BURMA Thinker

BURMA Thinker

Share

This Page is to motivate people who live in Myanmar. Myanmar must become the most wealthy country on

20/09/2023

"ဇွဲ" ___ ဇွဲဆိုသော ထိုအရာဟာ မြေပြိုပြို မိုးပြိုပြို မနားတမ်း လုပ်စရာကို အချိန်မှန်လုပ်နေရင်းက ရောက်စေတတ်သော အောင်မြေနန်း။

သေးသေးလေးကစ၊ ဇွဲ ကို ဆုပ်ကိုင်ရင်း လောကဓံမုန်တိုင်းထဲ
တဖြေးဖြေးပြေးတာများ၊ ဥာဏနဲ့ ဥစ္စာတွေ ကြီးထွားလို့ ရှင်သန်လာ ၊

အချိန်ရှိတိုင်း တတောက်တောက်ထုခတ်၊ ဇွဲရှိသောယောက်ျားမှာ
တောင်ကြီးကိုခွင်းလို့၊ လမ်းကိုလည်းဖြစ်စေနိုင်သည်။

အသက်ကို မှန်မှန်ရှူ၊ အာရုံတွေနိုးကြားလို့၊ မိုးလင်းက မိုးချုပ်
လုပ်သင့်တာလုပ် အမြဲကြိုးစားလို့၊ မမေ့နဲ့ဦး ရိုးသားဖို့။

ဘဝမှာ ဇွဲကို ဆုပ်ကိုင်ဖို့ဆိုရင်၊ ရည်မှန်းချက် ပြတ်သားရမည်
မမေ့ပါနဲ့၊ တစ်ကယ့်ဗီဇအစစ်အမှန်အရ၊ လူသားသည်
ဘာမဆို ဖြစ်နိုင်ကြ၏။

တစ်ချိန်က အိပ်မက်၊ အခုတော့ လက်တွေ့၊ အိမ်မက်တွေ ထင်ရှားရင်
အမြစ်တွေစထွက်၊ အခတ်အလက်တွေ ဝေ၊ မင်းမျှော်လင့်တာတွေ
တစ်ကယ်လက်တွေ့ကြီး၊ မြင်လာရလိမ့်မည်။

မြေနုကျွန်းပေါ်က ပဲခင်းကြီး တစ်ခင်းလုံးကို
ပဲစေ့လေး တစ်စေ့က ဖြစ်ပေါ်စေနိုင်သလို၊ ဇွဲနဲ့သာ အမြဲကြိုးစား
အခါအခွင့် သင့်တိုင်းသင့်တိုင်း သင်ဟာ အောင်မြင်လိမ့်မည်။

ယုံကြည်ပါ ယုံကြည်ပါ၊ ဘာမှမလုပ်ပဲ မယုံကြည်ပါနဲ့။
ဇွဲ တစ်လုံးနဲ့ အမြဲမပြတ်ကြိုးစားရင်း ယုံကြည်နေပါ။
နတ်ဘုရားတွေလို တန်းခိုးကြီးချင်လဲ ဇွဲ ပါရင် ဖြစ်တယ်။

အသည်းအညှာတွင် အမြစ်တွယ်ကာထား
အတိုင်းအတာတစ်ခုထိ လုံလုံလောက်လောက် ဇွဲ နဲ့လုပ်ဆောင်ရင်
ဘာမဆို ဖြစ်တယ်၊ ဘာမဆို ဖြစ်တယ်၊ ဘာမဆို ဖြစ်တယ်။

ကြွယ်ဝတဲ့ဘဝ၊ အေးချမ်းတဲ့ဘဝ၊ ဥာဏ်ပညာနဲ့ ပြည့်စုံသောဘဝ
ချစ်သူခင်သူ ပေါသောဘဝ၊ ကျန်မာသောဘဝ ဘာပဲလိုချင်ချင်
မင်း မမေ့ပါနဲ့၊ ဖြစ်တယ် ဖြစ်တယ်၊ မင်းဖြစ်ချင်တာဖြစ်တယ်၊
ဇွဲ ကိုသာ မပြစ်ပယ်နဲ့၊ အသိစိတ်ထဲ အမြစ်တွယ်ကွဲ့။

တစ်ခုခုကို လုပ်မယ်ဆို မဖြစ်နိုင်တဲ့အခြမ်းရယ်
ဖြစ်နိုင်တဲ့ အခြမ်းရယ် ဆိုတာ ရှိတယ်။ သေးချင်သေးနေပါစေ
ဖြစ်နိုင်တဲ့ အခြမ်းကိုပဲ မြင်အောင်ကြည့်ပြီး ဇွဲနဲ့ လုပ်၊
သေချာ သဲသဲကွဲကွဲ အမြစ်ပြတ်တဲ့အထိလုပ်။

ဟုတ်ပြီနော်၊ လျောက်ပါတ်သော အသိဥာဏ်နဲ့
ခြေအစုံ လက်အစုံ ပုခုံး နှစ်ဖက်ကြား ခေါင်းပေါက်သော
သင်လူသားသည်၊ ဖွဲ စကွဲ မဟုတ်။ ဒါကြောင့်
အချိန်ရှိတိုင်း ဦးနှောက်ထဲက အသိဥာဏ်ရယ်
အသွေးအသား အရိုးတွေထဲကပါ စွမ်းအင်တွေအပြည့်ထုတ်လို့
ကောင်းမွန်သော ကိစ္စမှန်သမျှ မပြီးမချင်း ဇွဲ နဲ့သာ လုပ်ပေရော့။

_________ +လျှပ်စီး - မိုးကြိုး _________

04/06/2023

ငယ်ရွယ်စဥ်အခါ . . အချိန်နဲ့ အားခွန်ဗလတို့ မိမိထံ၌ များစွာ ရှိ​နေသခိုက်မှာ လုံ့လပြုပါ။ ကုသိုလ်၊ ပညာ၊ ဓန ကြွယ်ဝ​အောင် လုပ်ငန်းရှင်ဖြစ်​အောင် တည်​ဆောက်ပါ။

သို့ရာတွင် . . . ☸☝️ မိမိ၏ ​နေ့စဥ်ဘဝတွင် အနာဂတ် ​ပျော်ရွှင် ချမ်းသာဖို့ဟုဆိုတာ ​နေ့စဥ် ကိုယ်စိတ်နှစ်ပါး ဆင်းရဲညိုညင်စွာ မ​နေထိုင်မိပါ​စေနဲ့။ စိတ်ပင်ပန်း​အောင် မ​နေမိ​စေနဲ့။

ဒါဆိုလျှင် . . . ဘယ်လို​နေထိုင် ကြိုးစားရမှာလဲ ???

☸☝️​နေ့စဥ် ဘာပဲလုပ်လုပ် ​ကောင်း​သော အရာကိစ္စ/ပညာရစရာ/ဥစ္စာ ရစရာတို့၌ တက်ကြွစွာ၊ ရွှင်လန်းစွာ၊ ​စေတနာပြည့်ဝစွာ ကြိုးစား​နေရင်းကပဲ ​နေ့စဥ် ​ပျော်ရွှင်စွာ ​နေပါ​လေ။

ခရီးပန်းတိုင်​ရောက်မှသာလျှင် စိတ်ချမ်းသာ​လေမည်ဟူ​သော စိတ်ထားမျိုးမဟုတ်ပဲ . . . ​နေ့စဥ် မှန်ကန်စွာ အားထုတ်​နေရင်း ရရှိ​သော ​အောင်မြင်ပြီး​မြောက်မှုအစုစုဝယ် ဝမ်း​မြောက်​နေ​သော စိတ်ထားနဲ့ ပီပီပြင်ပြင် ​နေထိုင် အားထုတ်ပါ။

☸☝️ ဘဝဝယ် အခက်အခဲရှိသည်၊ ​လောကဓံရှိသည်။ ဒါ​တွေကို ရင်ဆိုင် ​ဖြေရှင်းရာဝယ် မိမိနှလုံးအိမ်မှာ​​တော့ စိတ်ညစ်စရာ ​ဒေါသထွက်စရာတို့ကို အနည်းငယ်မျှပင် မသိမ်းထားပဲ . . . .

☸☝️ လုပ်​ဆောင်သည်၊ ဝမ်း​မြောက်သည်

☸☝️ ​ဖြေရှင်းသည်၊ ဝမ်း​မြောက်သည်

☸☝️ နှလံးအိမ်ကို ​နေ့စဥ် သန့်စင်​စေသည်။

☸☝️ ​မေတ္တာ၊ ဘာဝနာပွားသည်၊ ပီတိဖြစ်သည်၊ ငြိမ်သက်သည်။

☸☝️ ​အောင်မြင်မှုရသည်၊ ဝမ်း​မြောက်သည်

☸☝️ အခက်အခဲ​တွေ့သည်၊ အ​ဖြေရှာသည်၊ ​ဖြေရှင်းသည်၊ ပြီး​မြောက်သည်၊ ဝမ်း​မြောက်သည်။

☸☝️ တိုက်ခိုက် ​စော်ကားခံရသည်၊ သည်းခံသည်၊ ရင်ထဲက ​စေတနာ အကြည်ဓါတ်ကို အထိခိုက်မခံဘူး၊ မိမိလမ်းစဥ်အတိုင်း မှန်ကန်စွာ ​မေတ္တာနဲ့ပဲ တိုး၍ အားထုတ်သည်၊ ဝမ်း​မြောက်သည်။

☸☝️ ဘဝမှာ ​ကောင်းဆိုး ဘာပဲကြုံကြုံ မိမိမှာ​တော့ ကုသိုလ်/ ပညာ/ သတိ သံ​ဝေဂ/ ဥစ္စာတိုး​ကြောင်း ​ကောင်း​သော မင်္ဂလာ​တွေခြည်းသာ ဖြစ်​​နေ​တော့တာပါလားဟု သိ​သည်၊ ဝမ်း​မြောက်သည်။

"ဘဝ ဝယ် အရှုံးမရှိ၊ အဆုံးမရှိ၊ ဘဝထဲက အမြတ်ပကတိ"

​ကောင်းပြီ။ ကျင့်ပါ။

_________ + လျှပ်စီး - မိုးကြိုး _________

05/02/2023

"ပစ္စုပ္ပန်" ဆိုတာ သိပ်ကို ဆန်းကြယ်ပြီး သိပ်ကို ပြီးပြည့်စုံတဲ့ အရာဌာနတစ်ခု။ ဒီမှာပဲ ဒီအတိုင်း​နေကြည့်ကြည့်။

မင်းတို့​ပြောတဲ့ သမိုင်း​တွေ ဒဏ္ဍာရီထဲက ဘိုး​ဘေးဘီဘင်​တွေ အားလုံး ပစ္စုပ္ပန်မှာပဲ ရှိကြ​သေးတယ်။ မ​သေကြပါဘူး။ ​ခေတ္တအသွင်​ပြောင်းပြီး ​နောက်အသွင်တစ်မျိုးနဲ့ ​ဟောဒီ ပစ္စုပ္ပန်ကွန်ချာကြီးထဲမှာပဲ ရှိ​နေကြပါ​သေးတယ်။

သတ္တ​လောကကြီးတစ်ခုလုံးမှာ ဘုံဘဝက မလွတ်​သေးသူဟူသမျှ ​ဟောဒီ ပစ္စုပ္ပန်မှာ တည်ရှိ​နေကြ​သေးတယ်။

ပွင့်ခဲ့ဖူးသမျှ သမုဒ္ဒရာသဲလုံးမက အ​ရေအတွက်ရှိတဲ့ ဘုရားရှင်အနန္တတို့သည်လည် ​ဟောဒီပစ္စုပ္ပန်မှာပဲ နိဗ္ဗာန ဓါတ်အ​နေနဲ့ ပကတိအတိုင်း တည်ရှိ​နေကြ​သေးတယ်။

လွန်ခဲ့တဲ့ နှစ်​တွေက ​သေသွားကြတဲ့ သင်တို့ရဲ့ ​ဖေ​ဖေ ​မေ​မေ ကိုကိုမမ ညီမ ဦးဦး​ဒေါ်​ဒေါ် ဖိုးဖိုးဖွားဖွားတို့သည်လည်း တစ်ကယ်​တော့​ဟောဒီ ပစ္စုပ္ပန်မှာပဲ ဘဝအသစ်တစ်ခုနဲ့ တည်ရှိကြပါတယ်။

သင်သည်လည်း အတိတ်၊ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါစလုံးကို ပစ္စုပ္ပန်တည့်တည့်ကြီးမှာပဲ ပကတိအတိုင်း ဖြတ်သန်း​နေရသူ​ပေါ့။

