Future Book Distribution
Enjoy your time with the books!
08/09/2026
မင်္ဂလာပါ စာချစ်သူတို့ရေ...
သတင်းဆိုးပါပဲ။ Admin Team ထဲက Admin တစ်ယောက်ရဲ့ Account Hack ခံရပါတယ်။
Hack ခံရတဲ့ Account ကနေ မသင့်လျော်တဲ့ Post တွေ Share နေတာမို့ Page ကလည်း နီနေပါပြီ။
ဒီအတောတွင်း အဆင်မပြေတဲ့ Post တွေ တွေ့ခဲ့ရမယ်ဆို Admin Team က ကြိုတင်ပြီး တောင်းပန်ပါတယ်။
(၈)နှစ်ကျော် အတူရှိလာတဲ့ Page မို့ အမှန်တိုင်း ပြောရရင် နှမြောပါတယ်။ Admin တို့တွေ ကြိုးစားပြီး ပြန်ယူဖို့ လုပ်နေပေမယ့် ပြောမရတာမို့ အရန် Page လေး တစ်ခု ထပ်ဖွင့်ထားပါတယ်။
Link ချပေးထားမှာမို့ Admin တို့နဲ့အတူ စာအုပ်တွေအကြောင်း ပြောချင်ကြအုံးမယ်ဆို Like and Follow လုပ်သွားနိုင်ပါတယ်ရှင့်။
https://www.facebook.com/61594277219028/posts/122096413389475907/?mibextid=Nif5oz
(၈)နှစ်တာ ခရီးတစ်လျှောက်လုံးမှာ အတူတူရှိပေးခဲ့ကြတဲ့ စာချစ်သူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။
P.S. အတွေ့ကြုံရှိဖူးတဲ့ စာချစ်သူလေးတွေ ရှိရင် အဆင်ပြေမယ့် service လေး ဝေမျှပေးကြပါအုံးရှင့်။ ဖြစ်နိုင်မယ်ဆို ဒီ Page လေးမှာပဲ ဆက်ရှိချင်တာမို့ပါ။
မင်္ဂလာပါ စာချစ်သူတို့ရေ…
တကယ်တော့ Future ရဲ့ မွေးနေ့လေးက ကျော်သွားပါပြီ။ ဆိုပေမယ့် မွေးလကတော့ မကျော်သေးတာမို့ အမှတ်တရ ပုစိလေးအနေနဲ့ ဒီ post လေးကို တင်လိုက်ပါတယ်။
ဒီနှစ်ဆို Future လေး (၈)နှစ်ပြည့်ပါပြီ။
Future ဖွင့်ပြီး (၄)နှစ်အကြာမှာ နားလိုက်တာမို့ ဖွင့်ခဲ့တဲ့ သက်တမ်းနဲ့ နားနေတဲ့ သက်တမ်းလည်း အတူတူ ဖြစ်သွားပြီပေါ့လေ။
နားလိုက်တုန်းကတော့ တချိန်ချိန်မှာ ပြန်လုပ်ကြမယ်လို့ တွေးထားတာပါပဲ။ ခုထိလည်း admin တွေ ဆုံတိုင်း Future အကြောင်းကို သတိတရ ပြောဖြစ်တုန်းပဲ။ Future အကြောင်း၊ စာအုပ်တွေအကြောင်း၊ စာအုပ်တစ်ခု အရင်းပြုပြီး ဆုံခဲ့ကြရတဲ့ စာချစ်သူတွေ အကြောင်း၊ အများကြီးပေါ့လေ။
