီဖြည့်အားထက်
တာသွားလှချေသည်။

အကယ်တိတိ...
ရဟန်းဖြစ်လျက် သိက္ခာစဉ်မတင်
မတတ်မိလျှင်ကား...
ထိုရဟန်း၏
တစ်ရက်တာပြစ်မှုများသည်ကား
လူတို့၏ တစ်သက်တာပြစ်မှုများ
အောက် အဆပေါင်းမြောက်များစွာ....
ပင် ထိုးဖောက်သွားပေလိမ့်မည်။

အကျင့်မှန်လျှင် ....
တစ်ရက်ရှင် လူလျှင်တစ်သက်နှုန်း. ...
အကျင့်ဖောက်က လူ့အောက်ကျ
ဘဝတစ်သက်လုံး ။

🙏🙏🙏မဟာဗောဓိမြိုင်ဆရာတော်🙏🙏🙏

27/07/2026

🎇▪️ #ဝါဆိုလပြည့်နေ့အကြောင်း▪️🎇
===============================

မြန်မာဆယ့်နှစ်လ ရာသီပွဲတော်တွင် ဝါဆိုလ၏ အဓိပ္ပါယ်မှာ “ရဟန်းသံဃာတော်တို့ မိမိ၏ ကျောင်းအရာမ်အတွင်း၌ ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင် သီတင်းသုံးခြင်းကို ရည်စူး၍ ဝါဆိုလ ခေါ်သည်” ဟု ဖွင့်ဆိုသည်။ ဝါဆိုလတွင် ရှင်၊ ရဟန်း ပဉ္စင်းခံသည့်လဟုလည်း သတ်မှတ်ကြသည်။ အကြောင်းကား ဝါတွင်းသုံးလအတွင်း ညအိပ် ခရီးသွားလာခွင့် မရှိသဖြင့် ရဟန်းသံဃာတော်များ အစုံအလင်ရှိကြသည်။ ထိုကြောင့် ရှင်၊ ရဟန်း ခံရန်၊ ပြုရန် အတင့်တော်ဆုံးလဟု ဆိုသင့်ပေသည်။

ဗုဒ္ဓဘာသာဝင်ဖြစ်ကြသည့် ကျွန်ုပ်တို့သည် ဝါဆိုလပြည့်နှင့် သက်ဆိုင်သည့် ဗုဒ္ဓဝင် အချက်အလက် များကို သိရှိထားကြသည်။ ကျက်မှတ်ထားကြသည်။ “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို” ဟူ၍ နှုတ်တက်နေကြသည်။ ဗုဒ္ဓရှင်ဘုရား ပဋိသန္ဓေ တည်တော်မူခြင်း၊ ထွက်တော်မူ နန်းက ခွါခြင်း၊ တရားဦးဓမ္မစကြာ ဟောကြားခြင်းတို့သည် တိုက်ဆိုင်စွာ ဝါဆိုလပြည့်နေ့ချည်း ဖြစ်နေခဲ့သည်။ ထိုကြောင့်လည်း ဗုဒ္ဓဘာသာ တိုင်းပြည်မှန်သမျှ ဝါဆိုလပြည့်ကို နေ့ထူးနေ့မြတ် တစ်ရက်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်ပေသည်။

ဓမ္မစကြာတရားဦးဟောကြားနေပုံ
ဝါဆိုလမြတ်
ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အဖြစ်လည်းကောင်း၊ သံဃာတော်များ ဝါကပ်သည့်နေ့ အဖြစ်လည်းကောင်း လူသိများကြသည်။

