History notes

History notes

Share

မင်းနန်သူ(သမိုင်းမှတ်စုများ)

13/09/2026

"ရှင်သဲ နှင့် ပန်းတိမ်းအရေးအခင်း"

အိမ်ရှေ့စံ ကနောင်မင်း ကံတော်ကုန်တော့ သားတော်ကြီး ပန်းတိမ်းမင်းသား ဦးဆောင်မှုနဲ့ အိမ်ရှေ့မင်းသားများ ထကြွပုန်ကန်ကြရာမှာ ထီးနန်းရလုနီးပါးအခြေကို ရောက်ရှိခဲ့ပါတယ်။

ဒီတုန်းက မင်းတုန်းဘုရင် ဟာ အခွင့်သာနေတဲ့ တူတော် ပန်းတိမ်းစားကို အကြပ်ကိုင်ဖို့အတွက်နဲ့ နန်းတော်မှာ ကျန်နေခဲ့တဲ့ အိမ်ရှေ့မင်းသမီးတွေနဲ့ အိမ်ရှေ့ကိုယ်လုပ်တော်တွေကို မြောက်ဥယျာဥ်ထဲက ကြေးတိုက်မှာ သံခြေကျင်း ဆင့်ခတ်ပြီး ထိန်းသိမ်းလို့ ထားခဲ့ပါတယ်။

ဒါကြောင့်နဲ့ပဲ အိမ်ရှေ့တော်နဲ့ တရင်းတနှီး ရှိလှတဲ့ မြောက်နန်းရှင်သဲဟာ အိပ်မက်ထဲမှာ မတ်တော်မောင်ကနောင်မင်းနဲ့ တွေ့ဆုံပြီး သူ့ရဲ့ အချစ်ဆုံးသော သမီးတော် စမ္ပါယ်နဂိုရ် ကို မတွေ့၍မေးလေဟန် ပရိယာယ်သုံးလို့ အိမ်ရှေ့မင်းသမီးတွေကို ကြေးတိုက်က လွတ်စေခဲ့ပါတယ်။

ဒီအချိန်မှာကလည်း နန်းမတော်စကြာဒေဝီရဲ့ "ပန်းတိမ်းစားတွင် နန်းရကိန်းမရှိ" ဆိုတဲ့ ဟောစာတမ်းအားပေးအားမြှောက်မှုနဲ့ မင်းတုန်းဘုရင် ဟာ စိတ်ခွန်အားဖြစ်ပြီး အိမ်ရှေ့မင်းသားတွေကို အလုံးအရင်းနှင့် တိုက်ထုတ်လို့ လက်ရဖမ်းနိုင်ခဲ့ပြီးပြီလည်းဖြစ်ပါတယ်။

ဒီကတဖန် အထိန်းအသိမ်းနဲ့ ထားရှိတဲ့ ပန်းတိမ်းမင်းသားဟာ နှမတော်ရန်အောင်မြင်မင်းသမီးနဲ့ ပူးပေါင်းလို့ နောက်တဖန် ပုန်ကန်ရန် ကြံစည်ပြန်တယ်ဆိုပြီး လွှတ်တော်က ဝန်အမတ်တွေဟာ ဘုရင့်အမိန့်ကို မခံယူဘဲ ပန်းတိမ်းစား ကို အဆုံးစီရင်ရန် သုံးတန်းပေး ခေါ်ထုတ်သွားခဲ့ပါတယ်။

သို့ကလို ခေါ်ထုတ်ပြီးခါမှပဲ ဘုရင့်ထံကို ထိုသုံးတန်း သေမိန့်ပေး အမိန့်တော်ကို စားတော်ဝန်ဦးခဲ တဆင့် လျှောက်ထားရန် ရောက်ရှိလာပါတယ်။ ဒီအခါမှာလည်း မနေသာတဲ့ မြောက်နန်းရှင်သဲဟာ တူတော်မောင်မင်းသားတွေ အကွပ်မျက်မခံရစေဖို့ လင်တော်မောင် ထံက လွှတ်စေ အမိန့်ကို မျှော်ကိုးပြီး မှန်နန်းတော်မှာ စားတော်ဝန်ဦးခဲနဲ့အတူ ဘုရင်ထွက်အလာကို တနေကုန်စောင့်ဆိုင်းခဲ့ရှာပါတယ်။

သို့တိုင် ထိုနေ့က မင်းတုန်းဘုရင် ဟာ တနေကုန် အတွင်းတော်က ထွက်မကြွဘဲ ရှိနေလို့ ရှင်သဲခမျာ အခက်ကြုံခဲ့ရပြီး မတတ်သာတဲ့အဆုံး စိတ်မကောင်းစွာနဲ့ပဲ မြောက်နန်းဆီ ပြန်ခဲ့ရပါတယ်။ (ဘုရင်ရှိရာ အတွင်းတော် ကို နန်းမတော် ခေါင်ဖျားကလွဲလို့ ဘယ်သူမှ အခေါ်တော်မရှိဘဲ မဝင်ရပါဘူး)

ဒါပေမယ့်လည်း ကံအားလျော်စွာ လူမျိုးခြား စလေဒင် ဆိုက်ရောက်လာလို့ ဒီသတင်း မင်းတုန်းဘုရင် ထံ တင်အလျှောက်မှာ တူတော်အိမ်ရှေ့မင်းသားတို့ကို သေမိန့်က လွှတ်စေအမိန့် ထုတ်ပြန်ခဲ့ပါတယ်။

သို့တိုင် ပန်းတိမ်းမင်းသား ကိုတော့ စီရင်ပြီးဖြစ်ခဲ့ပြီမို့ ဘကြီးတော်ရဲ့ လွှတ်စေ အမိန့်တော်ဟာ အဟောသိကံ ဖြစ်ခဲ့ရပါတော့တယ်။