တစ်ကယ်တမ်းကျ​တော့ အတိတ်မှာ ဘာညာဖြစ်ခဲ့တယ်ဆိုပြီး သ​ဘောအားဖြင့် ​ပြောပြလို့ရ​ပေသည့် သင်ဟာ ပစ္စုပ္ပန်တည့်တည့်မှာသာ ထာဝရဖြစ်တည်​ ဖြတ်သန်းနေရသူ​ပေါ့။ သင်​သေသွားလို့ ဘဝသစ်ဖြစ်​တော့လည်း သင်ပိုင်တာ ပစ္စုပ္ပန်ကာလအတိပဲ။

သင် သစ္စာ​လေးပါးကို ထိုးထွင်းသိသွားလို့ ဘုံဘဝ အတိဒုက္ခက လွတ်သွား​​တော့လည်း ​အေးငြိမ်းတဲ့ နိဗ္ဗာနဓါတ်အတိပြီးတဲ့သုခကို ထာဝရ ရရှိ​တော့မှာသည်လည်း ပစ္စုပ္ပန်တည့်တည့်မှာပါပဲ။

သင်ယခုကြိုးစားလို့ ပိုပိုပြီး​တော်လာတာကလည်း ပစ္စုပ္ပန်မှာပဲ။ ​တောက်​လျောက်ကြိုးစားရင်း ချမ်းသာသွား​​တော့လဲ ပစ္စုပ္ပန်မှာပဲ။ ကြိုးစားမှု မလုံ​လောက်​သေးလို့ မချမ်းသာ​သေးဘူး ယခင်ကထက် နည်းနည်း​လေးပို​တော်လာ​တော့လည်း ဒီပစ္စုပ္ပန်မှာပဲ။

ဝင်သက်ကို ရှူသွင်းလိုက်ပါ။
ထွက်သက်ကို ရှိုက်ထုတ်လိုက်ပါ။
ဟုတ်ပါတယ်။
သင်ဟာ ​ဟောဒီ ပစ္စုပ္ပန်တည့်တည့်မှာ ထာဝရဖြစ်တည်​နေသူပါ။ သင့်မှာ ဆုံးရှုံးပူပန်စရာ မရှိပါဘူး။
အရာအားလုံး ​လောကကြီးထဲက ထုတ်ယူနိုင်ပါတယ်။

ဝင်သက်ကို ရှူသွင်းလိုက်ပါ။
ထွက်သက်ကို ရှိုက်ထုတ်လိုက်ပါ။
ဟုတ်ပါတယ်။
သင်ဟာ ​ဟောဒီ ပစ္စုပ္ပန်တည့်တည့်မှာ ထာဝရဖြစ်တည်​နေသူပါ။
သင်ဟာ ပြည့်စုံ ချမ်း​မြေ့ပြီးသားပါ။
လိုချင်စရာ အာရုံအ​တွေး​လေး​တွေကသာ သင့်ကို မပြည့်စုံသူအဖြစ် အထင်​ရောက်​စေပြီး ပူပန်​စေတာပါ သင့်ကို အနားမရ​အောင် တရစပ်ခိုင်း​စေ​နေတာပါ။

ဝင်သက်ကို ရှူသွင်းလိုက်ပါ။
ထွက်သက်ကို ရှိုက်ထုတ်လိုက်ပါ။
ဟုတ်ပါတယ်။
သင်ဟာ ​ဟောဒီ ပစ္စုပ္ပန်တည့်တည့်မှာ ထာဝရဖြစ်တည်​နေသူပါ။

​ဟော ​ဟော . . ​နောက်တစ်​ခေါက်​လောက်

ဝင်သက်ကို ရှူသွင်းလိုက်ပါ။
ထွက်သက်ကို ရှိုက်ထုတ်လိုက်ပါ။
ဟုတ်ပါတယ်။

ဒါပါပဲ ဒါပါပဲ
ဘဝဆိုတာ ပစ္စုပ္ပန်အတိနဲ့ လှပတဲ့ အရာပါပဲ။
အတိတ် အနာဂတ် ဘယ်ကိုမှ သွားစရာမလိုဘူး။
ပူပန်စရာမလိုဘူး။
ပစ္စုပ္ပန်တည့်တည့်မှာ အရာရာပြည့်စုံလာတယ်။
ပစ္စုပ္ပန်တည့်တည့်မှာ ဘဝဟာ ပြည့်စုံတယ်။

​ထွေ​ထွေထူးထူး မ​တွေးပါနဲ့။
သတိ​လေးနဲ့သာ

ဝင်သက်ကို ရှူသွင်းလိုက်ပါ။
ထွက်သက်ကို ရှိုက်ထုတ်လိုက်ပါ။
ဟုတ်ပါတယ်။
သင်ဟာ ​ဟောဒီ ပစ္စုပ္ပန်တည့်တည့်မှာ ထာဝရဖြစ်တည်​​နေရင်း ပြီးပြည့်စုံတဲ့ သန္တိသုခကို ခံစားနိုင်​နေပါပြီ။

_________ + လျှပ်စီး - မိုးကြိုး _________

22/01/2022

လောက၏ အမြင့်မားဆုံးစွမ်းအား 》》 ​မေတ္တာ
(The most powerful 》》 Good

အ​ရောင်း​လောကက ညီငယ် ညီမငယ်တို့အတွက် သုတအဖြစ် မျှ​ဝေပါရ​စေ။

》》》》》》》》》》

စကြာဝဠာ အနန္တရှိသည်။

​၄/၈/၁၆ အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတဲ့ ဘုရားအဆူဆူတို့ဟာ အလုံးစုံကို သိတဲ့ဥာဏ်ရလာတဲ့အခါမှာ ထိုဘုရားရှင်ရဲ့ အာဏာစက်သည် စကြာဝဠာ ကု​ဋေ​ပေါင်း တစ်သိန်းအထိ ပျံ့နှံ့နိုင်ပါတယ်တဲ့။

ဘုရားရှင်ရဲ့ ဂုဏ်သတင်း၊ ဘုရားရဲ့တရားကို နာချင်လို့ ချဥ်းကပ်တဲ့ နတ်/ဗြဟ္မာတို့ဟာ စကြာဝဠာ ကု​ဋေတစ်သိန်းက လာနိုင်ကြတယ်။ သူတို့လာပြီး တရားနာနိုင်ဖို့လည်း ဘုရားရှင်က တန်ခိုးနဲ့ စီရင်နိုင်သလို/ လိုအပ်လျှင်လည်း မြတ်ဘုရားသည် အာဏာစက် ပျံ့နှံ့ရာ​ဒေသအတွင်းက ဘယ်​နေရာဖြစ်ဖြစ် တမုဟုတ်ချင်း အ​ရောက်သွားပြီး တရာ​ဟောနိုင်တယ်တဲ့။

မြတ်ဗုဒ္ဓက ဆန္ဒရှိလျှင် စကြာဝဠာ ကု​ဋေတစ်သိန်းလုံးကို အ​မှောင်လည်းချနိုင်တယ်၊ အလင်း​ရောင်လည်း ဖြန့်ကျက်နိုင်တယ်၊ ရုပ်မြင်သံကြားစက်ကြီးလွှင့်သလို အားလုံးမြင်ရ​အောင် လည်း တရား​ဟောနိုင်သတဲ့။

အဲ့ဒီ​လောက် အစွမ်းထက်တဲ့ မြတ်ဗုဒ္ဓက ​မေတ္တာဓါတ်အ​ကြောင်း ဘယ်လို​ဟောသလဲဆို​တော့ "​မေတ္တာဓါတ်သည် စကြာဝဠာအနန္တသို့တိုင် ပျံ့နှံနိုင်စွမ်းရှိတယ်"လို့ ​ဟောခဲ့ဖူးပါတယ်။

စကြာဝဠာ ကု​ဋေတစ်သိန်း/နှစ်သိန်း/ တစ်သန်း​လောက် မဟုတ်ဘူး​နော်၊ အနန္တအထိ ပျံ့နှံ့နိုင်တာပါ။ ​မေတ္တာဓါတ်က။

》》》》》》》》》》》》》
ဗြဟ္မာ့ပြည် ၂၀ ရှိတဲ့အထဲမှာ ​အောက်ဆုံးဘုံဖြစ်တဲ့ ပထမစျာန်ဘုံက ဗြဟ္မာမင်းတစ်ပါးဟာ​တောင် စကြာဝဠာ တစ်ရာ/တစ်​ထောင်ကို အုပ်ချုပ်နိုင်ပါတယ်တဲ့။ (ဒီကမ္ဘာကြီး​လောက်တင် အုပ်စိုးတဲ့အဆင့်မဟုတ်ပါဘူး)

ဒီဘက်​ခေတ် လူ​တွေ​အမြင်နဲ့ ​ပြောရလျှင် Creator ကြီး​တွေလို​ပေါ့။ မိုး​တွေရွာ​အောင်၊ ​ရေ​တွေကြီး​အောင်၊ သစ်​တော​တွေ တိုးပွားလာ​အောင် စွမ်းနိုင်ကြတယ်။ အဲ့​လောက်က​တော့ သူ့ထက်နိမ့်တဲ့ နတ်​တွေ​တောင် စွမ်းနိုင်ကြပါ​ပေတယ်။

အဲ့ဒီ ပထမစျာန်ဘုံဆိုတာ ဒီဘက်​ခေတ်လူသား​တွေ တရားကျင့်ရင်း ပထမအဆင့် ပထမစျာန်ရလျှင်​တောင် စျာန်မ​လျောပဲ ​သေခဲ့ရင် ​ရောက်နိုင်တဲ့ ဘုံပါ။

ဥပမာ တရားထိုင်ရင်း/ ​မေတ္တာပို့ရင်း/ အာနာပါနကျင့်ရင်းနဲ့ စိတ်​တွေတည်ငြိမ်လာပြီး ကိုယ်​ရော စိတ်​ရော တစ်သိမ့်သိမ့်နဲ့ ပီတိဖြစ်တဲ့အဆင့်​ပေါ့။ အဲ့ဒါ ပထမစျာန်အဆင့်ပါ။ ​တော်​တော်တန်တန် ဥာဏ်/အရည်အချင်းရှိတဲ့လူသား အချိန်တို​လေးအတွင်း တစ်ကယ် ​လေ့ကျင့်လျှင် ရနိုင်တဲ့အဆင့်ပါ။

》》》》》》》》》》》》》

ဒီ​တော့ တိုတို​ပြောကြပါစို့။
လူသားတစ်​ယောက်ရဲ့ စစ်မှန်​သော ​မေတ္တာအစွမ်းဟာ စကြာဝဠာ အနန္တအထိ ပျံ့နှံ့နိုင်တဲ့ အစွမ်းသတ္တိရှိသည်​ပေါ့။

အဲ့ဒီအစွမ်းကို မိမိတတ်စွမ်းသ​လောက် ​နေ့စဥ် များများ​လေး သုံး​စေချင်တယ်။ ပိုပိုပြီး ထက်မြတ်လာ​အောင်လည်း အားထုတ်​စေချင်ပါတယ်။

၂ မိနစ်​လောက် စူစူစိုက်စိုက် ပို့လွှတ်လိုက်တဲ့ ​မေတ္တာရဲ့ တန်ဖိုးဟာ ​ဟောဒီကမ္ဘာ​မြေကြီးနဲ့အပြည့် ရုပ်ဝတ္တု​တွေကို မြတ်ဘုရားကို လှူတာထက် အကျိုးများ​ကြောင်း (တန်ဖိုးကြီး​ကြောင်း)ကိုလည်း မြတ်ဗုဒ္ဓက ​ဟောခဲ့ဖူးပါတယ်။

》》》》》》》》》》》》》》

ဥပမာ​ပြောပြပါရ​စေ။
အ​ရောင်းသမားတစ်​ယောက်ဟာ လူတစ်ရာကို ​​စေတနာ​ ​မေ တ္တာကောင်း​ကောင်းနဲ့ ရှင်းပြလိုက်တယ်။
အဲ့ဒီ လူ တစ်ရာလုံးက သူ့ပစ္စည်းကို မဝယ်ဘူး။ ဒါ​ပေမယ့် အဲ့ဒီလူ​တွေနဲ့ ဆက်စပ်ရာ​တွေက ပစ္စည်း​တွေ လာဝယ်ကြတယ်။
လာဝယ်သူ​ရော မဝယ်သူ​ရောရဲ့ ကွန်ယက်စွမ်းအားနဲ့ အဲ့ဒီအ​ရောင်းသမားက သိ​တောင်မသိတဲ့ ​နောက်ထပ် ​နောက်ထပ်လူ​တွေလဲ သူ့ပစ္စည်းကို လာဝယ်ကြတယ်။
အဲ့ဒါ ​မေတ္တာရဲ့ ပျံ့နှံ့ပုံ နမူနာပါပဲ။