တကယ်တမ်း စီစစ်ကြည့်ပါမူ အထက်ပါ ကျွန်ုပ်တို့ နှုတ်တက်နေသော ကဗျာလင်္ကာအတိုင်း ဗုဒ္ဓရှင်တော်ဘုရား မယ်တော်မဟာမာယာဒေဝီ ဝမ်းကြာတိုက်သို့ ပဋိသန္ဓေ ယူတော်မူသည့်နေ့၊ နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ တောထွက်တော်မူသည့်နေ့၊ ဘုရားအဖြစ်သို့ ရောက်ရှိကာ တရားဦး ဓမ္မစကြာ ဟောကြားတော်မူသောနေ့တို့သည် ဝါဆိုလပြည့်နေ့တွင် ဖြစ်ကြပါသည်။ သို့သော်လည်း တရားဦး ဓမ္မစကြာ ဟောကြားသောနေ့ကိုသာ အဖျားဆွတ် ယူလိုက်ခြင်းဖြစ်သည်။ လူအဖြစ်သို့ မရောက်ရှိဘဲ၊ ဘုရားအဖြစ်သို့ မရရှိဘဲနှင့် ဓမ္မစကြာ တရားတော်ကို ဟောတော်မမူနိုင်။ ထိုကြောင့်လည်း ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့အဖြစ် (ရလာဒ်ကိုကြည့်) သတ်မှတ်ခြင်းသည် သင့်တော်သော သတ်မှတ်ချက်ဟု ဆိုနိုင်ပါသည်။

ပထမဦးဆုံး ဓမ္မစကြာ (ဓမ္မစက္ကပဝတ္တနသုတ်) တရားတော်ကို ပဉ္စဝဂ္ဂီ ၅-ဦးတို့အား ဟောကြားခြင်း သည်လည်းကောင်း၊ တရားတော်၏ အနှစ်ချုပ်ဖြစ်သော အစွန်း ၂-ပါးလွတ် အလယ်အလတ်လမ်း ကျင့်စဉ်ကိုလည်းကောင်း ဗုဒ္ဓဘာသာဝင်တိုင်း သိရှိကြပြီး ဖြစ်သည်။ သို့သော် ဤတရားဦးမှ ခန္ဓာ ၅-ပါးအကြောင်းနှင့် သစ္စာ ၄-ပါးတို့အကြောင်းကို လူသားတို့အား ပထမဦးဆုံးအဖြစ် ဗုဒ္ဓဂေါတမ တစ်ပါးသည်သာ မိတ်ဆက်ပေးနိုင်ခဲ့သည်ကိုကား လူသိနည်းလှပါသည်။ ဗုဒ္ဓမှတပါး အခြား မည့်သည့်ဆရာကမှ ဤအဆန်တရားတော်ကို ဟောကြားခြင်း မရှိသေး။

ဒုတိယ တရားတော် ဖြစ်သော အနတ္တလက္ခဏသုတ်တွင်လည်း မိမိသည် မရှိ၊ ငါ၊ သူတစ်ပါး၊ ယောင်္ကျား၊ မိန်းမ မရှိ၊ ခန္ဓာ ၅-ငါးတို့၏ အစုအဖွဲ့မျှသာဟု ရဲဝံ့စွာ ထုတ်ဖော်ခဲ့ပြန်သည်။ ငါ၊ ငါ ဟူ၍ လူသားတိုင်း လက်ခံထားသည့် အချိန်တွင် “အနတ္တ-ငါမရှိ”ဟု ထုတ်ဖော် ဟောကြားခဲ့ခြင်းသည် အဆန်တရားတော်ကို ဟောကြားခြင်းဖြစ်သကဲ့သို့ လူအကြိုက်ကို မလိုက်၊ အမှန်တရားကိုသာ လက်ကိုင်ထား ဟောကြားသည့် တရားတော်လည်း ဖြစ်သည်။ ထိုကြောင့်လည်း ဗုဒ္ဓ၏ ပထမခြေလှမ်း ဤတရားတော် ၂-ပုဒ်သည် လောကကြီး တစ်ခုလုံးကို ပွက်လောစေခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့အတွက် ပထမဦးဆုံး စတင်ကျင့်သုံးရမည့် ပထမခြေလှမ်း အခြေခံတရားတော် တစ်ကွက်ဟုလည်း ဆိုနိုင်သော တရားတော်များ ဖြစ်သည်။