#မင်းနန်သူ

11/09/2026

"မင်းညီနောင် နှစ်ပါး၏ တူညီသော ဘဝနေဝင်ချိန်"
~~~~~~~~~~~

စစ်ကိုင်းမင်း နန်းကျတော့ သူ့ရဲ့ နန်းမတော် ရှင်မင်းနုကို မိမိနဲ့ နောင်တော်ဖြစ်သူ တို့ အကြား စိတ်ဝမ်းကွဲအောင် ပြုသူရယ်လို့ ယူဆပြီးတော့ သာယာဝတီမင်းက နောင်တော်နဲ့အတူမထားဘဲ သီးခြား ထားခဲ့ပါတယ်။

ဒါပေမယ့်လည်း သူ့နောင်တော်ကြီး ဟာ သူ့မိဖုရားကြီး ကို လွမ်းဆွတ်တမ်းတစိတ်နဲ့ ပွဲတော် မတည်နိုင် ဖြစ်နေပါတယ်ဆိုတော့ ခုနစ်ရက်အကြာမှာပဲ နောင်တော့် ထံပါး မိဖုရားကြီး ကို ပြန်ထားခဲ့ပါတယ်။

အဲ့ဒီကနေ မိဖုရားကြီးဟာ အငြိမ်အဝပ် မနေဘဲ မတ္တရာအရေးအခင်းမှာ ပါဝင်ခဲ့တော့ ရေချစီရင်လိုက်ရာ မင်းညီနောင် နှစ်ပါးအကြား စိတ်ဝမ်းကွဲလို့ သွားကြပါတော့တယ်။

ဒီလိုနဲ့ မင်းညီနောင်နှစ်ပါးဟာ အနေဝေးလို့ စိမ်းကား သွားလိုက်ကြတာ သာယာဝတီမင်းတြား အောက်ပြည် ကို စုန်ခဲ့တဲ့တိုင်ပါပဲ။

အောက်ပြည် ခရီး က အပြန် မှာ တော်ဝင်မျိုးနွယ် တွေဟာ ပုဂံမြို့ကိုရောက်တော့ ကမ်းပေါ်တက်ပြီး စေတီပုထိုးဂူ အမျိုးမျိုးကို ဖူးမြှော်ကြပါတယ်။

ဒီအခါမှာ သာယာဝတီမင်းတြား တို့ ဘုရားဖူးတဲ့ လူအစုနဲ့ နောင်တော် နန်းကျဘုရင် စစ်ကိုင်းမင်း တို့ရဲ့ လူအစုဟာ ရွှေစည်းခုံ ဘုရားအရောက်မှာ ပက်ပင်းဆုံကြပါတယ်။



ညီနောင်ရင်းဖြစ်ပေမယ့် စကားကောင်းစွာ မပြောရတာကြာပြီဖြစ်တဲ့ ညီနောင်နှစ်ဖော်ဟာ ခုလို ရုတ်တရက် ဆုံမိကြတော့ အတော မသတ်နိုင်အောင် ငယ်ကြောင်းပြန်လို့ လွမ်းတသသနဲ့ ရှိခဲ့ကြပါတယ်။

အဲ့ဒီ လွမ်းဆွတ်ဖွယ် တဒင်္ဂ အချိန်ပိုင်းလေးဟာ သူတို့ညီနောင် အဖို့ နောက်ဆုံး မျက်နှာချင်း ဆိုင် စကားလက်ဆုံကျခြင်းဖြစ်ခဲ့ပါတယ်။

အဲ့ဒီကစလို့ သူတို့ညီနောင်ဟာ တယောက်နဲ့ တယောက် ဆုံတွေ့ခဲ့ခြင်း မရှိဘဲနဲ့ နောက် ငါးနှစ်အကြာမှာ တလသာခြားပြီး ညီနောင် အစဥ်တိုင်း နတ်ရွာစံ ကံတော်ကုန်ခဲ့ကြပါတယ်။

နတ်ရွာမစံမီ ညီနောင်နှစ်ဖော်လုံးဟာ တူညီသော စိတ်ဝေဒနာ အသီးသီးကို ခံစားသွားခဲ့ကြရပါတယ်။

#မင်းနန်သူ

10/09/2026

"ရွှေကမ္ဗု့ မျှော် မြတ်မနော်"

သူမ အား မယ်တော်မိဖုရားခေါင်ကြီး ၏ စံရာ တောင်နန်းတော်၌ အရီးတော်စုဖုရားလေးပါး ဆောင်းမိုးဖွင့်လှစ်ပေးသော မနောဟရထီးဖြူများ အုပ်မိုး၍ ဖွားမြင်ခဲ့သည်ဖြစ်၏။

သူမသည် ဧကရာဇ်မင်းမြတ်၏ ပထမဦးဆုံးသော သမီးတော်ကြီးဖြစ်ခြင်းကြောင့်လည်း အဘယ်မင်းသမီးမျှ မခံယူခဲ့ဖူးသေးသော ထိပ်စုမြတ်ဘုရားကြီး ဟူသော ဘွဲ့မည်တော်ကို မွေးစကပင် ခံယူခဲ့ရလေသည်။

သူမ၏ ဘွားတော်ကြီး ဆင်ဖြူမရှင် နည်းတူ နန်းမတော်ဆောင်၌ သစ်နက်ရေခံ၍ မနောဟရ ထီးဖြူအုပ်မိုးကာ ဖွားမြင်ခဲ့ရသည်ဖြစ်ခြင်းကြောင့်လည်း နောင်တချိန်ဝယ် တိုင်းပြည်တော်၏ အမိ ကမ္ဗု့အရှင်မ ဖြစ်ရမည်ဟုလည်း အားလုံးလက်ခံထားကြလေသည်။

သို့ရာတွင်ကား ကုန်းဘောင်ထီးနန်းပျက်သုဥ်း၍ အိန္ဒိယသို့ ပါတော်မူရသည် နှင့်အတူ သူမအဖို့ တိုင်းပြည်အမိ ကမ္ဗု့အရှင်မ လောင်းလျာ မိဖုရားခေါင် ဘဝကို အပြီးတိုင် စွန့်လွှတ်ခဲ့ရလေတော့သည်။

သူမ၏ ကံကြမ္မာသည်ကား ကမ္ဗု့အရှင်မ အိပ်မက်ကို စွန့်လွှတ်ရရုံဖြင့် မပြီးဆုံးသေးဘဲ မျိုးခြားတယောက်၏ တရားမဝင် အိမ်သူသက်ထားဘဝကို ဆိုက်ရောက်ရန် ဖန်စေခဲ့သည်မှာ ရင်နာဖွယ်ကောင်းလေစွတကား။

#မင်းနန်သူ

09/09/2026

"ဘုရား ဘွဲ့မည်တော် သီရိသုဓမ္မမဟာရာဇာဓိပတိ ပါဘုရား"

ရှေ့ဘက် မြေနန်းပလ္လင် ရှိရာမှ ထွက်ပေါ်လာသော နားခံတော် ၏ ဘွဲ့မည်တော် တင်လျှောက်သံသည် အနောက်ဘက် မာရဘင်အတွင်း ပလ္လင်တော်လှေကားရင်း၌ ရှိနေသော ထွတ်ချာဒေဝီ၏ နားဝသို့ အရှိန်နှင့်ပြင်းစွာ ရိုက်ခတ်သွားဘိအလား ခမျာ မခံစားနိုင်ဘဲ လက်နှစ်ဖက်နှင့် နားဝသို့ ပိတ်ဆို့ထားလိုက်ရလေသည်။

သို့တိုင် မြေနန်းတော်ရာဇပလ္လင်ပေါ် လက်ဝဲဘက်၌ ထိုင်လျက်စံနေတော်မူသော မြေဒူးဘုန်းတော်ကြီးဘုရား၏ လက်တော်သို့ နားခံတော်ဖတ်လျှောက်သည့် ဘွဲ့မည်တော်ကို အမြင့်မင်းသားကြီး မှ ရတနာကွမ်းခွက်နှင့် တင်ဆောင်၍ လက်တော်အရောက်ဆက်သတော်မူနေသည့် မြင်ကွင်းကို မျက်ဝါးထင်ထင် မမြင်ရပါဘဲ စက္ခုအာရုံ၌ ထင်ဟပ်လာပြန်ရာ မျက်လုံးအစုံကိုလည်း အရှိန်နှင့် လျှင်စွာ ပိတ်လိုက်မိပြန်သည်။ သည်တွင် ခိုတွဲနေသော မျက်ရည်ဥတို့မှာ ညှစ်ထုတ်လိုက်ဘိအလား ပါးပြင်ဆီသို့ စီးကျလာလေတော့သည်။

သို့တိုင် အာရုံအတွင်း၌ကား ရာဇပလ္လင်အထက် ယှဥ်တွဲစံနေသော မြေဒူးမင်းတြားနှင့် မြေဒူးထိပ်ထားကြီးကိုလည်းကောင်း၊ ရှေ့ဝဲယာ၌ ခစားနေကြသော မတ်ပေါင်းစုံတို့၏ ရွှင်မြူးနေသော မျက်နှာများကိုလည်းကောင်း ထင်ရှားစွာ တယောက်ချင်း မြင်နေရပြန်သည်။ ခေါင်းကိုသာ တွင်တွင်ယမ်းခါရင်း ထိုအာရုံတို့ကို ပယ်ဖျောက်ရန် ကြိုးစားမိပြန်သည်။ သို့တိုင် မရ။ မရသည့်အဆုံး ပိတ်ဆို့ထားသော နားနှစ်ဖက်နှင့် စက္ခုနှစ်ကွင်းကို လွတ်လပ်ခွင့်ပေးလိုက်ရလေတော့သည်။

သည်တွင်

"ဘုရား ဘွဲ့မည်တော် သီရိအတုလ မဟာဒေဝီ ပါဘုရား"

နားခံတော်၏ ပီသကြည်လင်စွာ တင်လျှောက်လိုက်သော အသံသည် ထွတ်ချာဒေဝီ၏ အတွင်းနားစည်သို့တိုင် ရိုက်ခတ်သွားပြန်လေတော့သည်။ သည်တကြိမ်တော့ နားနှစ်ဖက်ကို ပိတ်ဆို့ရန် မကြိုးစားတော့ ထို့အတူ စက္ခုနှစ်ကွင်း ကိုလည်း မျက်ရည်စတို့နှင့်ပြည့်လွှမ်းထားပြီး ဖွင့်မြဲဖွင့်ကာ ရှေ့ရာဇပလ္လင်တော်ပေါ်သို့ ငူငူကြီး ကြည့်နေမိလေတော့သည်။ အရှင်နှစ်ပါး၏ ကျောပြင်ကိုသာ တံခါးအကြားမှ မထင်မရှား ဝိုးတဝါးမျက်ရည်စများကြားမှ မြင်တွေ့နေရလေသည်။

ကမ္ဗု့အရှင်မဖြစ်ခဲ့ပြီ ဖြစ်သော မယ်မင်းလှအား မတ်တော်မောင် ဗဒုံမင်းသားမှ ဘွဲ့မည်တော် ဆက်သနေသည့် မြင်ကွင်းမှာလည်း ကိုယ်တိုင် မမြင်ရသည့်တိုင် ထွတ်ချာဒေဝီကို မမြင်ဝံ့မတွေးဝံ့အောင် ခြောက်လှန့်နေပြန်သည်။

ရှုံးပြီ။ ရှုံးပြီ။ ငါတော့ စည်ပုတ္တရာကျေးတောသူမကို အကြီးအကျယ် ရှုံးနိမ့်ရပါပေါ့လား။ ဒီလောက် ပေးဆပ်ရင်းနှီးခဲ့ပါရဲ့နဲ့ ငါတော့ လာဘ်ကြီးနဲ့လွဲပြီ။

အို နောက်ဘက်မှာ ခင်ယွန်းစံ အမှူးပြုတဲ့ မိန်းမသားတွေနဲ့ ငါအနိုင်ယူထားတဲ့ ညောင်ရမ်းနန်းရိုးမ တွေရှိနေပါကလား။ နောက်ကနေ ငါ့ရဲ့ ရှုံးနိမ့်မှုကို ကြည့်ပြီး ဘယ်ကလောက် ဟားတိုက်နေကြမလဲ။ အို သူတို့ရှေ့မှာ ငါလဲကျလို့မဖြစ်ဘူး။

သို့အားယူ မာန်တင်းနေသည့်တိုင် ရင်တွင်း၌ ကြီးစွာသော ဒဏ်ရာပြင်းပျ ရှိနေပါ၍ ကိုယ်ခန္ဓာအတ္တဘောကြီးသည် နေမြဲနေရာ၌ ပကတိတည်မြဲနေနိုင်ရန် အင်မတန်ကြိုးစားနေရပေသည်။ သို့ဖြစ်ရာ ဆောက်တည်ရာမဲ့နေပြီဖြစ်သော ထွတ်ချာဒေဝီ ခမျာ ဟန်လုပ်၍ သင်ဖျာပေါ်၌ ထိုင်နေရသည်မှာ လွန်မင်းစွာ ပင်ပန်းနေပေ၏။ ဇောချွေးတို့လည်း ကိုယ်အနှံ့ စိမ့်ထွက်လာပြီး လူမှာလည်း အသက်ရှူမဝချင်တော့။