တစ်နေ့ကျရင်တော့ မြို့ပေါက်စလေးဆီ အရောက်ပြန်ပြီး စာအုပ်ဆိုင်ပေါက်စလေး ထပ်ဖွင့်မယ် ဆိုတဲ့ စိတ်ကူးကလည်း အကောင်အထည်ဖော်နိုင်ပါ့မလား မသေချာလှတော့ဘူးရယ်။ အဖြစ်အပျက်တွေက အများကြီးမလားလေ။
ဘာပဲဖြစ်ဖြစ်၊ စာအုပ်တွေ အများကြီး မဖတ်နိုင်တော့ရင်တောင် ဖတ်မိသလောက်လေးတွေ လာမျှဝေရင်း စာချစ်သူလေးတွေနဲ့ အကြာကြီး အတူရှိချင်ပါသေးတယ်။
စာချစ်သူလေးတွေ အားလုံး ရွှင်လန်းချမ်းမြေ့ပြီး သာယာပျော်ရွှင်တဲ့ ဘဝတွေကို ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေရှင်။
14/02/2026
“အရေးတကြီး တီထွင်လိုက်မိတယ်
ဟော့ဒီ နွေဦးချန်နယ်တစ်ခုလုံး
ကျွန်တော့်ခင်ဖုန်းသက်ဝေ
ပျော်ပါစေကွယ်။
မနေ့ကရော၊ မနက်ဖြန်ရော
ဖေဖော်ဝါရီတစ်လလုံးရော။
ကျွန်တော်က စိတ်ကြီး၊ ဒေါသကြီး
ပြောရင်ပြောတဲ့အတိုင်း
မီးခိုးမဆုံး မိုးမဆုံး လွမ်းနေတတ်တာ။
ဖုန်းသက်ဝေ။
ကျွန်တော်လွမ်းကြောင်း ကြားပါရဲ့လား
ခင်ဖုန်းသက်ဝေ။
ပုံပြင်မစခင် ပုံပြင်လေးထဲမှာ
ကောင်းကင် ဘာအရောင်လဲဆိုတာ မှတ်မိနေသေးရင်
ကျွန်တော့်ကို မမေ့သေးဘူးဆိုတာ
ကိုယ့်ဘာသာ ယုံကြည်လိုက်ပါမယ်။
နွေလေရူးတွေ
ဇဝေဇဝါနဲ့ တိုက်နေကြပြန်ပါပြီ။
အလွန်အကျွံစွန့်စားရတဲ့အရပ်မှာ
သူလို ငါလို
ကျွန်တော်အရင်လိုပါပဲ ခင်ဖုန်းသက်ဝေ။
ဒီတစ်ညလည်း
အရင်ညကဆုတောင်းလို
တစ်ခါလောက်ပဲ
ထပ်တွေ့ချင်မိပါတယ်။
နှုတ်ဆက်ဖို့ပါ။”
နွေဦးမို့ ခင်ဖုန်းသက်ဝေကို သတိရ၊
ဗယ်လယ်တိုင်းမ်မို့ ခင်ဖုန်းသက်ဝေကို သတိရ၊
တစ်လောကလုံး သူအလှဆုံးလို့ ဆိုရမယ့် နွေဦးမှာ
ကိုယ်စီကိုယ်စီရဲ့ ခင်ဖုန်းသက်ဝေတွေဆီသို့ အမှတ်တရ…
24/12/2025
MERRY CHRISTMAS.... 🎄
BE FILLED WITH LOVE, PEACE, HAPPINESS AND POSITIVE ENERGY.... ❤️
20/12/2025
ဟိုတလောက Taylor ရဲ့ “Father Figure” ကို နားထောင်ဖြစ်တာ။ တကယ်တော့ ဒီသီချင်းက “The Life of a Showgirl” ထဲမှာ ကိုယ် နောက်ဆုံးမှ နားထောင်ဖြစ်တဲ့ သီချင်း။ ထားပါ။ ပြောချင်တာက ဒီသီချင်းကို နားထောင်ရင်း ကိုယ်ဟာ “နူးနူး” ကို သတိရသွားတဲ့အကြောင်း။