ဝါကပ် သံဃာတော်
သံဃာတော်တိုင်း (ဝါထပ်ပါက ဒုတိယ) ဝါဆိုလပြည့်နေ့တွင် ဝါကပ်တော်မူကြရပါသည်။ ဝါကပ်ခြင်းကို ဝါဆိုခြင်း၊ ဝါဝင်ခြင်းဟုလည်း ခေါ်ဝေါ်ကြသည်။ ဝါကပ်ခြင်း အဓိပ္ပါယ်မှာ ဝါတွင်းသုံးလပတ်လုံး အရေးကြီးသော ကိစ္စရပ် ငါးခုမှ အပ ကျောင်းတိုက်တစ်ခု၏ အရာမ် (ဝင်း) အတွင်းတွင်သာ ညဉ့်အိပ်ညဉ့်နေ သီတင်းသုံး (ကပ်နေရ) ခြင်းကို ဆိုလိုသည်။ ပါဠိဝေါဟာရ “ဝဿံ ဥပေမိ - ကျွန်ုပ် ဝါကပ်ပါ၏ ” ဟု အဆိုရှိသဖြင့် ဥပ-သဒ္ဒါကို ဆည်းကပ်ခြင်း၊ ကပ်ခြင်းဖြင့် အဓိပ္ပါယ် ဖွင့်ထားသည်။

ဝါဆိုလပြည့်နေ့တွင် ဝါကပ်ရမည်၊ ဝါဆိုရမည်ဟု သာမန် ဆိုလိုက်သော်လည်း အမှန်ကား ဝါဆိုလပြည့်ကျော် ၁-ရက်တွင်မှ ဝါကို စတင် ကပ်ရ၊ ဝင်ရခြင်း ဖြစ်သည်။ ဝါဆိုလပြည့်နေ့သည် နေ့ထူးနေ့မြတ် ဖြစ်သည့်အားလျှော်စွာ မိမိ အမှန်တကယ် သီတင်းသုံးရမည့် ကျောင်း (သို့မဟုတ်) ကျောင်းတိုက်အတွင်း အသင့်ရှိနေရမည်ကို ရည်ရွယ်ကာ ဝါဆိုလပြည့်နေ့တွင် ဝါကပ်မည်ဟု သာမန် ဆိုလိုက်ခြင်း ဖြစ်ပေသည်။ သီတင်းကျွတ်လပြည့်နေ့တွင် ပဝါရဏာပြုရမည်ကို နောက်ပြန် တွက်ချက်ခြင်းအားဖြင့် ဝါဆိုလပြည့်ကျော် ၁-ရက်တွင် ဝါကပ်မှသာလျှင် သုံးလအတိ ပြည့်မည် ဖြစ်သောကြောင့်တည်း။ ပါဠိအလို “တေ မာသံ - သုံးလ” ဟု လာရှိသည်။

ရဟန်း သံဃာတော်တိုင်း ဝါမကပ် မနေရ၊ ကပ်ကို ကပ်ရမည်ဟု ပညတ်ချက်ရှိသည်။ ဗုဒ္ဓမြတ်စွာ ရာဇဂြိုဟ်မြို့၊ ရှဉ့်များကို အစာကျွေးရာ ကလန္ဒကနိဝါပ ဥယျာဉ်၊ ဝေဠုဝန်ကျောင်းတွင် သီတင်းသုံးစဉ် သံဃာတော်များအား မိုးတွင်းသုံးလ ဝါကပ်ကြရန် ပညတ်ချက် ထားတော်မူသည်။ ပညတ်တော်မူရခြင်း အကြောင်းရင်းကား ဤသို့တည်း။