"မှန်နန်းဆင်ဖြူရှင် သားတော် သရက်မင်းသား သမီး ထွတ်ချာဒေဝီအား မဟာမင်္ဂလာစန္ဒာဒေဝီ ဘွဲ့မည်တော်နှင့် မြောက်နန်းတော် အသနားခံစေ ဘုရားအမိန့်တော်"

"မဟာမင်္ဂလာစန္ဒာဒေဝီ"

မာရဘင်အတွင်း ဝင်ရောက်၍ မိမိထံ ဆက်သလာသော ဘွဲ့မည်တော်ရွှေပြား ပေါ်မှ ဘွဲ့စာလုံးများကို တလုံးချင်း ဖတ်ရှုနေမိပြန်သည်။

"အို မြောက်နန်းတဲ့လားကွယ်ရို့"

ဝမ်းနည်းမျက်ရည်တို့ ဒလဟောသွန်ကျလာပြီး ဘွဲ့မည်တော်ကို လက်ခံရန် ဝန်လေးနေသော လက်တို့ကို ကြိုးစားထုတ်ယူနေရပေသည်။ ထိုအခိုက် တဝီဝီ တဒူဒူနှင့် နားဝသို့ ရိုက်ခတ်လာသော အမျိုးအမည်မသိရသည့် အသံတို့မှာ ဆူညံသည်ထက်ဆူညံလာပြီး ကိုယ်ခန္ဓာကြီးမှာလည်း ကမ္ဘာနေခုနှစ်စင်းထွက်၍ ပြိုကွဲရန် တယိမ်းယိမ်းတယိုင်ယိုင် ဖြစ်နေသော မြင်းမိုရ်တောင်ကြီးပမာ ယမ်းခါနေလေတော့သည်။

"ရှင်မိဖုရား ဘွဲ့မည်တော်ပါဘုရား"

"အို "

"အလို"

ဘွဲ့မည်တော် လက်ခံရန် ဘေးမှ သတိပေးလိုက်သော မြင်းမှူးမင်းသားကြီး၏ အသံပင် မဆုံးလိုက်ရသေး။ ထွတ်ချာဒေဝီ ၏ ကိုယ်ခန္ဓာကြီးသည် မတ်တည်နေရန် မစွမ်းတော့ဘိအလား ထိုင်တော်မူရာ သင်ဖျာပေါ်သို့ ပုံလျက်ခွေလဲကျသွားပြီး နောက်ဘက်မှ မယ်တော်ကြီး ခင်ယွန်းစံ အမှူးပြုသော မင်းပရိတ်တို့ အံ့သြလန့်ထိတ်ကုန်ကြလေတော့သည်။

#ကမ္ဗု့အရှင်မ
#မင်းနန်သူ

08/09/2026

"ပခန်းထိပ်ထား ခင်အုန်းပွင့်"

သာယာဝတီမင်းရဲ့ သမီးတော်တွေထဲမှာ ပခန်းထိပ်ထား ခင်အုန်းပွင့် ဟာ ဝါစဥ်အကြီးဆုံးသမီးတော်ကြီး ဖြစ်သလို ခမည်းတော် မရှိတဲ့နောက်မှာလည်း မောင်ဖွားဘုရင်မင်းတြားတို့ရဲ့ အစဥ်အဆက် စောင်မကြည့်ရှုခြင်းကို ခံယူသွားခဲ့ရပါတယ်။

သာယာဝတီအိမ်တော်ရဲ့ သမီးအကြီးဆုံးကို မွေးဖွားခဲ့သူ ပခန်းထိပ်ထားရဲ့ မယ်တော် ကိုယ်လုပ်တော်ရွှေသားဟာ လင်တော်မောင် သာယာဝတီမင်းတြား အထွတ်အမြတ် မရောက်မီမှာ လွန်ခဲ့သည်မို့ နန်းရဆောင်ရမိဖုရားအရာ တက်လှမ်းခွင့်မသာခဲ့ပါဘူး။

သို့တိုင် သာယာဝတီမင်းတြားဟာ အမိမဲ့သူ သမီးတော်ကြီးကို တနှစ်ထဲဖွား အလယ်နန်းမိဖုရား သားတော်ငယ် ပခန်းမင်းသားနဲ့ လက်ဆက်ပေးပြီး ဘုရင်ဖြစ်တဲ့အခါမှာလည်း အမြင့်ဆုံးသော ဒေဝီဘွဲ့နဲ့ ဟင်္ဂမော်မြို့ကို စားကျေးပေးလို့ အထူးချီးမြှောက်ခဲ့ပါတယ်။

ပခန်းထိပ်ထား တို့မောင်နှံဟာ သာယာဝတီမင်းရဲ့ မိဖုရားခေါင် ကျပင်းခေါင်ဖျားနဲ့ လွန်စွာပနံရပုံပေါ်ပြီး ပခန်းအိမ်တော်မှာ ဖြစ်ပေါ်လေသမျှ သာရေးနာရေး မှန်သမျှမှာ မိဖုရားခေါင်ကြီးကိုယ်တိုင် တပ်ဝင်းဖြန့်လို့ မိဖုရားခြွေရံစုံအညီနဲ့ လာရောက်တတ်ပါတယ်။

သို့ကလို လူချစ်လူခင်ပေါများတဲ့အတွက်ကြောင့်နဲ့လည်း လင်တော်မောင် ပခန်းမင်းသား လွန်ပြီးတဲ့နောက် ဖြစ်ပေါ်ခဲ့တဲ့ နန်းတွင်းရေး အရှုပ်အထွေးများမှာ ပခန်းအိမ်တော်ဟာ ငြိစွန်းခြင်းမရှိခဲ့ပါဘူး။

ဒါကြောင့်နဲ့လည်း ပုဂံမင်း လက်ထက်မှာ သူ့ညီတော် ပုခန်းမင်းသားနဲ့ နှမတော် ပခန်းထိပ်ထား ရဲ့ သားတော်သုံးပါးဖြစ်တဲ့ သရက်မင်းသား၊ ပခုက္ကူမင်းသားနဲ့ ချောင်းဆုံမင်းသားတို့ကို သားတော်များအရာထားလို့ မြေနန်းတော်မှာ ခမ်းနားစွာ နားသပြီး ချီးမြှောက်ခဲ့ပါတယ်။

သည်တင် သရက်မင်းသား ခမျာ ပုဂံမင်းရဲ့ လက်ပါးစေတွေ မနာလိုမှုကို ခံယူခဲ့ရပြီး ဘိုးတော် ရွှေတိုက်ဝန်နဲ့ ပူးပေါင်းကာ နန်းလုရန် ကြံစည်ပါတယ်လို့ အစွပ်စွဲခံရပါတော့တယ်။

သို့တိုင် ပုဂံမင်း ဟာ တူတော် သရက်မင်းသားကို စားကျေးမြို့ရွာ နှုတ်သိမ်းရုံကလွဲလို့ အထိန်းအသိမ်းနဲ့သာ ထားစေခဲ့ပါတယ်။

ဒါကြောင့် သရက်မင်းသားအရေးမှာ မယ်တော် ပခန်းထိပ်ထား အပါအဝင် ပခန်းတအိမ်တော်လုံး အေးချမ်းစွာ နေထိုင်ခဲ့ရပါတယ်။

သည်ကနေ မင်းတုန်းဘုရင် နန်းတက်တော့လည်း သာယာဝတီအိမ်တော်ရဲ့ အစ်မတော်အကြီးဆုံးဖြစ်တဲ့ မုဆိုးမ ပခန်းထိပ်ထားကြီးကို ဝင်းအိမ်တော်များနဲ့ အထူးချီးမြှောက်လို့ သူကောင်းပြုသွားခဲ့ပါတယ်။ အင်္ဂလိပ်သံတွေလာတဲ့အခါမှာလည်း ပခန်းအိမ်တော်ကနေ ပခန်းထိပ်ထားကြီးကပဲ ဦးစီးပြီး အကျွေးအမွေးအချက်အပြုတ်တွေ တာဝန်ယူရပါတယ်။ အဲ့သလောက်အထိ မင်းတုန်းဘုရင်တို့မောင်နှမဟာ သူတို့အစ်မတော်ကြီးကို အရေးပေးပွဲထုတ်ခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ပခန်းထိပ်ထား ဟာ ဘဝနေဝင်ချိန်ကို အေးချမ်းစွာ ဖြတ်သန်းရင်း မောင်တော်မင်းတုန်းဘုရင် လက်ထက် သက်တော် ၆၀ ကျော်အရောက်မှာပဲ ကံကုန်ခဲ့ရပါတယ်။

ဒီအခါမှာ မင်းတုန်းဘုရင် နဲ့ စကြာဒေဝီမိဖုရားကြီး တို့ဟာ သူတို့ရဲ့ တဦးတည်းသော အစ်မတော်ကြီးကို အနောက်နန်းမိဖုရားကြီး တပါးပမာ အရာထားပြီး ခမ်းနားစွာ အခမ်းအနားဖွင့်လို့ အရှင်နှစ်ပါး ကိုယ်တိုင် တက်ရောက်ပြီး မီးသင်္ဂြိုဟ်ပေးခဲ့ပါတယ်။

#မင်းနန်သူ

Photos from History notes's post 07/09/2026

"ရွှေရုပ်ထုပြုလုပ် အပူဇော်ခံရသော မိဖုရားခေါင်ကြီးများ"

ကုန်းဘောင်မင်းတို့ အစဥ်အဆက် ကိုးကွယ်ခဲ့ကြသော ရွှေကိုယ်လေးရုပ်ထုတော်များ နှင့်ပတ်သက်၍
ရွှေနန်းလက်သုံးပုံ ပုရပိုက်တွင် နန်းမတော်ကြီးလေးပါး၏ရုပ်ထုကိုသာ အတိုင်းအတာအလေးချိန်နဲ့တကွ ရေးဆွဲ ဖော်ပြ မှတ်တမ်းတင်ထားခဲ့သည်။

ထိုမိဖုရားခေါင်ကြီးလေးပါးမှာ

၁။ မိဖုရားခေါင်ကြီးခင်ယွန်းစံ (အလောင်းမင်းတရား၏ နန်းမတော်ကြီး)

၂။ မိဖုရားခေါင်ကြီးရှင်လွန်းမယ်(ဗဒုံမင်းတြား၏ နန်းမတော်ကြီး)

၃။ မိဖုရားခေါင်ကြီးမင်းမြတ်ရွှေ(သာယာဝတီမင်းတြား၏ နန်းမတော်ကြီး)

၄။ မိဖုရားခေါင်ကြီးစကြာဒေဝီ(မင်းတုန်းမင်းတြား၏ နန်းမတော်ကြီး)

တို့ဖြစ်ပြီး အခြားမှတ်တမ်းတို့တွင်ပါဝင်သည့် မိဖုရားခေါင်ရှင်ဖြိုးဦး(နောင်တော်ကြီးမင်း၏နန်းမတော်ကြီး) နှင့် မိဖုရားခေါင်ကြီးမယ်မင်းလှ (ဆင်ဖြူရှင်မင်းတြား၏နန်းမတော်ကြီး) တို့၏ရုပ်ထုတော်အမှတ်အသားများကို မတွေ့ခဲ့ရပေ။

ဤနေရာ၌ မိဖုရားခေါင်ကြီးမင်းမြတ်ရွှေ နှင့်ပတ်သက်၍ ရုပ်ထုတော် ထုလုပ်ပူဇော်ခြင်းခံရမခံရမှာ အငြင်းပွားဖွယ်ဖြစ်နေကြသည်ကို တွေ့ရသော်လည်း ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီး၌

"မိဖုရားခေါင်စကြာဒေဝီ၏ ရုပ်ထုတော်ထုလုပ်ရန်အတွက် မယ်တော်မိဖုရားခေါင်ကြီးနည်းတူ ထုလိုက်နိိုင်ရန် ရွှေချိန်ငါးပိဿာထုတ်ဆောင်ပေးရသည်"

ဟုအထင်အရှားပင် မှတ်တမ်းပြုထားခဲ့သည်ဖြစ်ရာ မိဖုရားခေါင်မင်းမြတ်ရွှေ၏ ရုပ်ထုတော်မှာ ရွှေတိုက်တော်၌ အထင်အရှား ရှိခဲ့ပါကြောင်းသိရနိုင်ပါသည်။

#မင်းနန်သူ

05/09/2026

"ကမ္ဗု့အရှင်မ" အပိုင်း (၁၂)
~~~~~~~~~~~~~~~~~~~~