“နူးနူး” လို့ ပြောလိုက်တာနဲ့ တော်တော်များများကတော့ တစ်ခါတည်း သိကြလိမ့်မယ် မထင်ဘူး။ “နူးနူး”ဟာ “စုစုထွေး” လောက် နာမည်မကြီးဘူးလို့ ကိုယ်တော့ ထင်တာပဲ။ ပြောရရင် သီချင်းကို နားထောင်ရင်း “နူးနူး” ကို သတိရသွားမိတဲ့ ကိုယ်တောင်မှ သူတို့ရဲ့ ဇာတ်ကို သေချာမမှတ်မိတော့လို့ စာအုပ်ပြန်ရှာဖတ်ရတဲ့အထိပဲ။
ဆရာမဂျူးရဲ့ “ကျွန်မ၏သစ်ပင်” ကို ကိုယ်ဖတ်တော့ အသက်(၂၀) ကျော်ကျော်လေးပဲ ရှိသေးတယ်။ ရှင်းရှင်းပြောရရင် “ကျွန်မ၏သစ်ပင်” ကို ဖတ်သာဖတ်လိုက်ပေမယ့် နားမလည်ဘူး။ ဆိုတော့ ရင်ထဲလည်း မရောက်ဘူးပေါ့လေ။
ဒီတစ်ခါတော့ အသက် (၃၀)ကျော်သွားတဲ့ ကိုယ်ဟာ “Father Figure” ကြောင့် “ကျွန်မ၏သစ်ပင်” ဆီ ထပ်ရောက်ခဲ့တယ်။ အသက်အရွယ်ကြောင့် “နူးနူးနဲ့အုပ်စိုး”ကို နားလည်နိုင်လောက်ပြီ ထင်ပါရဲ့ ဆိုတဲ့ အတွေးနဲ့ စာအုပ်ကို ထပ်ကိုင်ဖြစ်ပေမယ့် တကယ်နားလည်သွားပြီလားလို့ မေးရင် “ဟင့်အင်း”လို့ပဲ ပြန်ဖြေရမှာပဲ။
“ယောကျာ်းတွေဟာ ဘာကို လိုချင်ကြလဲ”
“မိန်းမတွေကရော ဘာကို လိုချင်ကြတာလဲ”
ကိုယ် မသိဘူး။ “နူးနူးနဲ့ အုပ်စိုး”လည်း သိပုံမရဘူး။
ဂစ်တာတီးပြီး ဂီတကို ဖန်တီးချင်တဲ့ အုပ်စိုးဟာ နူးနူး ဖန်ဆင်းပေးတဲ့ ဂီတတောအုပ်ထဲ ပျော်မွေ့မိတယ်။ နူးနူး ခင်းပေးတဲ့ လမ်းကို သူလျှောက်တယ်။ အဖေ့အိမ်ကို သူမေ့ထားတယ်။ ဘေးလူတွေ ဘာပြောကြလဲ သူ မသိဘူး။ ဒါမှမဟုတ် မသိချင်ယောင်ဆောင်ထားတယ်။
နူးနူးကို သူချစ်လား။ ဒါကိုလည်း သူ မသိဘူး။ စာဖတ်သူတစ်ယောက်အနေနဲ့ နူးနူးအပေါ်ထားတဲ့ အုပ်စိုးရဲ့ အချစ်ကို မြင်ရလားလို့ မေးရင် ကိုယ်ကတော့ မမြင်ရဘူးလို့ပဲ တစ်ကိုယ်စာ ဖြေချင်တယ်။ နူးနူးကို ချစ်မှန်း မချစ်မှန်း သူ့ကိုယ်သူ မသဲကွဲတဲ့ အုပ်စိုးဟာ ငယ်ချစ်ဦးလေး မြသီတာကိုတော့ အရူးမူး ချစ်ရှာတယ်။ ဒါကိုတော့ အတိကျမြင်ရတယ်။ ယောကျာ်းလေးတွေဟာ အချစ်ဦးကို ရင်ထဲမှာ တစ်သက်လုံး သိမ်းထားတတ်ကြလား။ ကိုယ် မသိဘူး။