ရဟန်းတော်များသည် မြတ်စွာဘုရား၏ သာသနာပြု အဓိဌာန်ဖြစ်သော “မာ ဧကနေ ဒွေ- လမ်းတစ်ကြောင်းတည်း နှစ်ပါးမသွားပါနှင့် ” အလိုတော်အရ သာသနာပြုခရီး ကြွချီကြသည်။ နေ့မရွေး၊ ညမနား၊ နေမိုးကို အန်တု၊ ဆောင်းကို မမှု သာသနာပြု စိတ်ဓာတ်ဖြင့် အရပ်အရပ် အရွာအရွာသို့ လှည့်လည်ကာ အသိအမြင် မပွင့်လင်းသေးသော သူတို့အား ဗုဒ္ဓတရားတော်များ ပြန့်ပွါးအောင် ပြောဆိုဆုံးမ သွန်သင်ကြသည်။ သို့ဖြင့် ရာသီမရွေး ခရီးထွက်ကြသည်။ နွေရာသီ၊ ဆောင်းရာသီတို့တွင် ခရီးထွက်သည့်အခါ ကိစ္စမရှိ။ လမ်းခရီးများ ခြောက်သွေ့နေသဖြင့် ခရီးထွင်သည်။ ကြွလိုသည့် လမ်းခရီးကို အလွယ်တကူနှင့် အမြန်ရောက်နိုင်သည်။ သို့သော် မိုးတွင်းကာလတွင် ခရီးထွက်သည့်အခါ ပြဿနာ ရှိနိုင်သည်။ လမ်းခရီးတွင် ရွံနွံဗွက်အိုင်တို့ဖြင့် ပြည့်နှက်နေမည်။ ချောင်းမြစ်အင်းအိုင်တို့တွင် ရေဖြင့် ပြည့်လျှံနေမည်။ ထိုအခါ ကွေ့ရ ပတ်ရမှ သွားနိုင်သကဲ့သို့၊ မြေဖို့ထားသော လယ်ကန်သင်းကို လမ်းအဖြင့် အသုံးပြုကာ သွားရမည်လည်း ရှိနိုင်ပေသည်။ လယ်ယာလုပ်သည့်ကာလ ဖြစ်သည့်အလျှောက် လယ်သမားများက သူတို့ ဖို့ထားသည့် ကန်သင်းကို ဖြတ်သန်းသွားလာနေသည်မှာ ကြိုက်မည်မဟုတ်။ ဘာသာခြား လယ်သမားဆို ပိုပင် ဆိုးမည်။

ထိုကြောင့် ခရီးသွားသည့်ရဟန်းကို မြင်တိုင်း ကဲ့ရဲ့ပြစ်တင်ကြသည်။ “သာကီဝင်နွယ်ဖြစ်တဲ့ ရဟန်းတွေများ နွေမိုးဆောင်း မရှောင် ခရီးသွားနေကြတာပဲ။ စိမ်းလန်းတဲ့ ကောက်တွေကို ဖျက်စီးပစ်ကြလိုက်တာ၊ ပိုးမွှားတွေကို ဖြတ်နင်းသတ်လိုက်ကြတာ။ စွတ်စိုတဲ့ကာလမှာတောင် တစ်နေရာထဲ နေဖို့ မကြိုးစားကြချင်ဘူး။ ကျေးငှက်သာရကာတွေတောင် မိုးတွင်းကာလရောက်ရင် အသိုက်အမြုံ အကျအန ဆောက်ပြီး နေကြသေးတာပဲ။ ဒီရဟန်းတွေက ခရီးထွက်ဖို့ပဲ စိတ်ကူးနေကြတာ” အစရှိသည့် စကားတို့ဖြင့် ကဲ့ရဲ့ကြသည်။ အပြစ်တင် ကြသည်။ ဝေဖန်ကြသည်။

ဤအမနာပ စကားသံတို့သည် ဗုဒ္ဓဘုရားထံ တိုက်ရိုက်ရောက်လာသည့်အခါ အများ၏ အကြည်ညိုခံ ရဟန်းတော်များအတွက် သာသနာပြုလမ်း ဖြောင့်တန်းရေးအတွက် ဝါကပ်ကြရန် ပညတ်ချက် ထားတော်မူရသည်။ ပညတ်ချက်အပေါ်တွင် အကျိုးခံစားခွင့်လည်း ဗုဒ္ဓက ဖွင့်ပေးထားသည်။ ကထိန်သင်္ကန်း ဆက်ကပ်သည့် အလှူရှင်ပေါ်လာသည့်အခါ ဝါတွင်းသုံးလအတွင်း ဝါမကျိုးသော (ကျောင်းပြင်ပသို့ မထွက်ဘဲ ထိန်းနိုင်သော) ရဟန်းတော်များအတွက် ကထိန်အနိသင် ၅-မျိုး ခံစားခွင့်ရကြသည်။