"ဟောဒီမှာ နတ်ဝရတ်စီ ရွှေထမီတော်နဲ့ သိုရင်းအင်္ကျီတော်လေ"

"ဟောဒါက ညီမတော် ပခုံးအထက်မှာ လွှမ်းတင်ဖို့ထားတဲ့ နဝရတ်စီမြတဘတ်တော်ပေါ့ မလှဘူးလား ထိပ်ပန်အစ်မတော်ရယ်"

အစ်မတော်မင်းထိပ်ပန် အပေါ်၌ စောစော တွေ့စကလို ဆွံ့အမနေတော့ပေ။ မတွေ့တာ နှစ်ပေါင်းဆယ်ချီမက ကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် အစ်မတော်မင်းထိပ်ပန်မှာ ဟိုတုန်းကနဲ့မခြား နုပျိုလှပစွာနှင့် ဇရာ၏ဝါးမြိုမှုကို အံတုနေဆဲပင်။ ဘကြီးတော် မဟာဓမ္မရာဇာဓိပတိ၏ သမီးတော်များထဲတွင် ထွတ်ချာဒေဝီနှင့် အလွမ်းသင့်သူဆို၍ မင်းထိပ်ပန်အပါအဝင် မင်းရွှေပွင့် နှင့် မင်းခဲပေါင်တို့သာရှိလေသည်မဟုတ်ပါလော။

အများစုသော သမီးတော်များမှာ ထွတ်ချာဒေဝီ၏ လဲ့ပြာသောမျက်ဝန်းနှင့် ဖြူဝင်းသောအသားအရေတို့ ကို မယှဥ်နိုင်သည်ဖြစ်သောကြောင့် မနှစ်မြို့ကြပေ။ သူတို့ဖခင် မဟာဓမ္မရာဇာဓိပတိမှာ ကမ္ဘာပေါ်တွင် ရုပ်ရည်အချောမောဆုံးဖြစ်သကဲ့သို့ သူတို့သည်လည်း ဖခင်ကဲ့သို့ ကမ္ဘာပေါ်တွင် အချောမောဆုံးမင်းသမီးများ ဖြစ်ရမည်ဟု မှတ်ယူထားကြသည်ဖြစ်ရာ ဘုရင့်တူမတော်ဖြစ်သော ထွတ်ချာဒေဝီမှ သူတို့၏ အလှတရားကို ဖုံးလွှမ်း၍ ထားသဖြင့် မုန်းတီးကြခြင်းဖြစ်ပေသည်။ သည်အထဲ ဘကြီးတော် မဟာဓမ္မရာဇာဓိပတိကိုယ်တိုင်ကလည်း ထွတ်ချာဒေဝီကို ပွဲထုတ်၍ သူမ၏အလှတရားကို မင်းပရိတ်သတ်အလယ်၌ မကြာခဏ ချီးကျူးပြန်လေရာ တနန်းတော်လုံးရှိ မိန်းမသားတို့၏ အမုန်းတရားကို ခါးစည်းခံခဲ့ရသည်ဖြစ်လေ၏။

သို့တိုင် ထွတ်ချာဒေဝီ၏ အလှတရားကို ယှဥ်နိုင်စွမ်းသည်ဖြစ်ရုံမက အသက်ရွယ်လေးနှစ်မျှ ကြီးရင့်သည်ဖြစ်သော အစ်မတော်ထိပ်ပန်မူကား ထွတ်ချာဒေဝီအပေါ် တပါးညီအစ်မများလို နာလိုမုန်းထားမဖြစ်ဘဲ ညီမရင်းနဲ့မခြား ချစ်ခင်ခဲ့ပေသည်။ သို့ကြောင့်လည်း ထွတ်ချာဒေဝီသည် ယခုကဲ့သို့ နှစ်ပေါင်းများစွာ ကွဲကွာနေရသည့် အစ်မတော်ထိပ်ပန်ကို ခဏချင်းဖြင့် ညီအစ်မရင်းကဲ့သို့ မခြား ဟိုတုန်းက ခင်မင်ခဲ့ပုံမျိုးဖြင့် မနက်ဖြန် ဥကင်သဖွင့်ပွဲ၌ သူမ ဆင်မြန်းမည့် ဝတ်လဲတော်နှင့် ဆင်တန်ဆာရတနာများကို ဒေါင်းပေါင်တခုစီဖြင့် တခုချင်း လိုက်လံပြသနေဘိ၏။

အစ်မတော်ထိပ်ပန်သည်လည်း ညီမတော်အတွက် ဝမ်းသာဂုဏ်ယူမဆုံးစွာဖြင့် ရတနာဆင်တန်ဆာတို့ကို ကြည့်ရှုရင်း ခေါင်းတညိတ်ညိတ်ရှိနေရှာ၏။

"ပြီး ခေါင်းတော်ပေါ်မှာ ဆင်ယင်ဖို့က ရတနာထိပ်အုပ်ပန်းနဲ့ နဝရတ်စီ ယကင် ဆံထုံးတော်ကို စီမံထားတယ်လေ နားနှစ်ဖက်မှာတော့ နဝရတ်စီ နားတောင်းတော်ကြီးနဲ့ လက်နှစ်ဖက် ကိုကျ ဟောဒီ ရတနာလက်ကောက်တော်နဲ့ လက်ကြပ်တော်များ ဆင်ယင်တော်မူမယ်လေ အစ်မတော်"

"လက်တော်ပြည့် ခြေတော်ပြည့် ဆင်ယင်ဖို့ထားရှိတဲ့ နဝရတ်စီ ပတ္တမြား လက်တော်စွပ်နဲ့ ခြေတော်စွပ်များလည်း မယ်မင်းတို့ ဆောင်ယူခဲ့ကြပါဦးကွယ်"

"အို သဟာနဲ့တဆက်တည်း မဖျားအဖို့ နဝရတ်တွေနဲ့ စီရင်ပြုထားတဲ့ ကရဝိတ်ခြေနင်းတော်များလည်း ဆောင်ယူခဲ့ပါဦးကွယ် မနက်ဖြန် ဥကင်သဖွင့်ပွဲမှာ ဘုန်းတော်ကြီးလှသောမြေဒူးထိပ်တင် တချိန်လုံး ရှိနေမှာမို့ စီးနင်းရန်အခွင့်မသာလိုက်တဲ့ ရတနာဖိနပ်တော်ပေါ့ အစ်မတော်ရယ်လေ"

"အိုကွယ် တို့များ ရွှေဝနန်းတော်ထက်က မိကြီးတော်ရှင် နန်းမတော်ဆောင်အရှင်မိဖုရား နန်းဆောင်အတွင်း ရောက်ရှိလေသလား မှတ်ထင်ရအောင်ပါ့လား ညီမတော်ရွှေဥရယ် ရတနာတွေဆိုတာလည်း လက်ဝတ်တော်အဆင်တန်ဆာရယ် ဝတ်လဲတော်မှာပါတဲ့ဆင်တန်ဆာ ရတနာရယ်နဲ့ မခွဲထားဘဲ ခမ်းနားချင်တိုင်း ခမ်းနားပြီး အင်မတန်အဖိုးကြီးလှပါရဲ့"

ညီမငယ် ထွတ်ချာဒေဝီ၏ ကိုယ်ပေါ်၌ နေရာလပ်မကျန် ဆင်မြန်းတော်မူမည့် ရတနာတို့ကို ရွှေတိုင်အလင်းဖြင့် ပြိုးပြိုးပျက်ပျက်မျှ မြင်နေရသည်ဖြစ်သော မင်းထိပ်ပန် ၏ နှုတ်မှ ရုတ်တရက် စကားစထွက်လာရာ

"ခမ်းနားပြီး အဖိုးကြီး ဆို မနက်ဖြန် ဥကင်သဖွင့်ပွဲမှာ ညီမတော်က ကမ္ဗု့အရှင်မဖြစ်မယ့် နန်းမတောင်ညာ မိဖုရားကြီးကိုး စည်ပုတ္တရာ ကျေးတောသူမတွေအကြားမှာ ဘယ်လျော့လို့ဖြစ်မလဲ ခုညီမတော်ရထားတဲ့ ဆင်တန်ဆာတွေ အားလုံးဟာ တို့များဘိုးဘေးတော် ညောင်ရမ်းဘဘုရားကြီး လက်ထက် သမီးတော် ပန်ထွာမင်းသမီးကို ချီးမြှင့်တဲ့ မိဖုရားကြီးအဆောင်အယောင်တွေပဲဖျား"

ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုလိုက်သော ထွတ်ချာဒေဝီ၏ စကားကြောင့် မင်းထိပ်ပန်လည်း အံ့သြခြင်းကြီးစွာဖြင့်

"သြော် လတ်စသတ်တော့ ညီမတော်ရဲ့ဆင်တန်ဆာတွေအားလုံးဟာ တို့များ ဘွားတော်ကြီး အတုလစန္ဒာဒေဝီရဲ့ ဆောင်အယောင်တွေကိုး"