စက်ပြင်သမားတစ်​ယောက်ဟာ ​မေတ္တာအပြည့်နဲ့ ယာဥ်ကို ပြင်​ပေးလိုက်တယ်။ ဒါ​ကြောင့် ယာဥ်ဟာ​ကောင်းသွားလို့ ယာဥ်​မောင်းဟာ လွန်စွာ စိတ်ချမ်းသာသွားတယ်။ ဒါ​ကြောင့် တစ်​နေ့လုံး ခရီးသည်​တွေကို ယခင်​နေ့ကထက် ​ကောင်း​ကောင်း ဆက်ဆံ​နေမိတယ်၊ ဝင်​ငွေ​တွေလည်းရတယ်၊ မိသားစုအတွက်လည်း ​ငွေရှာနိုင်လို့ အဆင်​ပြေသွားတယ်။
တစ်ဖန် သူ​ကောင်း​ကောင်း ဆက်ဆံလိုက်တဲ့ ခရီးသည်ဟာလည်း စိတ်ကြည်လင်သွား​တော့ အလုပ်ကို​ရောက်​တဲ့အခါ သူ့ရဲ့ ​ဖောက်သည်​တွေကို ​ကောင်း​ကောင်းမွန်မွန်ကို ဆက်ဆံ​နေမိတယ်။ ဒီလို​နဲ့ ​နောက်ထပ် . . ​နောက်ထပ် . . ပျံ့နှံ့မယ်​ပေါ့။
ဒါဟာလည်း ​မေတ္တာရဲ့ ပျံ့နှံ့ပုံ နမူနာပါ။

သူ့စွမ်းအားအလိုက် ပျံ့နှံ့ပါလိမ့်မယ်။

မိမိရဲ့ ဝယ်ယူသူ​တွေအ​ပေါ်မှာ ​မေတ္တာအပြည့်ဖြင့် ​ပြောလိုက် ​ရောင်းလိုက်၊ အခက်အခဲ​တွေ ကူညီ​ပေးလိုက်တဲ့ အ​ရောင်းသမား၏ ​မေတ္တာစွမ်းအားအရှိန်သည် သူအိပ်ပျော်​နေ​သော်လည်း စွမ်းအားအရှိန်က​တော့ ဆက်လက်ခရီးဆန့်ကျယ်ပြန့်​နေမည်သာ။ ​သူ့ထံ ​နောက်ထပ် ​နောက်ထပ် ဝယ်ယူသူ​တွေ ချိတ်မိလာ​အောင် အကျိုးပြု​နေမည်သာ။

》》》》》》》》》》》》》

​လောကကြီးမှာ လူသားတစ်​ယောက်က ပြုမူလိုက်တဲ့ ​ကောင်းတဲ့/ မ​ကောင်းတဲ့လုပ်ရပ်​တွေဟာ စက်ကွင်းလည်ပါတ်သွားပုံမှာ အလွန်ရိုးရှင်းသ​လောက် ဆန်းကြယ်ပါတယ်။ စွမ်းအား​တွေ ပါပါတယ်။

ကျွန်​တော်တို့ အရိုးရှင်းဆုံး အသုံးချနိုင်တာက​တော့ မိမိ​ပေါ်မိမိ မိမိ​ရှေ့ကအလုပ်၊ မိမိ​ရှေ့က လုပ်​ဖော်ကိုင်ဘက်၊ မိမိ​ရှေ့က ​ဖောက်သည်​တွေအ​​ပေါ်မှာ ​စေတနာ/ ​မေတ္တာ​ကောင်း​ကောင်း​လေးသာ ထားလိုက်ဖို့ပါပဲ။
ထားနိုင်ရင် မိမိအတွက် ပိုအကျိုးရှိမယ်။

》》》》》》》》》》》》》

Marketing မှာလဲ အသုံးချပါ။

လူ​တွေဟာ Bajaj ကိုဝယ်တာ သူတို့ဘဝ​တွေ ပိုမိုအဆင်​ပြေ သာယာစို​ပြေလာချင်လို့ပါ။
သူတို့ဘာလို့ လိုချင်တာလဲဆိုတာကို သိပြီး မိမိက ​စေတနာ ​မေတ္တာထားလိုက်တာနဲ့ အဲ့ဒီအခိုက်ဟာ ​အောင်မြင်မှု မှတ်တိုင် စိုက်ထူလိုက်တာပါ။
ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် သုံးပါးလုံးအတွက် ​ကောင်းမွန်တဲ့ ပုံရိပ်ကို ဖန်တီးလိုက်တာပါ။

တစ်ခါ​မေတ္တာထားလျှင် တစ်ခါ​​အောင်မြင်မှု၊ အကြိမ်ကြိမ် ​​မေတ္တာထားလျှင် အကြိမ်ကြိမ်​အောင်မြင်မှု။ အဲ့ဒါ​လေး​တွေ စုစည်းများပြားလာခြင်းဟာ ဘဝရဲ့ ​အောင်မြင်မှု​တွေ​ပေါ့။

မိမိ​ရှေ့က လူကို ယခုလက်ငှင်း ​မေတ္တာထားလိုက်ခြင်းသည် ပစ္စုပ္ပန်မှာ ချက်ချင်း အဲ့ဒီ​​မေတ္တာဓါတ်ဟာ မိမိကိုယ်တွင်း ပျံ့နှံ့သွားလို့ မိမိမှာ ချက်ချင်း ချမ်းသာတယ်။ ထိုသူအဆင်​ပြေသွားတာကို မြင်ရလျှင် ထပ်ဆင့်ချမ်းသာမယ်။
​နောက်တစ်​နေ့ကို ​ရောက်တဲ့အခါမှာ အဲ့ဒါသည် ​ကောင်းမွန်တဲ့ အတိတ်ဖြစ်သွားမယ်၊ ပြန်​တွေးတိုင်း စိတ်ချမ်းသာမယ်။
အနာဂတ်မှာလည်း ​ကောင်းမွန်တဲ့ ရလဒ်​တွေဟာ ကြို​နေလိမ့်ဦးမယ်။ (အ​ရောင်းသမားဆို အဝယ်​တွေ လာ​တော့မယ်​ပေါ့)

ဒီ​တော့ ပစ္စုပ္ပန် တစ်ချက်​ကောင်းသည် ကာလသုံးပါစလုံးမှာ အနိုင်ရရှိသွား​စေတဲ့ လုပ်ရပ်ကို တည်​ဆောက်/ပြုစုပြီးသား ဖြစ်သွားတယ်။

အဲ့ တစ်ကယ်တမ်း ချမ်းသာသုခကို ခံစာရမည်က​တော့ ပစ္စုပ္ပန် တည့်တည့်မှာသာ ဖြစ်တယ်။ ကာလဆိုတာ သ​ဘောအရ ​ပြောခြင်းသာ ဖြစ်တယ်။

》》》》》》》》》》》》》》》》

​ကောင်းတဲ့အ​တွေး၊ ​ကောင်းတဲ့အ​ပြော၊ ​ကောင်းတဲ့ လုပ်ရပ်​တွေသည် မိမိရင်တွင်းက ​ကောင်းတဲ့ ​မေတ္တာဓါတ်က​လေး​အ​ပေါ်မှာ အ​ခြေတည်တယ်။

​​ကောင်းမွန်တဲ့အရာဆိုတာ တွေးတာနဲ့၊ ​ပြောတာနဲ့ လုပ်တာနဲ့ ချက်ချင်းဆိုသလို ထိုသူ့ကို ​ကောင်းကျိုး​တွေ ပြု​နေ​တော့တာပါ။

​ဆေးသိပ္ပံမှာ Hormone တို့ Neuro transmitter တို့ဆိုတာ ရှိတယ်။ တရား​တော်မှာ​တော့ စိတ္တဇရုပ်ဆိုတာရှိတယ်။
အဲ့ဒီ ရုပ်ကလပ်အမှုန်​တွေဟာ လူသားရဲ့ကိုယ်တွင်းမှာ သ​ဘောအားဖြင့် အမှန်ရှိတယ်။

လူသားဟာ ​ကောင်းတာကို စ​တွေးလိုက်တာနဲ့ အဲ့ဒီရုပ်ကလပ်အမှုန်​တွေဟာ ဖြစ်​ပေါ် ဖွဲ့စည်းလာကြပြီး​တော့ ချက်ချင်း ချက်ချင်း သူ့တို့ရဲ့ ဆိုင်ရာ ဆိုင်ရာ တာဝန်​တွေကို ရုပ်ပိုင်းဆိုင်ရာ​ရော စိတ်ပိုင်းဆိုင်ရာ​ရော လွှမ်းမိုးချုပ်ကိုင် လုပ်​ဆောင်​နေကြတယ်။
ချက်ချင်းလုပ်တာ​နော်။
သင်ကိုယ်တိုင် ခံစားကြည့် သိလာပါလိမ့်မယ်။
​သင်မ​ပြောနဲ့ ​ဘေးကလူ​တောင် တစ်ခါတစ်ရံ သူတို့ရဲ့ အရှိန်သတ္တိကို ခံစားမိနိုင်တယ်။

အဲ့ဒီလို ​ကောင်းတဲ့ ရုပ်ကလပ်အမှုန်​တွေဟာ သင့်ကို ​အေးချမ်း​အောင်၊ ​သွေးလည်ပါတ်မှု မှန်ကန်​အောင်၊ ကျန်းမာ​အောင်၊ ရွှင်လန်း​အောင်၊ ဥာဏ်​တွေပွင့်​အောင် ​ကျေးဇူးပြုကြပါတယ်။

အမှန်တစ်ကယ် ​ကျေးဇူးပြုကြပါတယ်။
​လေ့လာကြည့်ပါ။

》》》》》》》》》》

ဒီ​တော့ မိမိ/သူတစ်ပါးတို့အ​ပေါ်မှာထားတဲ့ ​ကောင်းမွန်တဲ့ ​မေတ္တာစိတ် စွမ်းအားဟာ မိမိကို ကိုယ်​ရော စိတ်​ရော ကျန်းမာ ချမ်းသာ​စေဖို့၊ ကြွယ်ဝ​စေဖို့ ​သေချာ​ပေါက်အကျိုး​ပေးနိုင်တယ်ဆိုတာ ယုံကြည်ထားပါ မိတ်​ဆွေတို့​ရေ။

အဲ့ဒီ အနန္တစကြာဝဠာအထိ ပျံ့နှံ့နိုင်တဲ့ စွမ်းအားဓါတ်ကို ​နေ့စဥ် များများကြီး အသုံးချလိုက်စမ်းပါ။ အမြဲ ဆုပ်ကိုင် အသုံးချလိုက်စမ်းပါ။

ကာလသုံးပါးလုံးမှာ ​ကောင်းကျိုး​တွေ ဆင့်ပွားခံစားကြရပါလိမ့်မယ်ဆိုတာ မျှ​ဝေ​ပေးလိုက်ပါတယ်။

THINKER

22.Jan.2022 (Saturday, 9:21 pm)
Mandalay

_________ + လျှပ်စီး - မိုးကြိုး _________

Photos from BURMA Thinker's post 23/12/2021

"Sylvester Stallone ၏ ပြည့်စုံ​သော အားထုတ်မှု"

🌷 ​အောင်မြင်မှုဆိုတာ ကြိုးစားအားထုတ်မှု​တွေ ပြည့်စုံသွားမှ ထိုက်ထိုက်တန်တန် ရရှိသွားတာမျိုးပါ။

၁။ Stallone ကို ​မွေးတဲ့အချိန်မှာ ​မွေးရခက်လို့ ညှပ်နဲ့ ဆွဲထုတ်ခဲ့ရတယ်။ ထို့​ကြောင့် ပါးတစ်ခြမ်းရွဲ့ပြီး စကားလည်း မပြီဘူး။ ငယ်ငယ်က သိပ်အ​လှောင်ခံရတယ်။ ဖြစ်ချင်တာက ကမ္ဘာ​ကျော် ရုပ်ရှင်မင်းသားကြီးတဲ့။ ငယ်ငယ်က မိသားစုအ​ပေါ် သိပ်နှိပ်စက်တတ်တဲ့ ဖခင်ဒဏ်လည်း ခံခဲ့ရ​သေးတယ်။

၂။ မူလတန်းမှာ သူ့ညီကို အနိုင်ကျင့်တဲ့ ​ကျောင်းသား​တွေကို ပြင်းပြင်းထန်ထန် တုန့်ပြန်မိလို့ လူငယ်ထိန်းသိမ်း​ရေးစခန်းမှာ (က​လေးထောင်) ​နေခဲ့ရတယ်။ ပြန်လွတ်လာ​တော့ သူ့အ​မေနဲ့ ညီ​လေးကို ရှာလို့မ​တွေ့​တော့ဘူး။ သူက အ​မေကို ချမ်းချမ်းသာသာ ထားချင်တယ်။ ဝင်​ငွေသိပ်​ကောင်းတဲ့ ကမ္ဘာ​ကျော် ​ဟောလီးဝုဒ်မင်းသားဖြစ်ချင်တာ။