အောင်မြင်မှုက တစ်စစနဲ့ ကြီးမားလာတော့ အုပ်စိုးဟာ နူးနူးကို ခွာချင်လာတယ်။ “ကျွန်တော့်ဘဝမှာ နူးနူးက မကောင်းမှုတစ်ခုပဲ၊ အပြစ်တစ်ခုပဲ၊ အဲဒါ အမှန်တရားပဲ” လို့ ပြောပြီး အုပ်စိုးဟာ နူးနူးဆီက ရုန်းထွက်လာတယ်။ တစ်နည်းပြောရရင်တော့ နူးနူးနဲ့ ကင်းကင်းနေဖို့ သူကြိုးစားတယ်ပေါ့။ ခက်တာက သူ မနေနိုင်ဘူး။ သူ့ နေ့စဉ်ဘဝ အစအဆုံးကို နူးနူး စီမံခန့်ခွဲပေးသလို သူအသားကျနေပြီ။ နူးနူးကို သူလိုအပ်တယ်။ ပြီးတော့ နူးနူးကို သူချစ်တယ်တဲ့။
နူးနူး။ “သစ်တောစိမ်းခရီးသွားအေဂျင်စီ” ပိုင်ရှင်။ ချမ်းသာတယ်။ ဂီတကို လေ့လာတယ်။ ခံစားတယ်။ နှစ်သက်တယ်။ ပြီးတော့ အုပ်စိုးရဲ့ အဖေနဲ့ ငယ်ငယ်က ပတ်သက်ဖူးတယ်။
အဲ့လို နူးနူးဟာ အုပ်စိုးကို တွေ့တွေ့ချင်း ဘာလို့ စိတ်ဝင်စားလဲ ဆိုတာတော့ သူပဲ သိလိမ့်မယ်။ အဲ..တစ်ခုရှိတာက အုပ်စိုးဟာ သူ့အဖေ ငယ်ငယ်ကနဲ့ တစ်ရုပ်တည်း တူတယ်တဲ့။ ဒါကပဲ နူးနူးတစ်ယောက် အုပ်စိုးကို စိတ်ဝင်စားရတဲ့ အကြောင်းရင်း ဖြစ်လာသလား။ နူးနူရဲ့ ရည်ရွယ်ချက်အစစ်မှန်က ဘာလဲ။ ဘာလို့ အုပ်စိုးကို စပြီး ချဉ်းကပ်ခဲ့သလဲ။ နူးနူးမှပဲ သိလိမ့်မယ်ပေါ့။
နူးနူးဟာ အုပ်စိုးကို သူ့ ဒရိုင်ဘာခန့်တယ်။ နောက်တော့ အကြောင်းအမျိုးမျိုးကြောင့် အုပ်စိုး ဂစ်တာတီးတတ်တာ သိသွားတယ်။ အုပ်စိုးရဲ့ လီလီဆိုတဲ့ ဂစ်တာလေးကို သူတွေ့တော့ ဒါဟာ သူ “အတာ့ (အုပ်စိုးဖေဖေ)”ကို ငယ်ငယ်က သူပေးဖူးတဲ့ ဂစ်တာမှန်း သူသိတယ်။ နောက်တော့ သူ အုပ်စိုးကို အဆိုတော် ဖြစ်အောင်လုပ်ပေးဖို့ ကြိုးစားတော့တာပဲ။
နူးနူးကရော အုပ်စိုးကို ချစ်လားလို့ ထပ်မေးရင်လည်း မသိဘူးပဲ ဖြေဖြစ်မယ်။ မေတ္တာတော့ ရှိလိမ့်မလား။ အချစ်နဲ့ မေတ္တာကရော တူရဲ့လား။ ဘာပဲဖြစ်ဖြစ် နူးနူးဟာ အုပ်စိုးကို အောင်မြင်လာအောင် အစွမ်းကုန် ပုံအောပြီး လုပ်ပေးတယ်။ အုပ်စိုးဟာ နူးနူးနဲ့ တဖြေးဖြေး အနေနီးလာတယ်။ ပြီးတော့ အောင်မြင်လာတယ်။