တချိန်သောကာလက မိမိတို့ညောင်ရမ်းနန်းဆက် တန်ခိုးထွားစဥ်ကာလကို ရုတ်တရက်စဥ်းစားမိပြီး ဝမ်းနည်းသလို ဆွေးမြေ့သလို ခံစားရပုံ ရလေသည်။ ညီမနှစ်ယောက်လုံး စကားမပြောနိုင်ကြဘဲ ခေတ္တတိတ်ဆိတ်သွားလေပြီး ရွှေသလွန်အထက် တူယှဥ်စက်ကာ ငေးမောထိုင်ချလိုက်လေသည်။ သူမတို့၏ အတွေးစ၌ကား ဘုန်းတန်ခိုးကြီးမားစွာဖြင့် သက်ရွယ်တော် ဆယ်ကျော်မျှနှင့် မိဖုရားခေါင်အဆောင်အယောင်အစီးအနင်းကို သုံးပြီး သူ မတူအောင် ခမ်းနားစွာ နားသမင်္ဂလာဆင်ယင်ခဲ့သော သူမတို့၏ ဘွားဘေးတော်ပန်ထွာမင်းသမီးကြီးကို ပြေးမြင်မိကြလေသည်။

"ပသို့ဆိုစေ ဟောဒီကုန်းဘောင်ဆက်မှာ တို့များဘိုးဘေးတော် ဟံသာဝတီဆင်ဖြူ့ရှင်မင်းတြားကြီးဘုရား အနွယ်တော်တွေထဲက မိမိတယောက် ကမ္ဗု့အရှင်မအဖြစ်နဲ့ တိုင်းပြည်ကို အုပ်စိုးရတော့မယ်ကြားသိရတော့ မဖျား ဂုဏ်ယူဝမ်းမြောက်မိပါရဲ့ကွယ်"

တိတ်ဆိတ်နေသည်ကို မင်းထိပ်ပန်ကပင် စကားဦးသန်း၍ ဖျက်ဆီးပစ်လိုက်ရလေသည်။ ထို့နောက် မင်းထိပ်ပန်သည် ဆင်မြန်းမည့်ရတနာများ ကို ကုန်စင်အောင်ပြသပြီးဖြစ်နေသော ညီမငယ်ကို စေ့စေ့ကြည့်၍

"သဟာနဲ့ အစ်မတော်လေ စိတ်ရင်းနဲ့ ညီမတော်ကို အကြံဉာဏ်များပေးလိုပါစကွယ်"

"ဘယ်လိုအကြံဉာဏ်များပါ့အစ်မတော် ကောင်းမယ်ထင်လို့ မိန့်မှာမယ့်စကားများ မပယ်ရှားသူပါ အစ်မတော် မြွက်ပါ"

"အို တခြားမဟုတ်ပါဘူး အစ်မတော်ဟာ ခမည်းတော်ဖျား လက်ထက်မှာ အဝရွှေနန်းထက်က နန်းထက်ဖွားအနေနဲ့ စံစားခဲ့ရသူ ဖြစ်သလို ထီးနန်းပျက်တော့ တောတွင်းပုန်းဘဝနဲ့ သောင်မတင်ရေမကျ လှည့်လည်နေခဲ့ရတာကလား ဒီကနေ ကံဇာတာဖန်လာလို့ ဇင်းမယ်ရောက်တော့မှသာ အသက်ရှူချောင်ရတာကလား အဲသလို ဇင်းမယ်ရောက်ပြီး အသက်ရှူချောင်လို့မှ မကြာသေး ဟောအခု ဘုန်းတော်ကြီးဘုရားကျေးဇူးတော်ကြောင့် အမိမြေကို ပြန်လည်အချေချခွင့်ရခဲ့ပြန်ပြီလေ အဲ့သလို ရှင်ကြီးရှင်ငယ် ဝမ်းပေါင်းစုံမှာ ကျက်စားခဲ့ရတာနဲ့အမျှ အတွေ့အမြင်အသိတွေဟာ အထိုက်အလျောက်တော့ ရှိလာခဲ့တယ်ဆိုရမှာပေါ့ ညီမတော်ရယ်"

"ခုပဲကြည့်လေ မနက်ဖြန် ဥကင်သဖွင့်ပွဲမှာ ညီမတော်ဆင်ယင်မယ့် ဆင်တန်ဆာတွေမြင်တော့ အစ်မတော် စိတ်ထဲ အတွေးတခုပေါ်လာတယ် တခြားတော့မဟုတ်ဘူး ညီမတော်ဆင်ယင်မယ့် ရတနာတွေဟာ ခမ်းနားအဖိုးများတာမှန်သော်ငြား တို့များ ဘိုးဘေးတော်ညောင်ရမ်းဘုရားကြီး လက်ထက်ကနဲ့မခြား ရှေးရိုးဆန်နေပါရဲ့လားကွဲ့"

"အစ်မတော် မြင်ခဲ့ရတဲ့ ဇင်းမယ်မြို့ဝန် သမီးဆိုရင်လေ အယုဒ္ဓယနန်းတွင်းသူတွေကို မှီးပြီး ရတနာပြိုးပြိုးပျက်ပျက် တခဲနက် လက်နေတဲ့ လည်ပင်းပတ်လည် ဆွဲဆင်ရတဲ့ နောက်တွဲကုံးတော်တွေနဲ့ လက်ကောက်ဝတ်မျှ မမြင်ရအောင် ရတနာရွှေအတိပြီးတဲ့ လက်လိုက်ပုတီးများ ဆင်ယင်ထားသည်များ ရတနာပုံကြီးအလားမှတ်ထင်ရပါဘိကလား ညီမတော်"

"ဒါကြောင့် အရွယ်တော်သေးငယ်လှတဲ့ ရတနာလည်ဆွဲတော်နဲ့ လက်ကောက်တော်အစား ညီမတော်သာ သို့ကလို ရတနာမျိုး ဆင်ယင် လိုက်မယ်ဆိုရင် ဟောဒီနန်းတော်တခွင် တုဖက်မမြင်အောင် လှပနေပြီး မိန်းမတကာငေးမောနေရမှာ အမှန်ပဲညီမတော်"

"အို အဲ့ဒီရတနာနောက်တွဲကုံးတွေနဲ့ လက်လိုက်ပုတီးတွေဟာ သည်လောက်တောင်ပဲလှပသလား အစ်မတော်ရယ် မြင်ဖူးချင်စမ်းပါဘိ"

"အိုကွယ် ညီမတော် ဆန္ဒရှိရင် မြင်ရရုံမက ဆင်မြန်းဖို့ပင် အစ်မတော် ကြံဆောင်ပေးနိုင်ပါရဲ့"

"အလို အစ်မတော် ဆိုစကားကဖြင့် ဒီရတနာတွေဟာ ထွတ်ချာ ဆင်မြန်းဖို့ အသင့်ရှိနေသလိုပါပဲကလား"

"ရှိရချေရဲ့လေ ညီမတော်ဟာ ဒီရတနာတွေ ပေါများစွာ ဆင်မြန်းတဲ့ အယုဒ္ဓယပြည်အပါးက ဇင်းမယ်ပြည်ကြီးကို သိမ်းယူအောင်တော်မူခဲ့တဲ့ အရှင်မင်းမြတ်ရဲ့ နန်းမတော်ညာမိဖုရားကြီး လောင်းလျာဆိုတာ ကိုယ့်ကိုယ်ကို မေ့မထားပါနဲ့လေ"

"အို အဟုတ်သားပဲ ဇင်းမယ်ပြည်ကြီးကို အောင်တော်မူခဲ့တဲ့ မယ့်ထိပ်တင် မှန်စီဆောင်မှာ ရှိနေသားဖြင့်ဟာ မနက်ဖြန်ဥကင်သဖွင့်ပွဲအတွက် ထွတ်ချာ ကိုယ်တိုင် အခုပဲ သွားရောက်လို့ တောင်းဆိုတော်မူမယ် အစ်မတော်ထိပ်ပန်"

ထွတ်ချာဒေဝီ၏ မျက်ဝန်းအစုံမှာ ဝင်းလက်တောက်ပလာပြီး ချက်ချင်းပင် နေရာတော်သလွန်မှထ၍ မြေဒူးထိပ်တင်အရှင်စံရာ မှန်စီဆောင်သို့ လှမ်းကြွသွားရန်ပြင်ဆင်လေတော့သည်။ သို့ဖြင့် ရတနာနောက်တွဲကုံးနှင့် လက်လိုက်ပုတီးတော်များကို အကြောင်းပြု၍ အစ်မတော်ထိပ်ပန်ကိုပင် မေ့လျော့ကာဖြင့် မှန်စီဆောင်သို့ အလောသုံးဆယ်ထွက်ခွာသွားလိုက်မိလေသည်။

လမ်းခုလပ်ရောက်သည်တွင်မှ

"အို မေ့နေလိုက်တာ အစ်မတော်ကို ရွှေတောင်ထိပ်ထားဘုရားကြီး ကျန်းခံအီပါစလို့တောင် မမေးလိုက်ရပါကလားမင်းမြင့်ရယ်"

တချိန်သောအခါက အဝရွှေနန်းရှင်၏ သားတော်သမီးတော်နှစ်ဖော်ဖြစ်သော အစ်မတော်ထိပ်ပန်နှင့် ရွှေတောင်ထိပ်ထား တို့လက်ဆက်ပွဲမှာ ခမ်းနားခဲ့ပေသည်မဟုတ်ပါလော။ တရုတ်ပြည်သွား သံအဖွဲ့ နှင့် မောင်နှံနှစ်ဖော် လိုက်ပါသွားရာမှ အဝရွှေနန်းပျက်စီးသည်နှင့်ကြုံရပြီး ပြည်တော် ပြန်မရောက်နိုင်ခဲ့သော မောင်နှံနှစ်ဖော်။ ဘယ်ကဘယ်လို ဇင်းမယ်သို့ ဆိုက်ရောက်သည်မသိရ။ ဒီပဲယင်းအရှင်၏ အမိန့်တော်နှင့် ဇင်းမယ်ပြည်ကို သိမ်းယူနိုင်သည်တွင်မှ အမိမြေသို့ပြန်လည်ချေချခွင့်ရသော အစ်မတော်ထိပ်ပန်တို့မောင်နှံ။ သို့တိုင် သူတို့ကို ပြည်တော်ပြန်နိုင်ရန် ကူညီခဲ့သော ဒီပဲယင်းအရှင်ကို မတွေ့သွားခဲ့ရပေတကား။