၃။ ​နေ့ဘက် ကူလီထမ်းတယ်၊ ညဘက် သရုပ်​ဆောင်ပညာ ​လေ့လာတယ်။ မင်းသားဖြစ်ချင်တယ်။ ​နေရာမရဘူး။ ကူလီသမား​တွေ အ​လှောင်ခံရတယ်။

၄။ ​လက်​ဝှေ့ထိုး ​လေ့ကျင့်တယ်။ ​မြေ​အောက်ပွဲ​တွေ ထိုးတယ်။ ပွဲက ​စျေးသည်​မ​လေးနဲ့ညားတယ်။ မင်းသားရူးရူးပြီး ပိုက်ဆံ​ကောင်း​ကောင်းမရှာလို့ မိန်မက အိမ်​ပေါ်က နှင်ချခံရတယ်။ ​ခွေးတစ်​ကောင် (သူ့​ခွေးနာမည်က ROCKY) နဲ့ လမ်း​ပေါ်​ရောက်သွားတယ်။ အဆင်မ​ပြေလို့ သူ့​ခွေး​လေးကို​တောင် ​ရောင်းလိုရတဲ့အထိပဲ။ ဒါ​ပေမယ့် မင်းသားကြီး ဖြစ်ချင်စိတ်က ရပ်မသွားဘူး။

၅။ ရုပ်ရှင် မင်းသား​တွေ၊ ဒါရိုက်တာ​တွေလာတဲ့ Gym မှာ သန့်ရှင်း​ရေးသမားဝင်လုပ်တယ်။ ဒါရိုက်တာ​တွေကို အိုက်တင်​တွေလုပ်ပြတယ်။ သူ့ကို မင်းသားတင်ရိုက်ခိုင်းတယ်။ အဆင်မ​ပြေပါဘူး။ သူ့ပုံစံက ဟာသမျှသာပါပဲ။

၆။ လက်​​ဝှေ့ကျော် မိုဟာမက်အလီရဲ့ ပွဲကို ကြည့်ရာက စိတ်ကူးရပြီး သူ့ကိုယ်သူ မင်းသားအဖြစ် ပုံ​ဖော်ထားတဲ့ ဇာတ်ညွှန်းကို မနားတမ်း နာရီ ၂၀ ​ကျော်ကြာ​ရေးချလိုက်တယ်။ ဇာတ်လမ်းနာမည်ကို သူ့​ခွေး​လေး နာမည်​ပေးလိုက်တယ် "ROCKY" တဲ့။

၇။ ဇာတ်ညွှန်ကို ရုပ်ရှင် ထုတ်လုပ်သူ​တွေထံ လိုက်ပြတယ်။ ဇာတ်ညွှန်ကို​တော့ ကြိုက်တယ်။ ဝယ်ချင်ကြတယ်။ ​ဒေါ်လာ တစ်သန်းအထိ ​ပေးတဲ့သူ​တောင် ရှိလာတယ်။ သူ့ကို​တော့ No ပါ။ သူကလည်း သူကိုယ်တိုင် မင်းသားမလုပ်ရလျှင် ဘယ်​လောက်​ပေး​ပေး ဇာတ်ညွှန်းကို မ​ရောင်းဘူး။ ဒီလိုနဲ့ . . .

၈။ ဇာတ်ညွှန်းကိုလည်း ဝယ်မယ်။ သူ့ကိုလည်း မင်းသား​နေရာမှာ ထားရိုက်မယ်။ ရုံတင်လို့ အမြတ်​တွေ ရတဲ့အခါ အချိုးကျ ​ပေးမယ်ဆိုတဲ့ Boss ​ပေါ်လာတယ်။ သို့​သော် ​ချပေးတဲ့ ​ငွေက နည်းလို့ ​နောက်ထပ် အကျိုးတူ ​ငွေစိုက်မယ့် Boss ​တွေ ထပ်ရှာပြီး အကြိမ်​ပေါင်းများစွာ စည်းရုံးရတယ်။ သူ့​ခွေး​လေးကို ​ဒေါ်လာ ​သောင်း​ကျော်နဲ့ အဆမတန်​ငွေ​ပို​ပေးပြီး​တော့ ပြန်​ရွေးခဲ့တယ် ✊💪

၉။ ရပါပြီ။ ဇာတ်လမ်းရိုက်ဖို့ ​ငွေလုံလုံ​လောက်​လောက်ရပါပြီ။ လက်​ဝှေ့ထိုးခန်း​တွေမှာ သရုပ်ပီ​အောင်လို့ ပြိုင်ဘက်ကို အားမနာတမ်း တစ်ကယ်ထိုးခိုင်းတယ်။ သူ့ရဲ့ နှစ်​ပေါင်းများစွာ ရူးသွပ်မှု၊ ​လေ့လာမှု၊ ​လေ့ကျင့်မှု၊ အားခဲထားမှု​တွေ အားလုံးကို အားသွန်စိုက်ပြီး ROCKY ဇာတ်လမ်းကြီးကို ရိုက်ကူးတယ်။

၁၀။ 1976 မှာ​ပေါ့ ROCKY ကို ရုံတင်​တော့ $ 225 Millions ရတယ်။ (2020 ခုနှစ်နှုန်းနဲ့ဆို $1.02 Billions ​ပေါ့). OSCAR FOR BEST PICTURE ဆု​တွေ ရတယ်။ Stallone လည်း ချမ်းသာ သွားပါတယ်။ ​​နောက်ပိုင်းလည်း အာနိုးနဲ့​ခေတ်ပြိုင် ဇာတ်ကားကြီး​တွေ ​အောင်မြင်ပါတယ်။

၁၁။ မြန်မာ​တွေက​တော့ RAMBO ဇာတ်လမ်းနဲ့ Stallone ကြီးကို သိကြတယ်။ အဲ့​ခေတ်က ​ခွေး​လေး​တွေကိုလည်း RAMBO ဆိုပြီး နာမည်​ပေးကြတယ်။ ကျွန်​တော်အစက​တော့ ​မ​ကောင်းမြင်မိ​သေးတယ်။ အခု​တော့ . . . ​သြော် Stallone ကြီး ကိုယ်တိုင်က ​ခွေးချစ်သူပဲ​လေ။ သူ့ရဲ့ ပထမဆုံး ဇာတ်ကား နာမည်ကို​တောင် သူ့​ခွေး​လေးနာမည် ROCKY ဆိုပြီး​ပေး​သေးတာပဲ​လေ။

၁၂။ သူတို့​ခေတ်က​တော့ အ​မေရိကားတစ်ခွင်မှာ အာနိုးနဲ့ စတားလုံးက လုံးဝပြိုင်ဘက်​တွေပဲ။ ဘယ်သူ့ကားက ပိုကြမ်းတယ်၊ ဘယ်သူက ပိုဆိုက်ကျတယ်။ ဘယ်သူ့ Muscle က ပိုကြီးတယ် စသဖြင့်​ပေါ့။ Stallone ကြီးကလည်း ပြည်သူချစ်တဲ့ မင်းသား​ပေါ့ . . ဟုတ်လား။

၁၃။ ​သြော် . . . ​အောင်မြင်မှုအတွက် စတားလုံးရဲ့ အရင်းစိုက်ထုတ်မှု​တွေကို ကြည့်ပါဦး။ အချိန်ကာလ၊ စိတ်အားထက်သန်မှု၊ ​လေ့လာမှု၊ ​လေ့ကျင့်မှု၊ သူ့မိသားစုဘဝ၊ သူချစ်တဲ့ ​ခွေး​လေး၊ ရုန်ကန်မှု၊ ဇွဲ၊ စဥ်ဆက်မပြတ်အားစိုက်မှု​တွေနဲ့ နှစ်​ပေါင်းများစွာ ။ ဒါ​တွေအားလုံးဟာ အကြိမ်​ပေါင်း​မြောက်များစွာ ​ပေါင်းဆုံလာမှ၊ စု​ပေါင်းသွားမှ ​အောင်မြင်မှုဆိုတာဆီကို စိတ်အားထက်သန်မှု​ပေါင်းများစွာ၊ လက်​တွေ့လုပ်​ဆောင်မှု​ပေါင်းများစွာ၊ စိတ်ကူးအိပ်မက် ​ပေါင်းစပ်မှု​ပေါင်းများစွာ ရင်းပြီး ​ရောက်သွားခဲ့တယ်​လေ။
. . မ​အောင်မြင်မချင်း​ရော Stallone က ရပ်သွားမယ် သင်ထင်​နေလား . . . ¿

မိုင် ၁၀၀၀ သွားမှ ​ရောက်မည့် ပန်းတိုင်းကို ၁၀ မိုင်​လောက်ပဲ လမ်း​လျောက်ပြီး . . . ကျွန်​တော် လုပ်ခဲ့ပြီးပြီ မ​အောင်မြင်ဘူးလို့ ​ပြောမလား ???

သို့မဟုတ် . . . ကိုယ်သွားချင်တဲ့ ပန်းတိုင်ရဲ့ အတိုင်းအတာနဲ့ ​နေ့စဥ် ကိုယ့်ရဲ့ လုပ်​ဆောင်ချက်​တွေရဲ့ ထိ​ရောက်မှု အတိုင်းအတာကို မသိပဲ မ​အောင်မြင်​ကြောင်း ​ပြောချင်​သေးလား ???

☆THINKER
10:06 PM 23.DEC.2021
MANDALAY MYANMAR

_________ + လျှပ်စီး - မိုးကြိုး _________

Photos from BURMA Thinker's post 23/12/2021

“အတွေးအမြင်ကောင်းနှင့် နေ့စဉ် ရုန်းကန်ခြင်း”
“Daily Struggling with Positive Attitude”

အိန္ဒိယ ဝန်ကြီးချုပ်မိုဒီက ပြောခဲ့တယ်။ ရေတစ်ဝက်ပဲရှိတဲ့ ဖန်ခွက်အပေါ်မှာတောင် လူတွေရဲ့ အတွေးအမြင်တွေက ၃ မျိုးကွဲတတ်တယ်တဲ့။
(၁) ဟင် . . ဖန်ခွက်ထဲမှာ ရေက တစ်ဝက်လေးပဲရှိတယ်။
(၂) ဖန်ခွက်ထဲမှာ ရေတစ်ဝက်ကြီးများတောင် ကျန်ပါသေးတယ်။
(၃) ဖန်ခွက်ထဲမှာ ရေတစ်ဝက် + လေတစ်ဝက်ရှိတယ်။ အဲ့တော့ အပြည့်ရှိတယ်ပေါ့။
နံပါတ် (၃) အမြင်မျိုးရှိသူတွေဟာ ဘဝမှာ အောင်လည်း အောင်မြင်တယ်။ ပျော်လည်း ပျော်ရွှင်ကြတယ်တဲ့။

☆》☆》☆》☆》☆》☆》☆》☆》☆》

ကမ္ဘာကျော်မင်းသားကြီး စတားလုံးကို မွေးတုန်းက မွေးရခက်လို့ ညှပ်နဲ့ဆွဲထုပ်မွေးခဲ့ရတယ်။ ညှပ်ဆွဲတဲ့ ဒဏ်ချက်ကြောင့် စတားလုံးက ပါးတစ်ခြမ်းရွဲ့သွားခဲ့ပြီး စကားပြောလည်းမပီဘူးတဲ့။ ငယ်ငယ်ကဆို အလှောင်ခံရတယ်။
အရမ်းဆင်းရဲတယ်၊ ကျောင်းထွက်ရတယ်၊ ကုန်ထမ်းသမားဘဝနဲ့ ညဘက်တွေမှာ သရုပ်ဆောင်ပညာကို လေ့လာတယ်။
သူ့အနေအထားနဲ့က ကမ္ဘာကျော်မင်းသားဖြစ်ဖို့ သိပ်အလှမ်းဝေးသလိုပါပဲ။
ဒါပေမယ့်လည်း ကမ္ဘာကျော်မင်းသားကြီး အားနိုးနဲ့ ခေတ်ပြိုင် သိပ်ကို အောင်မြင်ခဲ့ပါတယ်။

☆》☆》☆》☆》☆》☆》☆》☆》☆》

အရောင်းသမားဘဝနဲ့ လစဉ် Target တွေ Hit ဖြစ်ပြီး အောင်မြင်ဖို့ဆိုလျှင် စိတ်ဓာတ်လည်း မြင့်မားရမယ်။ နေ့စဉ်လည်း အထူးကြိုးစားနေရမယ်။ အကောင်းမြင်စိတ်နဲ့ ပွင့်လင်းတဲ့ စိတ်ထား၊ ချဉ်းကပ်ပုံလည်း တိုးတက်နေရမယ်။