မြန်မာပြက္ကဒိန်အရ လေးနှစ်ရောက်တိုင်း ပထမဝါဆို ဒုတိယဝါဆို ဟူ၍ ခွဲခြားထားသော်လည်း သံဃာတော်များ၏ ပထမဝါဆို ဒုတိယဝါဆိုမှာ ပြက္ကဒိန်အလို မဟုတ်ပါ။ ဝါဆိုလပြည့်ကျော် ၁-ရက်နေ့တွင် ဝါဆို ဝါဝင် ဝါကပ်သော ရဟန်းတော်များကို ပုရိမ-ဝါဆို ပုရိမ-ဝါဝင် ပုရိမ-ဝါကပ် (အရပ်သုံးစကား- ပထမ-ဝါဆို၊ ပထမ-ဝါဝင်၊ ပထမ-ဝါကပ်) ဟူ၍ ခေါ်ပြီး၊ အကြောင်းကြောင်းကြောင့် ဝါခေါင်လပြည့်ကျော် ၁-ရက်တွင်မှ ဝါဆို ဝါဝင် ဝါကပ်နိုင်သော သံဃာတော်များကို ပစ္ဆိမ-ဝါဆို ပစ္ဆိမ-ဝါဝင်၊ ပစ္ဆိမဝါကပ် (အရပ်သုံးစကား- ဒုတိယ-ဝါဆို၊ ဒုတိယ-ဝါဝင်၊ ဒုတိယ-ဝါကပ်) ဟူ၍ သတ်မှတ်သည်။

ဝါဆိုလပြည့်ကျော် ၁-ရက်နေ့တွင် ဝါဆို ဝါဝင် ဝါကပ်သော သံဃာတော်များသည် သီတင်းကျွတ်လပြည့်နေ့တွင် သုံးလပြည့်၍ ဝါကျွတ်သည်။ ပဝါရဏာပြု ရသည်။ ကထိန်အကျိုး ၅-မျိုး ခံစားခွင့် ရသည်။ ဝါခေါင်လပြည့်ကျော် ၁-ရက်နေ့တွင်မှ ဝါဆို ဝါဝင် ဝါကပ်သော သံဃာတော်များသည် တန်ဆောင်မုန်းလပြည့်နေ့တွင် သုံးလပြည့်၍ ဝါကျွတ်သည်။ ပဝါရဏာပြု ရသည်။ ကထိန်အကျိုး ၅-မျိုး ခံစားခွင့် ဆုံးရှုံးသည်။

ဝါပန်ခြင်းနှင့် ဝါကျိုးခြင်း
ဝါဆိုဝါကပ်ထားတဲ့ ရဟန်းတော်များဟာ ဝါတွင်းကာလမှာ တခြားနေရာအရပ်ဒေသသို့ ညအိပ်ညနေ ကြွသွားလို့ မရပါဘူး။ နေ့လည်နေ့ခင်း နောက်နေ့ အာရုဏ်မတက်မီ ကျောင်းကိုပြန်ရောက်နိုင်ရင်တော့ ကြွလို့ရပါတယ်။ ဒါပေမယ့် အကြောင်းကိစ္စရှိလို့ မဖြစ်မနေ ကြွရောက်ရမယ့် ကိစ္စပေါ်ပေါက်လာပါက ဝါပန်ပြီး ခုနှစ်ရက် ကြွလို့ရပါတယ်။ ခုနှစ်ရက်ထက်ပိုပြီး ကြွလို့မရပါဘူး။ ကျော်လွန်ပါက အာပတ်သင့်ပါတယ်။ ဝါပန်တယ်ဆိုတာ ခုနှစ်ရက်အတွင်း မိမိဝါဆိုဝါကပ်ပြုထားသည့် ကျောင်းကိုပြန်လည်ကြွရောက် ပါမည့်အကြောင်း အဓိဋ္ဌာန်ပြုခြင်းကို ဝါပန်တယ်လို့ ဆိုပါတယ်။ ဝါဆိုဝါကပ်ပြုပြီး ဝါမပန်ဘဲ ကြွသွားခဲ့မိသော် သို့မဟုတ် ခုနှစ်ရက်ထက် ကျော်လွန်သွားခဲ့သော် ဝါကျိုးပါတယ်။