ဇင်းမယ်ကို အောင်တော်မူခဲ့သော ဒီပဲယင်းအရှင်သည် ဇင်းမယ်ပြည်ကြီးမှ ဆိုက်ရောက်လာသော ကျေးကျွန်တော်အပေါင်းနှင့် ဘဏ္ဍာတော်အစုစုကို မြင်မသွားခဲ့ရဘဲ နတ်ရွာစံခဲ့ရပေသည် မဟုတ်ပါလော။ အကယ်၍ ဒီပဲယင်းအရှင်သာ ခုချိန်ထိရှိနေပါက မိမိ ယခုဆင်မြန်းမည့် ရတနာတို့မှာ ရှင်ဖြိုးဦးအတွက်သာ ဖြစ်ချေတော့မည်တကား။ ယခုမူကား နတ်တို့ဖန်စီမံသည့်အလာယ အရာအားလုံး မိမိ အတွက်သာဖြစ်ရပေတော့သည်။

"အလို ထွတ်ချာဒေဝီရှင်မဖျားပါကလား"

မြေဒူးထိပ်တင် စံရာ မှန်စီဆောင်သို့ ရောက်သည်တွင်မှ ထွတ်ချာဒေဝီလည်း အတွေးစတို့ကို ရုတ်သိမ်း၍ မိမိ၏လာရင်းကိစ္စကို သတိရပေတော့သည်။

~~~~~~~~~~~~~~

"အိုကွယ် လှလိုက်တဲ့ ရတနာနောက်တွဲကုံးကြီးပါကလား မင်းမြင့်ရယ် မဖျားနဲ့မလိုက်ဖက်လှဘူးလား"

ရတနာနောက်တွဲကုံးနှင့် လက်လိုက်ပုတီးများ ဆင်မြန်းထားသော ထွတ်ချာဒေဝီသည် ကြေးမုံပြင် ထဲမှ မိမိ၏ ရုပ်သွင်ကို တပတ်လည်မျှ လှည့်လည်၍ ရှုစားရင်း မိန့်လိုက်လေသည်။

"အို သခင်မဖျား ရွှေအသားနဲ့ ရတနာများအရောင် တထပ်ထဲတူညီယိုးမှားနေတာများ ဘုရားကျွန်မ မင်းမြင့်ဖြင့် ရဲရဲမကြည့်ရဲအောင်ပါပဲဖျား"

"မင်းမြင့် တို့များမြေဒူးထိပ်တင်အနေနဲ့ တို့အပေါ် သို့ကလောက် အလိုလိုက်ပြီး အလိုရှိတာကို ခဏမဆိုင်းသနားတော်မူတာ မယ်မင်း အသိပါနော် မနက်ဖြန်ခါ ကမ္ဗု့အရှင်မရွေးပွဲမှာလည်း သို့ကလိုပဲ မဖျား အလိုရှိတဲ့ ကမ္ဗု့အရှင်မနေရာကို ပေးအပ်မှာပါနော်"

"အို သခင်မဖျားနှယ် မဟုတ်တာ စိတ်ပူတတ်ရန်ကော မြေကြီးလက်ခတ်တာကမှ လွဲဦးမယ် သခင်မ အဖို့ ကမ္ဗု့အရှင်မနေရာကတော့ မလွဲနိုင်ပါပြီဘူးဖျား"

"အိမ်း မယ်မင်း တင်သလိုဖြစ်ပါစမ်းကွယ်"

"မနက်ဖြန် ကမ္ဗု့အရှင်မဖြစ်တော့မယ်ဆိုတော့ မဖျားအဖို့ ရန်ကြွေးဟောင်းများ ကို ခုညပဲ ရှင်းလင်းထားမှတော်တော့မယ် မင်းမြင့် ခု ဘယ်အချိန်ရှိပလဲ"

"ညတချက်တီးပါပြီဖျား"

"အချိန်ကိုက်ပဲ မဖျား ရန်ကြွေးဟောင်းချေဖို့ ဒင်းတို့ရှိရာ အိမ်နိမ့်ဆောင်ကို ခုပဲ လှမ်းတော်မူမယ် ပြင်ဆင်စရာရှိတာပြင်ကြစမ်း"

~~~~~~~~~~~~~~~~~~

"ထွတ်ချာဒေဝီ ရှင်မိဖုရား ကြွချီတော်မူလာပြီ အားလုံး နေရာတော် ဘဏ္ဍိုင်များ ကထလို့ ပဆစ်တုတ်ခစားစေ"

ညအမှောင်ထုအောက်ဝယ် ရတနာသိင်္ဃ စံနန်းတော်ကြီး၏ အနောက်တောင်ထောင့်ရပ်၌ အရောင်အဆင်းကင်းမဲ့စွာဖြင့် တိတ်ဆိတ်ငြိမ်သက် နေသော နန်းဆောင်ငယ်မှာ စမြှောင်၏ အော်ဟစ်သံကြောင့် ရုတ်ရုတ်သဲမျှ လှုပ်ရှားသွားလေတော့သည်။ ထိုသည်နှင့်အတူ စောစောပိုင်းက ရွှေတိုင်တော် တချောင်းထဲ ၏ အကူအညီဖြင့် မလင်းမချင်းဖြစ်နေရသော နန်းဆောင်တော်မှာလည်း စမြှောင်၏ အော်ဟစ်သံနဲ့အတူ မြှောက်များစွာသော ရွှေတိုင်တော်၏ အလင်းရောင်တို့ နန်းဆောင်အတွင်း ချဥ်းနင်းဝင်ရောက်လာပြီး နေ့ကာလနဲ့မခြား လင်းထိန်သွားလေတော့သည်။

နေ့ကာလနှင့်မခြား ဖြစ်သွားသော နန်းဆောင်အတွင်းတွင်ကား နတ်ပြည်စံအလောင်းမင်းတြားကြီး၏ မိဖုရားဟောင်းများဖြစ်သော ညောင်ရမ်းနန်းရိုး မင်းရွှေကြာ၊ မင်းမင်္ဂလာ၊ မင်းရတနာတို့သုံးပါးနှင့် ဟံသာဝတီတပင်တိုင်မင်းသမီးတို့ ရှိနေပြီး ခြွေရံအနည်းအငယ်ဖြင့် စံရာ ဘဏ္ဍိုင်အသီးသီးဝယ် စက်တော်ခေါ်ရန် ပြင်ဆင်နေကြချိန်လည်း ဖြစ်လေသည်။

သို့အတွက်ကြောင့် မိမိတို့နှင့် တန်းတူ အလောင်းမင်းတြားကြီး၏ နန်းတင်ခြင်းကို ခံရ၍ အလောင်းမင်းတြားနတ်ရွာစံသည်နှင့် အရာကျမိဖုရားဘဝ ရောက်ရသည်ဖြစ်သော ထွတ်ချာဒေဝီတယောက် မိမိတို့၏ နန်းဆောင်ငယ်သို့ ဆိုက်ရောက်လာခြင်းအပေါ် ဂရုမထားကြဘဲ စမြှောင်၏ သတိပေးစကားကိုပင် လျစ်လျူရှုကာ နေမြဲ ဘဏ္ဍိုင်ပေါ် နေကြလေသည်။

သို့အတွက်ကြောင့် တပွင့်ထဲနှင်းဆီကို လှပစွာ ဦးခေါင်း၌ ထိုးစိုက်ပန်ဆင်၍ မနက်ဖြန် ဥကင်သဖွင့်ပွဲ၌ မင်္ဂလာယူရန် ပြင်ဆင် ခြယ်သထားပြီးဖြစ်သော ထွတ်ချာဒေဝီတယောက် နန်းဆောင်အတွင်းသို့ အပျိုတော်မင်းမြင့်နှင့် ခင်ဆုံကို လက်ဝဲလက်ယာ အတွဲအမထား၍ ဝင်ရောက်လာသည်၌ မြင်လိုက်ရသော မြင်ကွင်းကြောင့် မျက်နှာပျက်သွားလေသည်။

"ငါလို ကမ္ဗု့အရှင် တောင်ညာလောင်းလျာကြွချီလာတာကို ပဆစ်တုတ် အရိုအသေမပေးဘဲ ဘဏ္ဍိုင်ပေါ်မှာ နေမြဲနေရဲတဲ့ ဗိုင်းတာစုမတွေ"

"ဘာလဲ မယ်မင်းတို့ဟာ ဘုရင့်အပါး အခစားမဝင်ရတာ ကြာသည်နဲ့ပဲ ထီးဓလေ့နန်းဓလေ့ မေ့ပျောက်ကုန်ပြီး စည်ပုတ္တရာကျေးတောသူမတွေလို ဖြစ်ကုန်ပြီလား"

မိမိနှင့် ပြိုင်ဘက်ဖြစ်ခဲ့ဖူးသော ဟံသာဝတီတပင်တိုင်၏ မျက်နှာကို ဦးစွာ စေ့စေ့ကြည့်ပြီးနောက် ကျန်ညောင်ရမ်းနန်းရိုး ညီမတော်သုံးပါးကို တလှည့်စီကြည့်ရင်း ဟံသာဝတီတပင်တိုင်ထိုင်ရာ ဘဏ္ဍိုင်ရှေ့သို့ အရောက်ကြွလှမ်းသွားလေသည်။ ပြီးသည်နှင့် နောက်ပါးဆီက မိန်းမစိုးတို့ထံ တချက်မျှစောင်းငဲလိုက်ပြီး

"မဖျား ဒီဘဏ္ဍိုင်ပေါ်မှာစံစားပြီး တပါးမင်းမိန်းမတွေရဲ့ အကန်တော့ခံမယ်"

ထွတ်ချာဒေဝီ၏ အမိန့်တော်ကြောင့် နောက်ပါးက မိန်းမစိုးတို့သည် ဟံသာဝတီတပင်တိုင်ကို နေရာတော်ဘဏ္ဍိုင်က ဖယ်ရှားရန် ရှေ့သို့တိုးမည်ပြုရာ ဟံသာဝတီတပင်တိုင်လည်း မျက်နှာချင်းချင်းနီမျှ ရုတ်ချည်း အမျက်ထွက်သွားပြီး

"ဝံ့သလားကွယ်ရို့ ဟံသာဝတီ နန်းတော်က ရတနာပလ္လင်အထက်မှာ ရတနာမျိုးစုံ ခင်းကျင်းလို့ အလောင်းမင်းတြားကြီးကိုယ်တိုင် ရွှေလက်ဆွဲ နန်းတင်ခဲ့တဲ့သူကို ဘယ်သဘောက်မျိုးက ထိရဲသလဲ ထိစမ်း ငါ့ကို စော်ကားရိုင်းပျတာဟာ နတ်ပြည်စံအလောင်မင်းတြားကို စော်ကားရိုင်းပျသည်နဲ့မခြားပဲ ဇက်ပြတ်သွားမယ်မှတ်"