မိမိကို Target - ၆ စီးပေးတယ်ဆိုပါစို့။ မိမိရဲ့ ရည်မှန်းချက်နဲ့ ကိုယ်ပိုင် Target ကို ၄ ဆလောက် အနည်းဆုံးထားပြီး နေ့စဉ် အကောင်းဆုံး ကြိုးစား။ အဲ့ဒါဆို Target လည်း မြန်မြန်ပြည့်မယ်။ လစာ/ရာထူးလည်း မြန်မြန်တိုးမယ်။ သူများတွေက ခက်ခဲလို့ ညည်းတွား စိတ်လေရင်း အချိန်ကုန်နေချိန်မှာ မိမိက အရောင်းတွေရနေမယ်။ အရောင်းရနိုင်မည့် နည်းလမ်းတွေ၊ Customer တွေနဲ့ တွေ့နေမယ်။

ဘာကြောင့်လည်း ?
သူ့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ စိတ်အားတက်ကြွမှုပိုင်းဆိုင်ရာ၊ အာရုံစူးစိုက်မှုပိုင်းဆိုင်ရာကိုက အားကောင်နေတာလေ။ ကြိုးစားနေတာလေ။ နည်းလမ်းရှာနေတာလေ။ သူ့လောက် စိတ်ဓာတ်၊ စွမ်းရည်၊ ကြိုးစားမှု ညှစ်မထုတ်တဲ့သူထက် သာနေမှာ မဆန်းပါဘူး။

တစ်ကယ်တမ်းကျတော့ အောင်မြင်မှုဆိုတာ လူတိုင်းရဲ့ စက္ကန့်တိုင်းမှာ တည်ရှိပါတယ်။ မိမိရရ တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နဲ့ အမိဖမ်းနေဖို့ (ကြိုးစားနေဖို့)ပဲ လိုတာပါ။

မိမိရဲ့ ထက်သန်မှု၊ လုပ်ဆောင်မှုတွေရဲ့ အတိုင်းအတာကို ကိုယ်တိုင် ကောင်းကောင်းသိလာလေ တစ်နေ့တာမှာ မိမိ လုပ်ဆောင်လိုက်မှုဟာ ဘယ်လောက်ခရီးရောက်သလဲဆိုတာ ကိုယ်တိုင်သိလာလေ ဖြစ်ပါလိမ့်မယ်။ အဲ့ဒီအခါကျတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာပါလိမ့်မယ်။

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အရောင်းသမားတိုင်း အောင်မြင်ကြပါစေ။

THINKER
_________ +လျှပ်စီး - မိုးကြိုး _________

14/12/2021

☆ လူငယ်တို့၏ ဓန ☆

》》 အချိန်၊ ခွန်အား၊ စိတ်ဓါတ် ထက်သန်မှုဟာ လူငယ်တိုင်းရဲ့ ဓန စစ်စစ်ပဲ။

》》 လူငယ်ဟာ လူတန်း​​စေ့နေနိုင်မှုသာမက၊ အဆင့်အတန်းမြင့်မြင့်​နေနိုင်ဖို့အတွက် ရပိုင်ခွင့် ၁၀၀၀% ရှိတယ်။

》》 လက်ရှိ မိမိမှာ အသိပညာ၊ ကျွမ်းကျင်မှု နှင့် ​ငွေ သုည ဖြစ်​နေဦး​တော့ > လူငယ်သည် စိတ်ဓါတ်နဲ့ ရည်မှန်းချက်ကို မြင့်မြင့်မားမားထားရမယ်။

》》 ​ပြောရမယ်ဆိုရင် မြန်မာပြည်ရဲ့ လူငယ်တိုင်းအတွက် - အတတ်ပညာ​တွေ၊ စနစ်ကျတဲ့ အိုးအိမ်​တွေ၊ ကျန်းမာ​ရေးနဲ့ ညီညွတ်တဲ့ အာဟာရပြည့်အစားအစား​တွေ၊ အခမဲ့ ကျန်းမာ​ရေးစနစ်​တွေ၊ လှပ စိမ်းစိုတဲ့ သဘာဝပါတ်ဝန်းကျင် ရာသီဥတု​တွေဟာ ​စောင့်ကြို​နေ​လေရဲ့။

》》 မြန်မာပြည်ရဲ့ မျိုးဆက်သစ်ဟာ အခုစပြီ။ သူတို့ဟာ စိတ်ဓါတ်​ကောင်း​ကောင်းနဲ့ မိမိကိုယ်မိမိ ထိန်း​ကျောင်းရင်း အသိပညာ​တွေ အဆက်မပြတ် ဆည်းပူး၊ ကျွမ်းကျင်မှု​တွေ မြှင့်တင်ကြရင်း ဝင်​ငွေ​တွေလည်း ​ကောင်းလာကြ​တော့မယ်။

ဟုတ်ပါတယ်။ အဲ့ဒီအထဲမှာ အခု ဒီစာကို ဖတ်​နေတဲ့ မိတ်​ဆွေလည်း ပါတာ​ပေါ့။

》》 လူငယ်​တွေဟာ အချင်းချင်း ​လေးစားချစ်ခင်ရင်းနဲ့ သက်ဆိုင်ရာ နယ်ပါယ်အလိုက် စည်းလုံးသွားကြလိမ့်မယ်။

》》 သူတို့ဟာ မိမိကိုယ်မိမိ အရည်အချင်းပိုင်းဆိုင်ရာ၊ စိတ်ဓါတ်အဆင့်အတန်းပိုင်းဆိုင်ရာကို မြှင့်တင်ကြရင်းနဲ့ - သဘာဝပါတ်ဝန်းကျင်နဲ့ သစ်ပင်​တွေကိုလည်း ချစ်မြတ်နိုးလာကြလိမ့်မယ်။

》》 သူတို့ဟာ မြန်မာပြည် သမိုင်းကို ​လေ့လာကြရင်းနဲ့ အတိတ်က ဘိုးဘွားအ​မွေအနှစ် ​တောင်တန်း လွင်ပြင်​တွေမှာ သစ်​တော​တွေကို တစ်ခုပြီးတစ်ခု တည်​ဆောက်လာကြလိမ့်မယ်။

》》 လူငယ်​တွေဟာ သူတို့ရဲ့ ဆန္ဒနဲ့ လုံ့လဟာ သူတို့ရဲ့ ကိုယ်ပိုင် ဥစ္စာဖြစ်​ကြောင်း၊ သူတို့ရဲ့ ​ကောင်းမွန်တဲ့ ထက်သန်တဲ့ ရည်ရွယ်ချက်​တွေဟာ သူတို့ရဲ့ အမှန်ဖြစ်လာမယ့် အနာဂတ်ဖြစ်​ကြောင်း ဆန်းကြယ်စွာ၊ ရှင်းလင်းစွာ သ​ဘော​ပေါက်လာကြလိမ့်မယ်။

》》 ​ဒေသစုံ နယ်ပါယ်စုံက လူငယ်​တွေဟာ မိမိတို့ ​ဒေသအလိုက် ​မြေပြင်၊ ရာသီဥတု၊ လူမှုဓ​လေ့​တွေအလိုက် သဘာဝပါတ်ဝန်းကျင်နဲ့ အပြန်အလှန် အကျိုးပြုမယ့် စီးပွား​ရေး၊ ထုတ်လုပ်​ရေး ကွန်ယက်တွေကို ​ကောင်း​ကောင်းကြီး ချိတ်ဆက်နိုင်လာရင်း မပင်မပန်းနဲ့ စည်းပွားရှာနိုင်လာကြလိမ့်မယ်။

》》 မြို့​ပေါ်က စား​သောင်ဆိုင်ပိုင်ရှင်ဟာ အနီးနား ​​ကျေးလက်က ခြံပိုင်ရှင်ဆီက သီးနှံ သားငါး ရိက္ခါကို ရရှိသလိုပဲ၊ ခြံပိုင်ရှင်ဟာလည်း ထိုစား​သောက်ဆိုင် ပိုင်ရှင်ဆီက​နေပြီး ​မြေသြဇာ၊ အစာကြမ်း​တွေကို အ​လေအလွင့်မရှိ​အောင် ရယူနိုင်ပြီး သူ့ရဲ့ ခြံမှာ ပြန်သုံးနိုင်လာလိမ့်မယ်။

》》 လူငယ်​တွေဟာ micro climate အ​​ကြောင်း၊ စရိတ်နည်းနည်းနဲ့ ထိထိ​ရောက်​ရောက် အစားအစာ ထုတ်လုပ်မှု အ​ကြောင်းကို များစွာ တတ်ကျွမ်းလာလိမ့်မယ်။

》》 ၁ ဧက ​မြေပိုင်တဲ့ လူငယ်ဟာလည်း ဧက ၂၀ ပိုင်တဲ့ အတိတ်က ​ခြံပိုင်ရှင်ထက် ပိုပြီး​တော့ သီးနှံထုတ်လာနိုင်လိမ့်မယ်။
ခလုတ် ၁ ချက် နှိပ်တာနဲ့ သူရဲ့ စိုက်ခင်းစနစ်တစ်ခုလုံးကို ​ရေ​လောင်း အစာ​ကျွေး ဂရုစိုက်ပြီးသား ဖြစ်လာလိမ့်မယ်။

》》 ​ပေ ၂၀၀ ပါတ်လည် ဂို​ထောင်ကို ပိုင်တဲ့ လူငယ်​လေးဟာလည်း တစ်မြို့လုံးအတွက် အသုံးအ​ဆောင်တစ်ခုကို ​ထောက်ပံ့နိုင်​အောင် ကုန်ထုတ်လာနိုင်လိမ့်မယ်။

》》 လူငယ်​တွေဟာ မိမိရဲ့ ကိုယ်တွင်းက အသိဥာဏ်ရယ်၊ စိတ်ရယ်၊ ​​ခြေလက်​တွေရယ်ကိုသာ အားကိုးပြီး၊ အချင်းချင်း စည်းလုံးပြီး ကဏ္ဋအလိုက် တိုးတက်​အောင် ကြံဆနိုင်လာလိမ့်မယ်။

》》 ​ရေနဲ့ စွမ်းအင်လည်ပါတ်မှုကို​တောင် မြန်မာပြည်ရဲ့ လူငယ်​တွေဟာ ကမ္ဘာကြီးကို ကျန်းမာသန်စွမ်း​စေတဲ့ နည်းနဲ့ လုပ်​ဆောင်နိုင်ကြလိမ့်မယ်။

》》 သူတို့သည် စိတ်အားထက်သန်ကြ၏။ ​လေ့လာကြ၏။ ရှာ​ဖွေ စူးစမ်းကြ၏။ မိမိနဲ့ လက်တစ်ကမ်းရှိ သုံးစွဲမကုန်​သော မိခင် ကမ္ဘာ​မြေရယ်၊ ​လေထုနယ်၊ ​နေ​ရောင်ခြည်ရယ်ကိုသာ သုံးပြီး ​အေးချမ်း​ပျော်ရွှင်တဲ့ ဘဝကို တည်​ဆောက်လာနိုင်ကြ​​တော့မည်။

》》 တစ်ဆက်တည်းမှာပဲ သူတို့ရဲ့ လူမှုဘဝ​တွေဟာ အဆင်​ပြေလာကြ၊ အသိ​တွေကြွယ်လာကြပြီး သူတို့ရဲ့ စိတ်ဓါတ်​ရေးရာ​တွေဟာလည်း တိုးတက်လာကြလိမ့်မယ်။ ​

မြေပြင်အပူချိန်ဟာ 36°C ရှိပြီး ​နေရတာ ​အေးချမ်းလိမ့်မည်။
သူတို့ဟာ ၁ ရက်ကို ၄ နာရီ အလုပ်လုပ်ရုံနဲ့ စားဝတ်​နေ​ရေး ​ပြေလည်ကြ၊ စုမိ​ဆောင်းမိလာကြ​တော့ - အချင်းချင်းလည်း ပိုဂရုစိုက်နိုင်လာကြလိမ့်မည်။
ဒါ့အပြင် ပါတ်ဝန်းကျင်ကိုလည်း သန့်ရှင်းစင်ကြယ်​အောင် စီမံနိုင်တာ​ကြောင့် ခြင် ယင် ​ဘေးက လွတ်ကင်းကြလိမ့်မည်။


》》 အထက်ပါ အ​ကြောင်းအရာ​တွေက လူငယ်​တွေဆီမှာ အမှန်ရှိပါတယ်။ သူတို့အတွက် ​စောင့်ကြို​နေပါတယ်။ သူတို့လုပ်နိုင်စွမ်းတာက​တော့
၁။ စိတ်ဓါတ်​ကောင်းဖို့
၂။ ​လေ့လာ​နေဖို့
၃။ အသိနဲ့ ကျွမ်းကျင်မှု မြှင့်တင်​နေဖို့
၄။ အချင်းချင်း ချစ်ခင် စည်းလုံးဖို့
၅။ ပတ်ဝန်းကျင်နဲ့ အပင်​တွေကို ချစ်ဖို့
၆။ မိမိ ပါတ်ဝန်းကျင်ကို သန့်ရှင်းဖို့ပါပဲ။