ဝါကျိုးခြင်းနှင့် ဝါအရေအတွက် မရခြင်း
ဝါကျိုးတယ်ဆိုတာ ဝိနည်းဥပဒေ မလိုက်နာမိ၍ ဥပဒေ ကျိုးပျက်သွားခြင်းဖြစ်ပြီး ဒုက္ကဋ်အာပတ်သင့်ခြင်းကို ဆိုပါတယ်။ တစ်ချို့က ဝါကျိုးရင်ကိုပဲ ဝါမရဘူး ဒီကျိုးတဲ့ ဝါကို ဝါအရေအတွက်ထဲ ထည့်ရေလို့မရဘူးလို့ ထင်တတ်ပါတယ်။ ရေတွက်လို့ရပါတယ်။ ဝါကျိုးပျက်လို့ အာပတ်သင့်ခြင်း၊ ကထိန်ခံခွင့် မရခြင်းပဲ ရှိပါတယ်။ ဝါအရေအတွက်လျော့ခြင်း မရှိပါဘူး။ ဒါပေမယ့် ဝါကျိုးပျက်တိုင်းလည်း အာပတ်မသင့်ပါဘူး။ အန္တရာယ်တစ်စုံတစ်ခု ကျရောက်ဖြစ်ပေါ်ခြင်း သံဃာကွဲခြင်းကြောင့် ဝါဆိုဝါကပ်ပျက်ခြင်း ဝါကျိုးခြင်း ဖြစ်တဲ့အခါ ဒီဝါပျက်ဝါကျိုးခြင်းကြောင့် အာပတ်မသင့်ပါဘူး။

ဝါဆိုသင်္ကန်း
ဝါဆိုသင်္ကန်းဆိုပြီး ကပ်လှူလေ့ရှိတဲ့ သင်္ကန်းကို စာပေကတော့ ဝဿဝါသိကစီဝရလို့ ခေါ်ပါတယ်။ တိုက်ရိုက်မြန်မာပြန်ရင် မိုးရေခံသင်္ကန်းလို့ အဓိပ္ပါယ်ရပါတယ်။ ဝိသာခါ ဒါယိကာမကြီးရဲ့ တောင်းဆိုချက်ကြောင့် မြတ်စွာဘုရားရှင်က ဒီသင်္ကန်းလှူဒါန်းမှုကို ခွင့်ပြုတော်မူပါတယ်။ ဒီသင်္ကန်းလှူဒါန်းမှုမှာ တစ်ချို့က ဝါမဆိုခင်ပဲ လှူဒါန်းလို့ ရတယ်လို့ ထင်ကြပါတယ်။ အဲလိုမဟုတ်ပါဘူး။ ဝါမဆိုခင်ရော ဝါဆိုနေတဲ့ ဝါတွင်းအချိန်မှာရော ကြိုက်သလောက် ကြိုက်သလို လှူဒါန်းနိုင်ပါတယ်။ ကထိန်သင်္ကန်းနဲ့ မတူတဲ့အချက်က ကထိန်သင်္ကန်းကတော့ ကာလသတ်မှတ်ချက် ကျောင်းသတ်မှတ်ချက်စတာတွေ ရှိပါတယ်။ ဝါဆိုသင်္ကန်းကတော့ အဲလိုသတ်မှတ်ချက်မရှိဘဲ ဝါမဆိုခင်ရော ဝါတွင်းမှာရော ကြိုက်သလို လှူနိုင်တဲ့အချက်ပါ။ များသောအားဖြင့် ဝါမဆိုခင်မှာ လှူကြတာများပါတယ်။ အဲဒါမှ ဝါတွင်းမှာ ဒီသင်္ကန်းကို ဝတ်ရုံပြီး မိုးစိုတဲ့သင်္ကန်းကို အလဲအလှယ် လုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကအာရုံပြုပြီး အချိန်မရွေး လှူဒါန်းနိုင်ပါတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ဝါတွင်းသုံးလပတ်လုံး (ပုရိမ+ ပစ္ဆိမနှစ်မျိုးလုံး) ဝါဆို ဝါဝင် ဝါကပ်ထားသော သံဃာတော်များတို့သည် ကိစ္စကြီး ၅-ရပ် ပေါ်ပေါက်လာပါက ဝါတွင်းကာလ ခရီးထွက်ခွင့် ရပါသေးသည်။ သို့သော် ဝါပန်ရမည်။ ၇-ရက်၊ ၇-ည မပြည့်မီ (၆-ရက်၊ ၆-ည) ကာလအတွင်း ဝါကပ်ထားသည့် ကျောင်းကို အရောက် ပြန်လာရမည်ဟု အဓိဌာန်ပြု ရွတ်ဆိုရမည်။ ဤကာလအတွင်း မူလဝါဝင်ကျောင်းကို ပြန်မရောက်ပါက ဝါကျိုးသည် ဝါပျက်သည်ဟု ခေါ်ဆိုသည်။ ဝါ-အရေအတွက် ကျိုးသွားသည်၊ ပျက်သွားသည်ဟု မမှတ်ယူဘဲ၊ ကထိန်အနိသင်သာ မရရှိခြင်း ဖြစ်သည်။ ဝါကျိုး၊ ဝါပျက်သော်လည်း သိက္ခာတော် ၁-ဝါ၊ ၂-ဝါ ရေတွက်နိုင်ပါသည်။ ထိုကြောင့် ဝါတွင်း၌ သံဃာတော်များ ညအိပ် ခရီးမထွက်ရဟု ပုံသေ တွက်မထားကြပါရန်နှင့် ဝါတွင်းကာလ ခရီးထွက်နေသော ရဟန်းတော်များကိုလည်း အပြစ်မမြင် ကြရန် လိုအပ်လှပေသည်။