အဲ့အချိန်မှာ နူးနူးအသက် (၄၀) ရှိပြီ။ အုပ်စိုးက “နူးနူးဟာ သူ့ဘဝရဲ့ မကောင်းမှုတစ်ခုပဲ”လို့ ပြောတဲ့အချိန်မှာ နူးနူးကတော့ “သူ့အသက် (၄၀) မှာ သူနဲ့ လောကအကြား ဆက်သွယ်ပေးထားတာ ယောကျ်ားတစ်ယောက်” တဲ့။ အုပ်စိုးပေါ့လေ။
ဒါပေမယ့် သူ့ဆီက ခွာချင်နေပြီ ဖြစ်တဲ့ အုပ်စိုးကို နူးနူးဟာ ကြည်ကြည်ဖြူဖြူပဲ လက်လွှတ်ပေးတယ်။ (၄၀) ကျော် မိန်းမတစ်ယောက်ဟာ ချစ်သူတစ်ယောက်ကို ရင်ခွင်ထဲမှာ သုံးနှစ်ထက်ကြာအောင် ထိန်းမထားနိုင်ဘူးဆိုတာ သူ သဘောပေါက်တယ်တဲ့။ နူးနူးဟာ အုပ်စိုးဘဝကို ဝင်မပါတော့ဘူး။ သူ့ဟာသူ နေတယ်။
နူးနူးက အဲ့လို နေပေမယ့် တစ်ဖက်က အုပ်စိုးကတော့ မဟုတ်ဘူးလေ။ သူ နူးနူးကို ချစ်မှန်း သူ သိသွားပြီ။ နူးနူးဖို့ သူ အပင်လေးတစ်ပင် လက်ဆောင်ပေးချင်လာတယ်။ နူးနူးကို သူ ချစ်ကြောင်း ဝန်ခံတယ်။ အားလုံးကို ရင်ဆိုင်ဖို့ သူဆုံးဖြတ်ထားတယ်တဲ့။ ဒါပေမယ့် နူးနူးက..၊ နူးနူးက အုပ်စိုးကို ကြောက်တယ်တဲ့။ အုပ်စိုးရဲ့ အချစ်ကို ကြောက်တယ်တဲ့။ “နူးနူး ကျွန်တော့်ကို မချစ်ခဲ့ဘူး”လို့ အုပ်စိုးက စွပ်စွဲတော့ နူးနူး မျက်ရည်ကျတယ်။ နောက်တော့ အုပ်စိုးပေးတဲ့ အပင်လေးကို ယူပြီး နူးနူးဟာ အုပ်စိုးဆီက အပြီးထွက်သွားတော့တာပဲ။
“ယောကျာ်းတွေဟာ ဘာကို လိုချင်ကြလဲ”
“မိန်းမတွေကရော ဘာကို လိုချင်ကြတာလဲ”
ကိုယ်မသိဘူး။ “အုပ်စိုးနဲ့နူးနူး”ကလည်း သိပုံမရဘူး။ ဒါမှမဟုတ် နောက်ကျလွန်းမှ သိခဲ့ကြပုံရတယ်။
#တွေးရိပ်လွှမ်းခြုံစာပန်းရုံ
#ကျွန်မ၏သစ်ပင်
#ဂျူး
06/10/2025
ရောင်စုံမီးပုံးလေးတွေ
မုန့်ဖက်ထုပ် ပူပူလေးတွေနဲ့ အဝေး
အဝေး အဝေးကနေ ဖိုးရွှေလမင်းကြီးကိုပဲ ငေးပြီး ဖြတ်သန်းရမယ့် နောက်တနှစ် သီတင်းကျွတ်....
မင်္ဂလာပါ စာချစ်သူတို့ရေ...
အိမ်မှာပဲရှိရှိ အိမ်နဲ့ အဝေးမှာပဲရှိရှိ
စာချစ်သူများအားလုံး
ဘေးဘယာ ကင်းဝေးကြပါစေ....
ပူပင်ကြောင့်ကြမှုများလည်း ကင်းဝေးကြပါစေ....
ကျန်းမာ ပျော်ရွှင် ငွေတွေရွှင်ကြပါစေ....လို့
သီတင်းကျွတ် ဆုတောင်း မေတ္တာပို့သပါရစေ ...
14/09/2025
"Will You Be There?"
အသက်(၆၀)အရွယ် ဒေါက်တာအီးလီးယော့၊
ဘဝမှာ နေရဖို့ အချိန်တွေ များများမကျန်တော့ဘူး။ သူ့ဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒဟာ “အမျိုးသမီးတစ်ယောက်နဲ့ ပြန်ဆုံချင်တာ” ပါတဲ့။ တိတိကျကျဆို လွန်ခဲ့တဲ့ အနှစ်(၃၀) က ကွယ်လွန်သွားပြီးတဲ့ အချစ်ဦးအမျိုးသမီးလေး ပေါ့လေ။
အသက်(၃၀)အရွယ် ဒေါက်တာအီးလီးယော့၊
ငယ်တုန်းရွယ်တုန်း တက်ကြွတုန်း၊ ချစ်သူအယ်လီနာကလည်း ဘေးမှာ ရှိတုန်း၊ ကလေးယူမယ့် ကိစ္စနဲ့ ခဏခဏ အတိုက်အခံ ဖြစ်ကြတုန်း။ သူ့ဘဝမှာ အလုပ်လုပ်မယ်၊ အယ်လီနာကို ချစ်မယ်၊ သူငယ်ချင်းမက်နဲ့ လျှောက်သွားမယ်။ ပြီးရင် ဆေးလိပ်သောက်မယ်။
အသက်(၆၀)အရွယ် ဒေါက်တာအီးလီးယော့၊
ထူးခြားတဲ့ ရွှေရောင်ဆေးလုံးတွေကြောင့် အီးလီးယော့ဟာ အတိတ်ကို တစ်ခေါက် ပြန်ရောက်နိုင်ခဲ့တယ်။ အီးလီးယော့အငယ်ကို သူတွေ့တယ်။ အီးလီးယော့အငယ်မှာ ဘာတွေ ဆက်ဖြစ်မလဲကိုလည်း သူသိတယ်။ ဆေးလုံးလေးတွေက (၁၀) လုံးရှိတာမို့ သူ့မှာ အခွင့်အရေး (၁၀)ခါ ရှိမယ်။ သူဘာလုပ်ရမလဲ။
အသက်(၃၀)အရွယ် ဒေါက်တာအီးလီးယော့၊
သူ့အရှိန်နဲ့သူ သွားနေတဲ့ ဘဝထဲမှာ အသက်(၆၀)အဘိုးကြီးတစ်ယောက် ဗြုန်းဆို ပေါ်လာတယ်။ “ငါက အနာဂတ်က မင်းပါ” တဲ့။ သူ မေ့ထားတဲ့ အကြောင်းတွေကို လူကြီးက နှိုက်နှိုက်ချွတ်ချွတ် ပြောပြနေပြန်တယ်။ “သူက တကယ်ပဲ အနာဂတ်က ငါလား”။
အသက်(၆၀)အရွယ် ဒေါက်တာအီးလီးယော့၊
အယ်လီနာကို အသက်ရှင်လျက်နဲ့ တစ်ခါလောက် ထပ်တွေ့ချင်တယ်။ အတိတ်မှာ အယ်လီနာကို သူ သွားတွေ့ခွင့် ရှိမလား။ ပြီးတော့ အယ်လီနာကို သူ ကယ်တင်ရမလား။ ကယ်တင်လိုက်ရင် ပစ္စုပ္ပန်က သူချစ်ရတဲ့ သမီးလေး ပျောက်ကွယ်သွားမှာလား။
အသက်(၃၀)အရွယ် ဒေါက်တာအီးလီးယော့၊
အယ်လီနာက သေရမှာတဲ့။ အီးလီးယော့အကြီးက အတည်ကြီး ပြောနေတာ။ အယ်လီနာကို သူကယ်ရမယ်။ “ဘယ်လိုလုပ်ရမလဲ” ဆိုတော့ လူကြီးက သူ့ကို မပြောပြဘူး။ “ငါ့သမီးလေးကို အဆုံးရှုံးမခံနိုင်ဘူး” တဲ့။
စာတစ်အုပ်လုံး ဖတ်ပြီးသွားတော့ အီးလီးယော့ကို တကယ်ပြောချင်တဲ့ စကားတစ်ခွန်းရှိတယ်။ ဆိုပေမယ့် ခု ပြောလိုက်ရင် spoil သလို ဖြစ်သွားမှာမို့ comment မှာပဲ ရေးခဲ့လိုက်ပါတယ်။ စာအုပ်ကို ဖတ်ကြည့်မယ်လို့ စဉ်းစားထားရင် comment ကို မကြည့်စေချင်ပါဘူး။
အီးလီးယော့(၂)ယောက် ဘာတွေ ဆက်ဖြစ်မလဲ၊ အယ်လီနာရော အသက်ရှင်ပါ့မလား၊ မက်ကရော ဘယ်လိုဖြစ်လာလိမ့်မလဲ။ အီးလီးယော့ကို ကူပေးလိမ့်မလား။ သားအဖ သံယောဇဉ်၊ ချစ်သူတွေရဲ့ ချစ်ခြင်း၊ သူငယ်ချင်းတွေကြားက နှောင်ဖွဲ့မှုတွေ အားလုံးကို လှလှပပ မြင်ရမှာမို့ “Will you be there?” ကို မြည်းစမ်းကြည့်စေချင်ပါတယ်။ ပြင်သစ်စာရေးဆရာ ဂီယွန်းမူဆိုရဲ့ လက်ရာကို ရီးလ်ရဲ့ ဘာသာပြန် အရေးအသားကောင်းကောင်းနဲ့ ဖတ်ကြရမှာပါ။ ကိုယ်ကတော့ တစ်အုပ်လုံး ဖတ်ပြီးသွားတော့ “အရသာရှိလိုက်တာ”လို့ ရေရွတ်မိတာပါပဲ။
#တွေးရိပ်လွှမ်းခြုံစာပန်းရုံ
#မင်းရှိနေမှာပါနော်
#ရီးလ်
17/08/2025
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးသည့် ထောင်ချောက်လေးမျိုး ရှိသည်။
(၁) ပြည်တွင်းစစ် ပဋိပက္ခ ထောင်ချောက် (Conflict trap)
(၂) သဘာဝသယံဇာတ ထောင်ချောက် (Natural resource trap)
(၃) ဆိုးဝါးသော အိမ်နီးချင်းနိုင်ငံများကြားတွင် ပိတ်မိနေသည့် ထောင်ချောက် (Land locked with bad neighbors)
(၄) နိုင်ငံငယ်လေးတွင် စီမံအုပ်ချုပ်မှု ညံ့ဖျင်းနေခြင်း ဟူသော ထောင်ချောက် (Bad Governance in small country) တို့ဖြစ်သည်။
“ပေါလ်ကိုလီယာ၏ အောက်ခြေသန်းတစ်ထောင်စာအုပ်နှင့် မြန်မာနိုင်ငံတွင် ပြောခဲ့သော မိန့်ခွန်းမှ အတိုချုပ်ကောက်နုတ်သည်”
ဖတ်ပြီး သက်ပြင်းချရတဲ့ စာအုပ်တွေလို့ပဲ ဆိုကြပါစို့လေ။ စိတ်ညစ်ချင်ရင် ပြန်သွားဖတ်ကြည့်ကြပါအုံး။
27/06/2025
မင်္ဂလာပါ စာချစ်သူတို့ရေ...
နေကောင်း ကျန်းမာနေကြလိမ့်မယ်လို့
မျှော်လင့်ပါတယ်...
ဒီနေ့ကတော့ Futureလေး စတင်ခဲ့တာ
၇နှစ်ပြည့်ခဲ့ပါပြီ
အသက်၂၀မှာ စအားပေးခဲ့သူဆို ၂၇၊
အသက် ၂၃ကနေဆိုသူတွေကတော့ ၃၀ပေါ့ 😁
သားသားလေး မီးမီးလေးတွက် အိပ်ယာဝင် ပုံပြင်လေးတွေ မှာချင်လို့ဆိုသူတွေဆိုရင်တော့
သားသား မီးမီးတို့လည်း အပျိုပေါက် လူပျိုပေါက်လေးတွေ ဖြစ်ကြရောပေါ့ ... 😁
အသက်ရွယ် တခုကို ရောက်လာတာရော
ပျော်စရာတွေ ရှားလာတာရောနဲ့
ပူတလှည့် ပျော်တလှည့် ဟိုလှည့် ဒီလှည့်ပါပဲလား 😅
ဟိုလှည့် ဒီလှည့်ပါပဲဆိုရင်လည်း
တချက် တချက် အချိန်လေးများရရင်
တိမ်လေး တချက်ကြည့် လေလေး တရှိုက်ရှူရင်း
ခပ်ပြုံးပြုံးလေး အားတင်းရင်း
တနေ့တော့ တို့တွေ ပြန်ဆုံကြရအောင်လား
စာချစ်သူတို့ရေ...
18/06/2025
“ချာလီရေ…ကောင်လေးရေ…ထတော့ဟေ့။
ခေတ်ဆိုးကြီးကို တစ်ခန်းမှ မလွတ်စေနဲ့။”
#တကယ်မရှိသောနှစ်များ
#အောင်ခင်မြင့်
Category
Website
Address
Myitkyina
Alerts
Be the first to know and let us send you an email when Future Book Distribution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.