》》 လူငယ်​တွေက စွမ်းတယ်။
》》 လူငယ်​တွေက ကြိုးစားတယ်။
》》 လူငယ်​တွေက သိမြင်နိုင်စွမ်းရှိတယ်။
》》 လူငယ်​တွေက ထူးခြားတယ်။
》》 လူကြီး​တွေကိုလည်း ချစ်ခင်ကြပြီး သူတို့ဆီက ​ကောင်းမွန်တဲ့ အသိနဲ့ အ​တွေ့အကြုံ​တွေကို နား​ထောင်သင်ယူကြတယ်။ နား​ထောင်နိုင်တဲ့ အစွမ်းရှိကြတယ်။
》》 လူငယ်​တွေက ပို​ကောင်းတဲ့ လူမှုဘဝကို တည်​ဆောက်နိုင်စွမ်း ရှိကြပါတယ်။

Thinker

(9:53 pm) (Monday - 11.May.2020)

_________ + လျှပ်စီး - မိုးကြိုး _________

Photos from BURMA Thinker's post 13/08/2021

"သတိ" တစ်လုံး အမြတ်ဆုံး နှင့်
လျောင်း-ထိုင်-ရပ်-သွား | ချို - ချဉ် - စပ် - ခါး

မင်္ဂလာပါ . . . မိတ်ဆွေများရဲ့ တစ်ဘဝစာ ကျန်းမာပျော်ရွှင်ရေးအတွက် ရေသောက်မြစ်သဖွယ် အရေးပါလှသော အခြေခံ အချက် (၃) ချက်ကို အပိုင်း (၃) ပိုင်းဖြင့် ရေးသားမျှဝေပါတော့မည်။

ယခုရေးသားမျှဝေအပ်သော ဉာဏ်အလင်းဖွင့်ဆောင်းပါးအတွက် - ကျွန်ုပ်ထံသို့ ဗဟုသုတများ ရောက်ရှိစေခဲ့သော မြတ်ဗုဒ္ဓနှင့် သံဃာတော်အရှင်သူမြတ်များ၊ ဆေးသိပ္ပံဆရာများ၊ တိုင်းရေးဆေးဆရာများနှင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးတို့ကို ဦးစွာရိုကျိုး ရှိခိုးကန်တော့ပါသည်။

>>> “သတိ” အကြောင်း >>>>>>>>>>>>>>>>>>>>>>>>
>>>>>>>>>>>>>>>>>>>>>>>>>>
(၁)
“သတိ”
- မြန်မာလူမျိုးတို့ ပြောလေ့ရှိကြပါသည်။ “အသိတစ်လုံး အမြတ်ဆုံး” တဲ့။ အသိပညာဆိုတာ၊ သိခြင်းဆိုတာ လောကမှာ အမြတ်ဆုံးပါတဲ့။ ထိုအသိပညာကို ရရှိဖို့နဲ့ အသုံးချနိုင်ဖို့အတွက်မှာတော့ - အခြေခံ အုတ်မြစ်က “သတိ” သာ ဖြစ်ပါတော့သည်။
-မြတ်ဗုဒ္ဓ၏ တရားတော်တွင်လည်း “သတိ” နဲ့ စောင့်ကြည့်၊ မိမိကိုယ်မှာ သတိကပ်ထားဆိုတာ ဉာဏ်အလင်းပွင့်ဖို့အတွက် အခြေခံဖြစ်သည်။ အကြိမ်ပေါင်းများစွာလည်း မမေ့မလျော့ သတိနဲ့ နေ့ဖို့ကို မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုသည့် နောက်ဆုံးအချိန်ထိတိုင်အောင် ဟောခဲ့ပါ၏။ သတိ အခြေခံရှိမှသာ သမာဓိတည်ကြည်ခြင်းနှင့် အမှန်ကို မြင်နိုင်ခြင်း ဉာဏ်ပညာတို့လည်း ဖြစ်ပေါ်လာနိုင်သည်မဟုတ်ပါလော။

- လူသား၏စိတ်သည် သတိမရှိသောအခါ မကောင်းသောအာရုံ၊ မကောင်းသောအတွေးတွင်သာ ကျက်စားတတ်သည်။ စိတ်သည် မကောင်းသော အရာတွေမှာသာ တစ်ခုပြီးတစ်ခု အာရုံရောက်နေတတ်သည်။ သတိလွတ်သောအခါ အသိသည် ပစ္စုပ္ပန်တွင် မရှိ။

- မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး အမြဲမိန့်လေ့ရှိသည်မှာ “ စိတ်က သတိကို အလွန်ကြောက်တယ်၊ စိတ်ကိုနိုင်တာ သတိတစ်လုံးပဲ ရှိတယ်” ဟူ၍ ဖြစ်ပါသည်။

နေ့စဉ်ဘာပဲလုပ်လုပ် “သတိ” ဆိုသောအရာ ကိုယ်နဲ့မကွာရှိနေလျှင် မိမိအတွက် အကျိုးများလွန်းလှပါတယ်။

မိတ်ဆွေများ ဒီကာလမျိုးမှာ - ဘာပဲလုပ်လုပ်၊ ဘယ်ပဲသွားသွား၊ ဘာပဲစားစား အတက်နိုင်ဆုံး “သတိ” ကြီးကြီးထားပါ။ သတိကြီးကြီးထားလျှင် ပစ္စုပ္ပန်ရှင်သန်နေစဉ်မှာ အကောင်းအဆိုးတွေကို မြင်နိုင်သိနိုင်စွမ်း ပိုပြီးတော့ အားကောင်းလာပါမယ်၊ သတိရှိလျှင် ပစ္စုပ္ပန်မှာ မိမိဘာလုပ်သင့်သည်၊ ဘာကို လေ့လာသင့်သည် ဘယ်လိုနေသင့်သည်ကို ပိုပြီးတော့ သိနိုင်မည်၊ သတိကောင်းလျှင် ဘေးရန်ကင်းမည် ဖြစ်ပါတော့သတည်း . . . . . . . .

>>>>>>>>>>>>>>>>>>>>>>>>>>
>>>>>>>>>>>>>>>>>>>>>>>>>>
(၂)
“လျောင်း - ထိုင် - ရပ် - သွား”

မြတ်ဗုဒ္ဓက တပည့် သာဝကတို့ကို ကျန်းမာရေးနှင့် ညီညွတ်စေရန် - လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ လေးပါးကို အတက်နိုင်ဆုံး ညီညွတ်မျှတစေဖို့ ဟောကြားတော်မူခဲ့ပါသည်။

အဓိပါယ်မှာ တစ်နေ့တာတွင် ထိုင်၍နေခြင်း၊ မတ်တပ်ရပ်၍နေခြင်း၊ လမ်းလျှောက်ခြင်း၊ လဲလျောင်းခြင်း အိပ်စက်ခြင်း တို့ကို အတက်နိုင်ဆုံး သတိနဲ့ မျှတနေအောင် နေထိုင်ပါ၊ တစ်စုံတစ်ခုကိုမျှ လွန်လွန်ကဲကဲမဖြစ်အောင် သတိနဲ့နေထိုင်ပါဟု ဆိုလိုရင်းဖြစ်သည်။

ဒါဟာ ကျန်းမာဖို့အတွက် အခြေခံအရေးကြီးတဲ့ အရာဖြစ်ပါသည်။
ကျန်းမာခြင်းသည် ဆုလာဘ်ကြီးတစ်ပါးသဖွယ်ဖြစ်သည်။
မိတ်ဆွေများလည်း . . . ကျန်းမာမှ အလုပ်တွေလည်းလုပ်နိုင်မည်/ မိသားစုကိုလည်းစောင့်ရှောက်နိုင်မည် / တရားတွေလည်း ကောင်းကောင်းကျင့်ကြံအားထုတ်နိုင်မည်မဟုတ်ပါလော။

လျောင်း - ထိုင် - ရပ် - သွား လေးပါးမျှတခြင်း၏ ကျန်းမာရေးအတွက် အရေးကြီးပုံကို ခေတ်သစ် ဆေးသိပ္ပံဆရာများကလည်း ညီညွှတ်စွာ ထောက်ခံထားကြပြီးဖြစ်လေသည်။

အနည်းငယ် ရှင်းလင်းပါရစေ . . . .

ယနေ့မှာ လူတွေဟာ စားဝတ်နေရေးအတွက်နေ့စဉ် ရုန်းကန်ရာတွင် မိမိတို့ဆိုင်ရာအလုပ်သဘောတွေအရ - တစ်ချို့လည်း အထိုင်များကြတယ် ထိုင်တဲ့အချိန်တွေ ကြာကြတယ် ကိုယ်လက်လှုပ်ရှားတာ နည်းကြတယ်၊ တစ်ချို့လည်း မတ်တပ်ကြီးရပ်ပြီး တစ်နေ့လုံးနီးပါး အလုပ်လုပ်ကြရတယ် မတ်တပ်ရတဲ့အချိန်များကြတယ်၊ ကာယလုပ်သားတွေကျတော့လည်း အထုပ်အပိုးတွေ သယ်ယူပြီး တစ်နေရာက တစ်နေရာကို လမ်းလျှောက်ပြီး သွားကြရတယ် ဒီတော့ ထိုင်ပြီး အေးအေးဆေးဆေးနားတဲ့အချိန်နဲ့ အိပ်စက်အနားယူတဲ့အချိန် နည်းတတ်ကြတယ်၊ တစ်ချို့လည်း တစ်နေ့လုံး စာရင်းကိုင်အလုပ်နဲ့ ရုံးအလုပ်နဲ့ အထိုင်များလာကြပြီး အိမ်ပြန်ရောက်တော့လည်း နာရီများစွာ ဖုန်းတွေသုံးမိပြီး အိပ်စက်တဲ့အချိန် နည်းတတ်ကြတယ်၊ လူငယ်အရွယ်လေးတွေကျတော့လည်း ဂိမ်းကစားတာများပြီး လမ်းလျှောက်ဖို့ ညဘက် အိပ်ရေး၀၀ အိပ်ဖို့ကို သတိမရကြပဲ မိုးလင်းတာနဲ့ ဂိမ်းကစားဖို့ကို စိတ်အားထက်သန်နေကြတယ်၊ တစ်ချို့ကြလည်း တစ်နေ့လုံး ပင်ပန်းသမျှ ညကြကျ သောက်သောက်စားစား သီချင်းတဆိုဆိုနဲ့ အတိုးချကဲရင်း ညဉ့်နက်မှ အိပ်တက်ကြတယ်။

အထက်ပါဖြစ်စဉ်တွေဟာ ယနေ့ကမ္ဘာကြီးမှာ အားကောင်းကောင်းနဲ့ ဖြစ်ပျက်နေတဲ့ လူနေမှု ဘဝပုံစံတွေပါ။
ဒါတွေဟာ ကိုယ်လက်လှုပ်ရှားမှု နည်းသထက် နည်းလာခြင်း၊ ထိုင် ထ သွားလာ အိပ်စက်အနားယူမှု ဟန်ချက်ညီမှု နည်းသထက် နည်းလာခြင်းတွေပါ။
လူတွေက ကိုယ့်ကိုကိုယ် သတိမထားမိကြပါဘူး။

ဒီလိုနဲ့ လူတွေဟာ နှစ်တွေကြာညောင်းလာတော့ ကျန်းမာရေးတွေလည်း ညံ့လာကြတာပေါ့။

ကမ္ဘာကြီးပေါ်က အခြားသော ကျန်းမာရေးညံ့စေတတ်တဲ့ အကြောင်းအရင်းတွေက မိမိရဲ့အားနည်းချက်နဲ့ ပေါင်းသွားတော့ ပိုပြီးတော့ ကျန်းမာရေးညံ့လာစရာ အကြောင်းအရင်းတွေ ဖြစ်လာတော့တာပေါ့။

အနည်းငယ်သော သတိထားမိကြသော လူတွေကတော့ - အားကစားတွေ လိုက်စားကြပါတယ်၊ Gym တွေ ဆော့ကြပါတယ်၊ စက်ဘီးစီးကြတယ်၊ တစ်ချို့လည်း ယောဂ ကျင့်ကြတယ်၊ တစ်ချို့လမ်း လမ်းလျှောက်လျှက်ဖြစ်စေ ထိုင်လျှက်ဖြစ်စေ တရားမှန်ကြတယ်၊ တစ်ချို့လည်း တစ်နေ့လုံး အားသွန်ခွန်စိုက်အလုပ်လုပ်ပြီး ညဘက်စောစော အိပ်ယာဝင်ကြတယ်၊ တစ်ချို့လည်း ဘာဆိုဘာမှ မတွေးပဲ စိတ်အေးလက်အေး အပန်းဖြေနားနေချိန်တွေကို တစ်နေ့တာမှာ သီးသန့်ထားတတ်ကြတယ်။