ရှေးခေတ် ရဟန်းတော်များ ခရီးထွက်ရသည်မှာ “သာသနာပြုခရီး ကြွချီကြလော့” ဟူသော မြတ်ဗုဒ္ဓ၏ စကားတော်ကို လိုက်နာနေကြခြင်း ဖြစ်သည်။ ပြန်ပြောင်း တင်ပြရမည် ဆိုသော်-
ဝါဆိုလပြည့်ညတွင် တရားဦးဓမ္မစကြာ နာကြားပြီးသည့်နောက် ပဉ္စဝဂ္ဂီငါးပါးအစုတွင် အကြီးဆုံးဖြစ်သော ကောဏ္ဍညထေရ် သောတာပန် တည်သည်။ ဝါဆိုလပြည့်ကျော် ၅-ရက်နေ့တွင် ဒုတိယ တရားတော်ဖြစ်သည့် အနတ္တလက္ခဏသုတ်တော်ကို နာကြားပြီးနောက် ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာ ဖြစ်ကြသည်။ ဘုရားအပါအဝင် လူသား ၆-ဦး ရဟန္တာ ဖြစ်ကြသည်။ ယသထေရ် အစရှိသော လူသား ၅၅-ဦး ရဟန်းဝတ်ပြီးနောက် ရဟန်းတရား အားထုတ်သဖြင့် မဂ်ဖိုလ်ပေါက် ရဟန္တာအဖြစ်သို့ ရောက်ရှိပြန်သည်။ ထိုနှစ် တန်ဆောင်မုန်းလပြည့် မတိုင်ခင် ကာလအတောအတွင်း လူသား ၆၁-ဦးတို့ ရဟန္တာဖြစ်နှင့်နေကြပေပြီ။ ပါဠိအဆိုကား- တေန ခေါ ပန သမယေန ဧကသဌိ လောကေ အရဟန္တော ဟောန္တိ- ထိုအချိန်တွင် လောကကြီး၌ ၆၁-ပါးသော ရဟန္တာများ ပေါ်ပေါက်ခဲ့သည်။(မဟာဝါ ပါဠိတော်၊ မဟာခန္ဓကဝဂ်)

ထိုသို့ ရဟန္တာ ခြောက်ကျိပ်တစ်ပါး ပေါ်ထွန်းလာသောအခါ တစ်နေရာတည်းတွင် စုဝေးမနေကြဘဲ နယ်လှည့် သာသနပြုကြရန် မြတ်ဗုဒ္ဓက မိန့်ကြားသည်။ သို့ဖြင့် နေ့မအား၊ ညမနား ရဟန်းတော်များ ခရီးထွက်ကာ မြတ်ဗုဒ္ဓဒေသနာတော်ကို ပြန့်ပွားအောင် လုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။👉👉👉

🙏🙏🙏🙏🙏

Want your business to be the top-listed Media Company in Bago?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon _Mandalay, Highway , 46miles
Bago