ဟံသာဝတီတပင်တိုင်၏ စကားကြောင့် မိန်းမစိုးတို့ ရှေ့မဆက်ရဲဘဲ လန့်ထိတ်ကုန်ရာ ထွတ်ချာဒေဝီ၏ အပါး၌ ရှိနေသော အပျိုတော်ခင်ဆုံသည် အရွယ်ငယ်သူပီပီ ဟံသာဝတီတပင်တိုင်၏ လက်ကိုဆွဲ၍ ဘဏ္ဍိုင်ပေါ်က ဆွဲချလိုက်ရာ ခဏချင်းဖြင့် ဟံသာဝတီ တပင်တိုင်လည်း အောက်သို့ကျရလေ၏။ သည်တွင် ထွတ်ချာဒေဝီသည် ကျေနပ်စွာပြုံးရင်း ဘဏ္ဍိုင်ခြေရင်း၌ ပုံလျက် လဲကျနေသော ဟံသာဝတီတပင်တိုင်၏ အင်္ကျီစကို တက်နင်း၍ ဘဏ္ဍိုင်ပေါ်၌ ထိုင်လိုက်လေသည်။

သို့တိုင် ကျန်ညောင်ရမ်းနန်းရိုးမိဖုရားသုံးပါးသည် ထိုင်မြဲဘဏ္ဍိုင်က မထဘဲနေကြလေသည်။

"ညီမတော်တို့ ကြည့်ရတာ ဟံသာဝတီတပင်တိုင်လို ဖြစ်ချင်နေပြီထင်ရဲ့"

"ဟင်း..."

ညီမတော်သုံးပါးသည် တဖက်သို့ မျက်နှာလွှဲလိုက်ကြလေသည်။ ပြီးမှ မင်းရွှေကြာက

"တို့များလို ညောင်ရမ်းနန်းရိုးအစစ်အမှန် ဘုရင့်သမီးတွေရဲ့ အကန်တော့ဆက်ခံရဖို့ အချိန်တော်မတန်သေးဘူးထင်ရဲ့ မင်းရွှေဥ"

"မနက်ဖြန်ဥကင်သ ဖွင့်ပြီးမှပဲ အကန်တော့ဆက်ရလည်း အချိန်မနှောင်းသေးပါဘူး"

အသက်ရွယ်ကြီးဆုံးသော မင်းရွှေကြာ၏ စကားကြောင့် ထွတ်ချာဒေဝီ မျက်နှာ မှိုင်းညှို့သွားပြန်သည်။ သည်တွင် အပျိုတော်လေးခင်ဆုံသည် သခင့်အလိုကျ မင်းရွှေကြာကို နေရာတော်မှ ဆွဲချရန် အပါးတိုးသွားလေရာ ညီမဝမ်းကွဲမို့ သွေးကစကားပြောသည်ထင့် ထွတ်ချာဒေဝီသည် လက်ကာပြလိုက်ပြီး

"ရှိစေတော့ ခင်ဆုံ မနက်ဖြန်ဥကင်သဖွင့်ပွဲမှ အကန်တော့ဆက်ခိုင်းလည်း နောက်မကျပါဘူး"

"ရွှေကြာ ဟာ တို့ကို ကမ္ဗု့အရှင်မ မဖြစ်နိုင်ဘူးလို့ ထင်နေပုံပဲ ဟင်း....ဟင်း....ဟင်း"

သွားများပေါ်သည်အထိ အားရစွာရယ်မောပြီး ထွတ်ချာဒေဝီသည် ထိုနန်းဆောင်ဟောင်းမှာ စံရသည်အား မင်္ဂလာမရှိသည့်ပမာ ခံစားရဟန်တူလာပြီး ထိုနေရာမှ ပြန်ကြွရန် ပြင်လေသည်။

"မဖျား ပြန်ကြွတော့မယ် ဒီနန်းဆောင်ဟောင်းမှာနေရတာ မဖျား မသတီလှဘူးကွယ်ရို့"

ပြောပြောဆိုဆို နေရာတော်ကထဖို့ပြင်လေရာ ခင်ဆုံနှင့် မင်းမြင့်တို့အပါးသို့ တိုးကပ်လာကြလေသည်။ သည်တွင် ခင်ဆုံ ၏ ဖျတ်လတ်မှုကို သဘောကျသောထွတ်ချာဒေဝီက မိမိ၏ ခြေရင်း၌ ရှိနေသော ဟံသာဝတီ တပင်တိုင်ကို ကြည့်၍

"မယ်မင်းဟာ တယ်လဲ လက်ရဲလှသကိုး"

"ကမ္ဗု့အရှင်မ အားထားရတဲ့ လက်ရုံးတော်မိဖုရား ဖြစ်ရမယ့်သူဟာ သို့ကလို ကိုယ်တိုင် လက်မရဲရဘူးကွဲ့ အစေအပါးတွေကိုသာ ခိုင်းစေရတယ်"

"ဒါနဲ့ မယ်မင်း ဘဖျားက ဘယ်သူ"

"မတ္တရာစီရင်စုအတွင်းက လွန်တောင်းစားပါဖျား"

"အိမ်း ရေမြင့်ကြာတင့်တဲ့ သူလည်း ဘုရင့်ယောက္ခမဖြစ်ရသေးသပေါ့ကွယ်"

ထွတ်ချာဒေဝီတို့ နန်းဆောင်ပြင်သို့ ထွက်ခွာလာခဲ့ခြင်းနဲ့ အတူ စောစောလင်းထိန်သွားခဲ့သော နန်းဆောင်မှာလည်း တတိုင်ထဲသော ရွှေတိုင်၏ မလင်းမချင်း အရောင်ပေးခြင်းကို သာခံရရှာလေတော့သည်။ ရှက်လွန်လွန်း၍ ငိုကြွေးနေသော ဟံသာဝတီတပင်တိုင်ကို မိဖုရားဟောင်းသုံးပါးလုံး စောင်းငဲ့ကြည့်၍ သက်ပြင်းသာချနိူင်လေတော့သည်။

တောင်မင်း မြောက်မင်း မကယ်နိုင်ပါ့တကာ့အား။

~~~~~~~~~~~~~~~~~

၁၁၂၆ခုနှစ် ၊ နယုန်လပြည့်ကျော် ၂ရက်နေ့ ။

တိုင်းပြည်တော်သို့ မြေဒူးမင်းတြား ဘုရင်အဖြစ်တရားဝင်ကြေညာတော်မူမယ့် ဥကင်သဖွင့်ပွဲ အခမ်းအနားမှာ လွန်စွာခမ်းနားလှပေ၏။ ရွှေနန်းတော်၏ အနောက်တောင်ထောင့်တွင် သင်္ကြန်တော်ကြီး ခေါ်တော်မူပြီးနောက် မြေနန်းပလ္လင်ပေါ် တက်၍ ဥကင်သဖွင့်တော်မူရန် ကြွလှမ်းလာသော မြေဒူးမင်းတြားကြီးမှာ ရာဇဣန္ဒြေ အပြည့်နှင့် ရှိပေ၏။ ထို့အတူ မြေနန်းပလ္လင်တော်သို့ တက်ရန် လှေကားရင်း၏ ဘယ်ညာတွင် ဆင်တန်ဆာတူညီစွာ ဝတ်စားထားသော မြေဒူးထိပ်ထား နှင့် ထွတ်ချာဒေဝီတို့မှာ အတွဲအမခြွေရံ စုံညီစွာဖြင့် ကမ္ဗု့အရှင်မနေရာအတွက် အပြိုင်အဆိုင်ရှိနေကြပေပြီ။

ခပ်လှမ်းလှမ်းရှိ ဘဏ္ဍိုင်တော်ပေါ်၌ သမီးတော်သုံးပါးရံ၍ ထိုင်နေသော မယ်တော်ကြီး ခင်ယွန်းစံသည် ချွေးမတော်နှင့် ထွတ်ချာဒေဝီကို တလှည့် မြေနန်းပလ္လင်ပေါ်သို့ တက်ရောက်ရန် ရာဇဣအပြည့်နှင့် ဘိသိက်နန်းမှ လှမ်းလာသော သားတော်ကိုတလှည့် ကြည့်ပြီး စိတ်မေနေဘိအလား လက်ထဲက စိတ်ပုတီးကို တချောက်ချောက်ပြုနေပေ၏။

ထိုအခိုက် မြေနန်းပလ္လင်၏ လှေကားအပါးသို့ ရောက်ရှိလာသော မြေဒူးအရှင်သည် လှေကားရင်းဘယ်ညာ၌ မိမိ၏ လက်ကမ်းကြိုယူခြင်းကို စောင့်စားနေသော မိဖုရားနှစ်ပါးကို တလှည့်စီကြည့်ရင်း ပလ္လင်ပေါ်တက်မည့် ခြေလှမ်းတို့မှာ ကျောက်ခဲဆွဲထားဘိအလား လေးလံစွာ လှမ်းလင့်နေရပေ၏။

သို့တိုင် မြေဒူးအရှင်၏ လှမ်းလင့်နေသော ခြေလှမ်းတို့မှာ လှေကားပေါ်သို့ ပြောင်းရွှေ့ရန်အချိန်ကျလာသည်ဝယ် ရပ်တန့်သွားပြီး ဘေးတဖက်တချက်သို့ တလှည့်စီ ကြည့်နေမိ၏။ မိမိနှင့် သားသမီးရတနာတို့ပွားစီးထားသည်ဖြစ်ရုံမက ယခုတွင်လည်း ကိုယ်လေးလက်ဝန်ရှိနေသည်ဖြစ်သော မိမိ၏ တရားဝင်ထိပ်ထားမယားကြီး။ မြင်ကတည်းက မိမိ မြတ်နိုး ရသည်ဖြစ်ပြီး သူ့အတွက်နှင့် ကျွန်တော်ရင်းကိုပင် သုတ်သင်ခဲ့ရသည်အထိ ဖြစ်ရပါသော ထွတ်ချာဒေဝီ။

မြေဒူးထိပ်ထားကြီး၏ မျက်ဝန်းတို့သည်ကား ပကတိကြည်လင်နေပြီး ဖြစ်လါမယ့် အရာအားလုံးလက်ခံထားသည့်အသွင်မှာ ပကတိရိုးစင်းလျက်။ မိမိ မကူညီလျှင် ဤနေရာ၌ပင် ပုံလဲတော့မည့် အသွင်နှင့် သနားစဖွယ့်ညှို့မျက်ဝန်းအပြည့်ရှိနေသော ထွတ်ချာဒေဝီ။ သို့နှင့် မြေဒူးအရှင်လည်း ထွတ်ချာဒေဝီ၏ ညှို့ဓာတ်ကို မလွန်ဆန်နိုင်သည်နှင့် ယာလက်ကို ကမ်းဆန့်ပေးရန်ထုတ်လိုက်မိလေသည်။

ထိုမြင်ကွင်းကြောင့် မယ်တော်ကြီးခင်ယွန်းစံ ၏ လက်ချောင်းတွင်းမှ စိတ်ပုတီးသည် နန်းကြမ်းပြင်သို့ပြုတ်ကျသွားလေခြင်းနှင့်အတူ ကိုယ်စီ ကုန်းဘောင်နန်းရိုးတို့ မျက်လုံးပြူးကုန်ကြလေတော့သည်။

"ကျေးဇူးကြီးလှ နန်းမဘုရား စုလျားရစ်ထပ် ဖျန်းသပ်ရေစင်
မသွန်းခင်သည် အလျင်ကာလ
ရှေးဖျားကလျှင် ကျွန်မ ထက်သာ ဟိုဟိုမှာကို မေတ္တာကဲမြင့်
ပါစေနှင့်ဟု ထပ်ဆင့်အော်လဲ
ဆုတောင်းမြဲတွင် ပြိုကွဲဆို့ပိတ်
အားလုံးစိတ်ကို မဖိတ်စေဘဲ
မြဲမြဲမယ့်မှာ သစ္စာမယိမ်း
ရန်ညွန့်သိမ်းသည်။ အငြိမ်းထားမည့်သူကိုကား"

မြေဒူးထိပ်ထားကြီးနှုတ်မှ တီးတိုးရွတ်ဆိုသံသည် မြေဒူးအရှင်၏ နားဝသို့ ပဲ့တင်ရိုက်ခတ်သွားလေတော့သည်တကား။

~~~~~~~~~~~ဆက်ရန်~~~~~~~~~

#ကမ္ဗု့အရှင်မ
#မင်းနန်သူ

04/09/2026

"မယ့်ထိပ်တင်ရယ်လေ သနားတော်မူပါစဖျား"
~~~~~~~~~~~~~~

"မနက်ဖြန် ဥကင်သဖွင့်ပွဲမှာ ညီမတော်က ကမ္ဗု့အရှင်မဖြစ်မယ့် နန်းမတောင်ညာ မိဖုရားကြီးကိုး စည်ပုတ္တရာ ကျေးတောသူမတွေအကြားမှာ ဘယ်လျော့လို့ဖြစ်မလဲ ခုညီမတော်ရထားတဲ့ ဆင်တန်ဆာတွေ အားလုံးဟာ တို့များဘိုးဘေးတော် ညောင်ရမ်းဘဘုရားကြီး လက်ထက် သမီးတော် ပန်ထွာမင်းသမီးကို ချီးမြှင့်တဲ့ မိဖုရားကြီးအဆောင်အယောင်တွေပဲဖျား"

"သြော် လတ်စသတ်တော့ ညီမတော်ရဲ့ဆင်တန်ဆာတွေအားလုံးဟာ တို့များ ဘွားတော်ကြီး အတုလစန္ဒာဒေဝီရဲ့ ဆောင်အယောင်တွေကိုး"

"ပသို့ဆိုစေ ဟောဒီကုန်းဘောင်ဆက်မှာ တို့များဘိုးဘေးတော် ဟံသာဝတီဆင်ဖြူ့ရှင်မင်းတြားကြီးဘုရား အနွယ်တော်တွေထဲက မိမိတယောက် ကမ္ဗု့အရှင်မအဖြစ်နဲ့ တိုင်းပြည်ကို အုပ်စိုးရတော့မယ်ကြားသိရတော့ မဖျား ဂုဏ်ယူဝမ်းမြောက်မိပါရဲ့ကွယ်"

"သဟာနဲ့ အစ်မတော်လေ စိတ်ရင်းနဲ့ ညီမတော်ကို အကြံဉာဏ်များပေးလိုပါစကွယ်"

"ဘယ်လိုအကြံဉာဏ်များပါ့အစ်မတော် ကောင်းမယ်ထင်လို့ မိန့်မှာမယ့်စကားများ မပယ်ရှားသူပါ အစ်မတော် မြွက်ပါ"

"အို တခြားမဟုတ်ပါဘူး အစ်မတော်ဟာ ခမည်းတော်ဖျား လက်ထက်မှာ အဝရွှေနန်းထက်က နန်းထက်ဖွားအနေနဲ့ စံစားခဲ့ရသူ ဖြစ်သလို ထီးနန်းပျက်တော့ တောတွင်းပုန်းဘဝနဲ့ သောင်မတင်ရေမကျ လှည့်လည်နေခဲ့ရတာကလား ဒီကနေ ကံဇာတာဖန်လာလို့ ဇင်းမယ်ရောက်တော့မှသာ အသက်ရှူချောင်ရတာကလား အဲသလို ဇင်းမယ်ရောက်ပြီး အသက်ရှူချောင်လို့မှ မကြာသေး ဟောအခု ဘုန်းတော်ကြီးဘုရားကျေးဇူးတော်ကြောင့် အမိမြေကို ပြန်လည်အချေချခွင့်ရခဲ့ပြန်ပြီလေ အဲ့သလို ရှင်ကြီးရှင်ငယ် ဝမ်းပေါင်းစုံမှာ ကျက်စားခဲ့ရတာနဲ့အမျှ အတွေ့အမြင်အသိတွေဟာ အထိုက်အလျောက်တော့ ရှိလာခဲ့တယ်ဆိုရမှာပေါ့ ညီမတော်ရယ်"

"ခုပဲကြည့်လေ မနက်ဖြန် ဥကင်သဖွင့်ပွဲမှာ ညီမတော်ဆင်ယင်မယ့် ဆင်တန်ဆာတွေမြင်တော့ အစ်မတော် စိတ်ထဲ အတွေးတခုပေါ်လာတယ် တခြားတော့မဟုတ်ဘူး ညီမတော်ဆင်ယင်မယ့် ရတနာတွေဟာ ခမ်းနားအဖိုးများတာမှန်သော်ငြား တို့များ ဘိုးဘေးတော်ညောင်ရမ်းဘုရားကြီး လက်ထက်ကနဲ့မခြား ရှေးရိုးဆန်နေပါရဲ့လားကွဲ့"

"အစ်မတော် မြင်ခဲ့ရတဲ့ ဇင်းမယ်မြို့ဝန် သမီးဆိုရင်လေ အယုဒ္ဓယနန်းတွင်းသူတွေကို မှီးပြီး ရတနာပြိုးပြိုးပျက်ပျက် တခဲနက် လက်နေတဲ့ လည်ပင်းပတ်လည် ဆွဲဆင်ရတဲ့ နောက်တွဲကုံးတော်တွေနဲ့ လက်ကောက်ဝတ်မျှ မမြင်ရအောင် ရတနာရွှေအတိပြီးတဲ့ လက်လိုက်ပုတီးများ ဆင်ယင်ထားသည်များ ရတနာပုံကြီးအလားမှတ်ထင်ရပါဘိကလား ညီမတော်"

"ဒါကြောင့် အရွယ်တော်သေးငယ်လှတဲ့ ရတနာလည်ဆွဲတော်နဲ့ လက်ကောက်တော်အစား ညီမတော်သာ သို့ကလို ရတနာမျိုး ဆင်ယင် လိုက်မယ်ဆိုရင် ဟောဒီနန်းတော်တခွင် တုဖက်မမြင်အောင် လှပနေပြီး မိန်းမတကာငေးမောနေရမှာ အမှန်ပဲညီမတော်"

"အို အဲ့ဒီရတနာနောက်တွဲကုံးတွေနဲ့ လက်လိုက်ပုတီးတွေဟာ သည်လောက်တောင်ပဲလှပသလား အစ်မတော်ရယ် မြင်ဖူးချင်စမ်းပါဘိ"

"အို ညီမတော် ဆန္ဒရှိရင် မြင်ရရုံမက ဆင်မြန်းဖို့ပင် အစ်မတော် ကြံဆောင်ပေးနိုင်ပါရဲ့"

"အို အစ်မတော် ဆိုစကားကဖြင့် ဒီရတနာတွေဟာ ထွတ်ချာ ဆင်မြန်းဖို့ အသင့်ရှိနေသလိုပါပဲကလား"

"ရှိရချေရဲ့လေ ညီမတော်ဟာ ဒီရတနာတွေ ပေါများစွာ ဆင်မြန်းတဲ့ အယုဒ္ဓယပြည်အပါးက ဇင်းမယ်ပြည်ကြီးကို သိမ်းယူအောင်တော်မူခဲ့တဲ့ အရှင်မင်းမြတ်ရဲ့ နန်းမတော်ညာမိဖုရားကြီး လောင်းလျာဆိုတာ ကိုယ့်ကိုယ်ကို မေ့မထားပါနဲ့လေ"

"အို အဟုတ်သားပဲ ဇင်းမယ်ပြည်ကြီးကို အောင်တော်မူခဲ့တဲ့ မယ့်ထိပ်တင် မှန်စီဆောင်မှာ ရှိနေသားဖြင့်ဟာ မနက်ဖြန်ဥကင်သဖွင့်ပွဲအတွက် ထွတ်ချာ ကိုယ်တိုင် အခုပဲ သွားရောက်လို့ တောင်းဆိုတော်မူမယ် အစ်မတော်ထိပ်ပန်"

~~~~~~~~~~~~~~

#ကမ္ဗု့အရှင်မ
#မင်းနန်သူ

Category

Website

Address


Mandalay