ဒီလိုမျိုး သတိတရားနဲ့ တက်နိုင်သမျှ နေထိုင်ကြတဲ့ လူတွေမှာကျတော့ - မိမိတို့ရဲ့ သတိစွမ်းအား ဉာဏ်ပညာစွမ်းအားအလိုက် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ရရှိကြပြီး ကျန်းမာကြပါတယ်။

ရဟန်းသံဃာတော်တွေထဲမှာလည်း လေ့လာကြည့်ပါက - ကျန်းမာရေးကောင်းပြီး ဉာဏ်ပညာကြီးမားကြတဲ့ ဆရာတော်ကြီးတွေဟာဆိုလျှင် - ကိုယ်တိုင်လမ်းလျှောက်ပြီး ဆွမ်းခံကြွခြင်း၊ စင်္ကြ ံလျှောက်၍ တရားမှတ်ခြင်း၊ ထိုင်၍တရားမှတ်ခြင်း၊ လျောင်း၍ တရားမှတ်ခြင်း၊ လဲလျောင်းအိပ်စားအနားယူခြင်းဆိုပြီးတော့ လျောင်း-ထိုင်-ရပ်-သွားလေးပါးကို မျှတနေတာ၊ အစဉ်သဖြင့်သတိကပ်နေတာ၊ တရားမှတ်နေတာကို အနေနီးတဲ့ ဒါယကာ၊ ဒါယိကာမများ သိရှိနိုင်ပါသည်။ မြတ်ဗုဒ္ဓရဲ့ တရားတော်နဲ့အညီ ကျင့်ကြံနေထိုင်ခြင်းပါပေ။ ရိုသေစွာ ရှိခိုးဦးတင်ပါ၏။

ဆေးပညာတွင် ဖော်ပြထားသည်မှာ - လူသားတွင် နှလုံးသည် ခန္ဓာကိုယ်အနှံ့သွေးများလှည့်ပတ်စီးဆင်းစေရန် စက္ကန့်မလပ် ညှစ်၍ ညှစ်၍ အလုပ်လုပ်နေရသည်။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ခြေထောက်လေ့ကျင့်ခန်းလုပ်သူများသည် နှလုံးကျန်းမာရေးကို အထောက်အကူပြုပါသည်။ ခြေသလုံးရှိ ကြွက်သားများသည် လူသား၏ ဒုတိယ၊ တတိယ နှလုံးသားသဖွယ်လည်း တာဝန်ထမ်းဆောင်ပါသည်။ လမ်းလျှောက်/စက်ဘီးစီး/ လေ့ကျင့်ခန်းလုပ်သောအခါ ထိုကြွက်သားများက ခန္ဓာကိုယ်အောက်ပိုင်းသို့ စီးဆင်းလာသော သွေးများကို ခန္ဓာကိုယ်အပေါ်ပိုင်းသို့ ပြန်လည်ညှစ်ထုတ် ပင့်တင်ပေးပါသည်။ ဒါဟာ သွေးလည်ပါတ်စီးဆင်းမှုကို အားဖြည့်ပေးပါသည်။ နှလုံးသား၏ တာဝန်ကို ကူညီထမ်းဆောင်ပေးရာရောက်သည်။ ပိုမိုကျန်းမာစေသည်။

ထိုင်တာကြာလျှင် - ခန္ဓာကိုယ်အောက်ပိုင်းကွေးနေမည်၊ အောက်ပိုင်း သွေးလည်ပါတ်မှုနှေးလာမည်။ ထို့ကြောင့် မတ်တပ်ပြန်ရက်ပေးခြင်း၊ လမ်းလျှောက်ပေးခြင်းခြင့် ပြန်လည်မျှတသွားမည်ဖြစ်သည်။

မတ်တပ်ရပ်တာ ကြာလာလျှင် - ခန္ဓာကိုယ်သည် ဆန့်နေမည်၊ အချိန်ကြာဆန့်ထားရသော ကြွက်သားတွေ ညောင်းလာမည်၊ ပန်းလာမည် နာကျင်လာမည်။ ထိုအခါ ထိုင်ပေးခြင်း၊ အနည်းငယ်လမ်းလျှောက်ပေးခြင်း၊ လဲလျှောင်း၍ အနားယူပေးခြင်းဖြင့် မျှတသွားမည်ဖြစ်သည်။

အိပ်နေတာကြာလျှင် - ခန္ဓာကိုယ်ရှိ ကြွက်သားတွေ လှုပ်ရှားမှု အလွန်နည်းလာမည်၊ သွေးလည်ပါတ်မှု အလွန်နှေးလာမည်၊ သွေးလေးလာမည်၊ ညောင်းညာသလို ကိုက်ခဲနာကျင်သလိုလည်း ဖြစ်တတ်သေးသည်။ ထို့အခါ - ထိုင်ပေး၊ မတ်တပ်ရပ်ပေး၊ လမ်းလျှောက်ပေးခြင်းဖြင့် ပြန်လည်မျှတသွားမည်ဖြစ်သည်။

အထိုင်များသူများတွင် - ကြာလာသောအခါ သက်လုံကျဆင်းလာတက်ခြင်း၊ ဗိုက်တွင်အဆီစုလာတတ်ခြင်း၊ အဝလွန်ဖြစ်လာတတ်ခြင်း၊ နှလုံးအားနည်းလာတတ်ခြင်းစသော ဆိုးကျိုးတွေ ဖြစ်လာပါမည်။ ထိုသူ၏ နှလုံးသားသည်လည်း တစ်ဖြည်းဖြည်း အားနည်းလာတတ်သည်။ ထို့ကြောင့် အထိုင်များသူများသည် နေ့စဉ် သတိချပ်၍ မတ်တပ်ရပ်ပေးခြင်း၊ လမ်းလျှောက်ပေးခြင်း၊ ဝါသနာပါရာ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပေးခြင်းတို့ဖြင့် မျှတပေးသင့်သည်။

ဖုန်းသုံးလွန်းလို့ဖြစ်စေ၊ ညဘက် အသောက်အစား အပျော်အပါးလိုက်စားလွန်း၍ဖြစ်စေ အိပ်စက် အနားယူချိန်နည်းသူတို့တွင်လည်း အာရုံကြောဆိုင်ရာပြဿနာများ၊ နှလုံးအားနည်းခြင်းဆိုင်ရာ ပြဿနာများဖြစ်လာနိုင်သည်။ ထို့ကြောင့် ထိုသူများသည် စိတ်အေးလက်အေး အနားယူချိန်နှင့် အိပ်စက်ချိန်ကို တိုးမြှင့်သင့်သည်။ (အသောက်အစားလည်း လျော့သင့်သည်)။ တရားထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှား ကစားလုပ်ခြင်းတို့ကို တက်နိုင်သလောက် လုပ်ပေးခြင်းဖြင့် မျှတပေးသင့်သည်။

ကာလရှည်ကြာ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ရခြင်းများသော ကာယလုပ်သားများသည် - အိမ်သို့ပြန်ရောက်သောအချိန်တွင် စိတ်အေးလက်အေးထိုင်၍ အနားယူချိန်၊ နားအေးပါးအေး အိပ်စက်ချိန်တို့ကို အခြားသူများထက် ပို၍ ယူသင့်သည်။ တစ်ချို့လည်း ပင်ပန်းသည်ဟုဆိုကာ အရက်သောက်အပန်းဖြေ ဖုန်းသုံးရင်း ရောက်တက်ရာရာတွေ ပြောရင်း တွေးရင်းဖြင့် ညည့်နက်မှ အိပ်မိတက်ကြသည်။ (အရက်သောက်တာလည်း လျော့သင့်သည်။) ဒီအခါ ကောင်းကောင်းအနားမယူမိပဲ နောက်တစ်နေ့ကျတော့လည်း ပင်ပင်ပန်းပန်း အလုပ်လုပ်ရပြန်သဖြင့် နှစ်လကြာသော် ကျန်းမာရေး ယိုယွင်းလာတတ်၏။ သတိပြုကာ မိမိ၏ စွမ်းအားပြည့်ဝမှုအတွက် မျှတပေးသင့်သည်။

တစ်ချို့ အလုပ်တာဝန်ဟူ၍ မယ်မယ်ရရမရှိသောသူများတွင် အပျင်းကြီးလေသောအခါ - စားလိုက်၊ တုံးလုံးပက်လက်နေလိုက်၊ အချိန်အကြာကြီးထိုင်ပြီး ဖုန်းသုံးလိုက်၊ အိပ်လိုက်နှင့် အချိန်ကုန်နေတတ်သူ။ ထိုသူများသည် - လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားပေးခြင်း၊ သတိဖြင့် ဝင်လေထွက်လေမှတ်ပေးခြင်း၊ ဖုန်းသုံးချိန်လျော့ချပေးခြင်းတို့ဖြင့် မျှတပေးသင့်သည်။

ဒီအချက်တွေကို သတိပြုပါမိတ်ဆွေ။

ဒီအချက်တွေကို ဆင်ခြင်သုံးသပ်လေ့လာပြီး မိတ်ဆွေတို့လည်း တစ်နေ့တာမှာ အတက်နိုင်ဆုံး မိမိရဲ့ ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ အိပ်စက် အနားယူခြင်းတွေကို အတက်နိုင်ဆုံး ညီညွတ်မျှတစေရင်းက ယခင်ကထက် ပိုမိုကျန်းမာလာစေဟု ဆန္ဒပြုပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>
>>>>>>>>>>>>>>>>>>>>>>>>>>
(၃)
ချို - ချဉ် - စပ် - ခါး

မြတ်ဗုဒ္ဓ မိန့်တော်မူခဲ့သည်မှာ ကျန်းမာရေးအတွက် “ချို၊ ချဉ်၊ စပ်၊ ခါး ” အရသာလေးပါးတို့ကို စုံလင်အောင်စားပါဟူ၍ ဖြစ်ပါသည်။ အာဟာရမျှတအောင် စားပါဟူ၍ ဖြစ်သည်။
(မှတ်ချက် - အဖန်ဓာတ်ကိုလည်း အခါးဓာတ်၏ခေါင်းစဉ်အောက်တွင်ထည့်သွင်းထားပါ။ အဆိမ့်ဓာတ်ကို အချိုဓာတ်၏ ခေါင်းစဉ်အောက်တွင် ထည့်ပါ။ အပေါ့ အငံဆိုတဲ့ ဆားဓာတ်ကိုလည်း ဒီလေးပါး၏ အရသာ အယုတ် အလွန် ဖြစ်စေတတ်တာကို ခေတ္တမှတ်သားထားပါ။)

- ဆိုလိုရင်းမှာ မိတ်ဆွေတို့ နေ့စဉ် စားသောက်ကြရာတွင် ချိုသောအရသာ၊ ချဉ်သောအရသာ၊ စပ်သောအရသာ၊ ခါးသော အရသာတို့ကို အတက်နိုင်ဆုံး ပါဝင်အောင် မျှတအောင် စားပါ၊ ထိုသို့စားလျှင် ကျန်းမာပါမည်ဟု ဆိုလိုရင်းဖြစ်သည်။

ဒါကိုလည်း ရှေးခေတ်က ပညာရှိများ၊ ယခုခေတ် ပညာရှိများ၊ သမားတော်များ၊ ဆေးသိပ္ပံပညာရှင်းများက လက်ခံကြပါသည်။

ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကို ပထဝီ (မြေဓာတ် - မာခြင်း ပျော့ခြင်း)၊ တေဇော (မီးဓာတ် - ပူခြင်း အေးခြင်း)၊ အာပေါ (ရေဓာတ် - ယိုစီးခြင်း စုဖွဲ့ခြင်း)၊ ဝါယော (လေဓာတ် - လှုပ်ရှားခြင်း ငြိမ်သက်ခြင်း) ဟူသော ဓာတ်ညီလေးပါးဖြင့် ဖွဲ့စည်းထားပါသည်။ ခန္ဓာကိုယ်ရှိ ဇီဝရုပ်ကလပ်များသည် ထိုကဲ့သို့ ဓာတ်ကြီးလေးပါး သဘာဝတို့ဖြင့် ပေါင်းစပ် လှုပ်ရှား ရှင်သန်နေခြင်းဖြစ်ပါသည်။

အရသာ လေးပါးနှင့် ဓာတ်ကြီးလေးပါး ဆက်စပ်ပုံကို ပြပါမည်။

တိုင်းရင်းဆေးပညာအရ -
(၁) ချိုသောအရသာရှိသော အစာများသည် ပထဝီဓာတ် (မြေဓာတ်) အားကောင်း၏။
(၂) ချဉ်သော အရသာရှိသော အစားများသည် အာပေါဓာတ် (ရေဓာတ်) အားကောင်း၏။
(၃) စပ်သော ပူသော အရသာများတွင် တေဇောဓာတ် (မီးဓာတ်) အားကောင်း၏။
(၄) ခါးသော ဖန်သော အရသာများတွင် ဝါယောဓာတ် (လေဓာတ်) အားကောင်း၏။

ဒီတော့ စဉ်းစားကြည့်ပါမိတ်ဆွေ။
လူသားတွေဟာ မိမိသဘာ၀ အကြိုက်ကိုလိုက်၍ ကိုယ်စားချင်တဲ့ အရသာကို လွန်လွန်ကဲကဲ စားတတ်ကြပြီး ကိုယ်မကြိုက်တာတွေကို တစ်ခါတစ်လေမှစားမိကြ၊ တစ်ချို့လည်း မကြိုက်တာဆို လုံးဝကို မစားပဲ နေမိကြသည်လေ။

ဒီတော့ ဒီအကျင့် စရိုက် ဝါသနာနဲ့ နှစ်ပေါင်းများစွာကြာအောင် နေထိုင်စားသောက်ကြတဲ့အခါ ကိုယ်ခန္ဓာထဲမှာ ဓာတ်ကြီးလေးပါး မညီမညွတ်ဖြစ်လာကြတယ်။ ပိုစားတဲ့ဓာတ်တွေက ပိုပြီးတော့ စုဝေးဖွဲ့စည်းလာပြီး သိပ်မစားမိတဲ့ ဓာတ်တွေက နည်းပါးလာကြပါတယ်။

ဒါဟာ ကျန်းမာရေးကို ညံ့ဖျင်းလာစေတတ်သော အခြေခံအကြောင်းတွေဖြစ်ပါတယ်။

တစ်ချို့က အချို အဆိမ့်တွေ သိပ်ကြိုက်တော့ သိပ်စားတာပေါ့။
ဒီလူတွေက ဆီးချိုရောဂါတွေ၊ နှလုံးသွေးကြောကျဉ်းရောဂါတွေ၊ အဝလွန်ရောဂါတွေ ဖြစ်တတ်ကြတယ်။
တစ်ချို့က အငံကြိုက်တော့ ခပ်လေးလေးစားကြတယ်၊ အငံချက်တွေ မကြာမကြာစားကြတယ်။
ဒီလူတွေက သွေးတိုးရောဂါတွေ ဖြစ်တတ်ကြတယ်။
တစ်ချို့က အချဉ် အစပ်တွေ တအားစားကြတယ်။
ဒီလူတွေက အစာအိမ်အချဉ်ပေါက်တာတွေ၊ ဗိုက်အောင့်တာတွေ၊ အစာအိမ် သွေးကြောပေါက်တာတွေ၊ လေထိုးလေနာတာတွေ ဖြစ်တတ်ကြတယ်။

ယနေ့ လူသားတွေ ခံစားနေကြရတဲ့ ဝေဒနာရောဂါတွေ ဖြစ်ပေါ်လာရခြင်း၏ အခြေခံအကြောင်းအရာတွေမှာ စားပေါက်ပုံဟာ ထိပ်ဆုံးက ပါပါတယ်။

ကိုယ်ကြိုက်တာတွေကို ဖိစားပြီး၊ ကိုယ်မကြိုက်တဲ့ အရသာတွေ အစားအစာတွေကိုကျတော့ မျှတအောင် မသုံးဆောင်မိခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အကြောင်းတွေဖြစ်ပါတယ်။

တစ်ချို့လည်း သတိထားမိကြပါလိမ့်မယ်။
ငယ်ငယ်က အချိုတွေ အဆိမ့်တွေ သိပ်ကြိုက်တယ်။
အသက်ကြီးလာတော့ အချဉ်လေးတွေ အဖန်လေးတွေ စားချင်လာတယ်။
ဒါဟာဆိုလျှင် မိမိရဲ့ ခန္ဓာကိုယ်ကြီးက အတက်နိုင်ဆုံး မျှတအောင် ကျန်းမာအောင် လိုအပ်နေတဲ့ ဓာတ်ကလေးတွေကို အာရုံကြောစနစ်ရယ် လျှာရယ်နဲ့ ပေါင်းစပ်ပြီး ခံတွင်းတောင်းပေးခြင်းပါတယ်။
ဒါပေမယ့် ဒါဟာ ကျန်းမာရေးကံကောင်းသူအနည်းငယ်မှာသာ ဆိုးဆိုးရွားရွား မကျန်းမမာ မဖြစ်ခင် စားမိခြင်းမျိုးပါ။

အများစုမှာတော့ ဒီလိုအခြေအနေ မရောက်လိုက်ရပဲ . . . ဆီးချိုရောဂါ/ သွေးတိုးရောဂါ/ နှလုံးရောဂါတွေ ဖြစ်လာကြ၊ ဝေဒနာတွေ ခံစားလာကြရပြီး ငယ်ငယ်က ကိုယ်ကြိုက်တာတွေကို စားခွင့်မရတော့တဲ့ အခြေအနေကို ဆိုက်သွားကြပါတယ်။ သက်တမ်းစေ့မနေလိုက်ရပဲ လောကကြီးထဲက ထွက်သွားရရှာပါတယ်။

ယခုကာလမှာလည်း ထိုသို့သော ရောဂါအခံ အားကြီးသူတွေဟာ - များသောအားဖြင့် - ၂ ပါတ်လောက်အတွင်း ဧည့်သည်ရောဂါကို လက်မြှောက်သွားကြရရှာပါတယ်။

ဒါကိုသတိပြုပါမိတ်ဆွေ။

ဒီတော့ ယခုအချိန်ကစပြီးတော့ ရောဂါဝေဒနာဆိုးတွေ မရောက်လာခင်ကတည်းက ကြိုတင်ပြီးတော့ - ကိုယ်ကြိုက်တဲ့ အရသာတွေလည်း စားပါ။ ကိုယ်မကြိုက်တဲ့ အရသာတွေကိုလည်း နေ့စဉ်ဖြစ်စေ၊ ရက်ခြားဖြစ်စေ၊ တစ်ပါတ်တစ်ခါဖြစ်စေ စားစားပေးပြီး ကိုယ်တွင်းက ဓာတ်ကြီးလေးပါးကို ညီညွတ်မျှတအောင် စားသောက်ပါလို့ လေးစားစွာ တိုက်တွန်းအပ်ပါတယ်။

( ယခုအခါမှာ ခေတ်အခြေအနေအရ - သဘာဝမဟုတ်တဲ့ အစားအစာတွေ၊ အရသာ အတုတွေ၊ အသင့်လုပ် အစားအစာ (Ready made) တွေ၊ မသန့်ရှင်းတဲ့ဆီတွေဟာ လူသားတွေကြားမှာ အလွန်ပျံ့နှံ့နေပါတယ်။ အတက်နိုင်ဆုံး မစားပါနဲ့။ ဆီကိုလည်း ပဲဆီစစ်စစ်၊ နှမ်းဆီစစ်စစ်၊ နေကြာဆီ စစ်ကိုသာ သုံး။ ဈေးချိုတဲ့ ရောဆီတွေဟာ မသန့်ရှင်းပါဘူး စားအုံးဆီတွေနဲ့ ရောထားပါတယ်။ လူတွေ ကင်ဆာတွေလည်း ဖြစ်နေကြပါတယ်။ ကျွန်တော်အသိထဲက တစ်ယောက်ဆိုလျှင် အဲ့ဒီရောဆီတွေကို ရောင်းတာပါ၊ သူက အမျိုးသမီးပါ၊ အခု ကင်ဆာနဲ့ ဆုံးပါးသွားပါပြီ၊ အသက်လေးဆယ်ကျော်လောက်ပဲ ရှိပါသေးတယ်။ မြန်မာပြည်မှာ ကင်ဆာနဲ့ သေတဲ့လူတွေ သိပ်များလာပါပြီ။ )

မိတ်ဆွေတို့ရေ . . . ယခုဖြစ်ပွားနေတဲ့ ဧည့်သည်ရောဂါဖြစ်ပွားတဲ့ကာလ ကုန်ဆုံးသွားခဲ့ရင်တောင် ကျွန်ုပ်တို့၏ စားသောက်ပုံကြောင့် ဖြစ်ပေါ်တတ်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေက ကျွန်ုပ်တို့နှင့် ထပ်ကြပ်မကွာ ကျန်ရှိနေခဲ့ဦးမယ်ဆိုတာ ပြောလိုက်ပါရစေ။

ဒီတော့ အနီးကပ်ရန်သူက အနီးမှာ ရှိနေဦးမှာ ဗျ။
အနီးကပ်ရန်သူက မိမိရဲ့ သတိလက်လွတ်စားသောက်မိတဲ့ အကျင့်ပါပဲ။
ဒါကို သတိထားပါ။
သတိကြီးကြီးထားပါ။
အခုကစလို့ နေ့စဉ် နေထိုင် စားသောက်ရာမှာ အရသာတွေ စုံလင်အောင် မျှတအောင် အတက်နိုင်ဆုံး မိမိပညာနဲ့ ချင့်ချိန်ပါ။
ဒါဆိုလျှင် ဖြစ်ရိုးဖြစ်စဉ် ရောဂါတွေကနေ ကင်းစင်လို့ ယခင်ကထက် ကျန်းမာပျော်ရွှင်လာပါလိမ့်မည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>
>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ကျွန်ုပ်ရေးသား မျှဝေအပ်သော “သတိတစ်လုံး အမြတ်ဆုံး နှင့် လျှောင်း-ထိုင်-ရပ်-သွား | ချို-ချဉ်-စပ်-ခါး” ဟူသော ဆောင်းပါးပြီးဆုံးခြင်းသို့ ရောက်ပါပြီ။ အားလုံးဟာ ဆက်နွယ်မှုရှိပါတယ်။ အနေအထိုင် အစားအသောက် မျှတဖို့ရာမှာ သတိသည် ပင်မလိုအပ်ချက်ဖြစ်ပါတယ်။

- အဟာရနှင့် အနေအထိုင်မျှတမှသာ ခန္ဓာကိုယ်ရှိ သွေးလေ လည်ပါတ်စီးဆင်းမှုသည် ကောင်းမွန်နေမည်၊ ကျန်းမာမည် ဖြစ်ပါသတည်း။

- ဒီတော့ အမြဲသတိရှိကြပါ။ ထိုင်တာ မတ်တပ်ရပ်တာ လမ်းလျှောက်တာ အိပ်စက်အနားယူတာကို မျှတစေပါ။ ချို ချဉ် စပ် ခါး အဆိမ့် အငံ အရသာစုံလင်စွာစားပါ။ မိတ်ဆွေ ကျန်းမာရွှင်လန်း လာပါလိမ့်မည်။

ဒါ့အပြင် - ယခုကာလ မိမိ မိသားစုဝင်၊ ဆွေမျိုး မိတ်ဆွေတွေထဲမှာ ဧည့်သည်ရောဂါ ခံစားနေရသူများရှိပါကလည်း - ယခင်က ကိုယ့်အပေါ် ဆိုးခဲ့ခြင်း ကောင်းခဲ့ခြင်းတွေကို သည်းခံခွင့်လွှတ်စရာရှိက သည်းခံပေးရင်း၊ ကျေးဇူးတရားရှိက သတိရပေးရင်းက - သတိဖြင့် အတက်နိုင်ဆုံး ကူညီစောင့်ရှောက်နိုင်ကြပါစေ။ သတိမေ့လျော့နေတဲ့ ဝေဒနာသည်တွေကိုလည်း သတိပေးနိုင်ကြပါစေ။ နေ့မြင် ညပျောက် ဖြစ်တတ်တဲ့ ကမ္ဘာကြီးမှာ မိမိကိုယ်မိမိရော၊ မိမိအနီးကလူတွေရောကို သတိ-ဉာဏ်ပညာဖြင့် စောင့်ရှောက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

- မျှဝေလိုသူ၊ Copy ယူလိုသူများလည်း လွတ်လပ်စွာ မျှဝေနိုင်ပါတယ်၊ Credit ပေးစရာမလိုပါ။ ကျွန်ုပ်တို့က ကျန်းမာခြင်း၊ အသက်ဓာတ်၊ ဉာဏ်ပညာအလင်းကိုလှူဒါန်းခြင်းသာ ဖြစ်ပါသည်။

စာရေးသူ - သတိတရားနှင့် ဉာဏ်ပညာကို ဦးခိုက်ပူဇော်သူတစ်ဦး။

ဖုန်း - 09 977 184 035.

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay