Amanda's Inner Garden
"For collaboration & professional inquiries, visit @ASpacewithAMANDA" I enjoy public speaking and will be glad to work with you all.
I am available to give a variety of workshops to corporations, clients of services teams, women’s groups, and associations.
27/09/2026
စိတ်ကျန်းမာရေးနှင့်စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်း(𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞)ဆိုတာ...
လူတိုင်းရဲ့ဘဝမှာ
အရာအားလုံး အဆင်မပြေတဲ့အချိန်တွေ
စိတ်ပိုင်းဆိုင်ရာအခက်အခဲနဲ့ ကြုံတွေ့ရတဲ့အချိန်တွေ ရှိတတ်ပါတယ်...
တစ်ခါတစ်လေ
စိတ်ဖိစီးနေတတ်တယ်...
စိတ်ရှုပ်ထွေးနေတတ်တယ်...
ဝမ်းနည်းလွယ်လာတတ်တယ်...
စိတ်တိုလွယ်လာတတ်တယ်...
အိပ်မပျော်တာ၊ အာရုံမစိုက်နိုင်တာတွေ ဖြစ်လာတတ်တယ်...
တစ်စုံတစ်ရာအပေါ် အလွန်အမင်း စိုးရိမ်နေမိတာ
စွဲလမ်းနေမိတာမျိုးလည်း ဖြစ်နိုင်ပါတယ် ...
ဒီလိုခံစားချက်တွေမှာ အကြောင်းရင်းတစ်ခုခု ရှိနေနိုင်ပါတယ် ...
ချစ်ခင်ရသူတစ်ဦးကို ဆုံးရှုံးရတာမျိုး ကြုံခဲ့ရတာ
စိတ်ဒဏ်ရာဖြစ်စေတဲ့ အဖြစ်အပျက်တစ်ခုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာ
မိသားစု၊ မိတ်ဆွေတွေနဲ့ ဆက်ဆံရေးအခက်အခဲတွေ
ဒါမှမဟုတ် ကိုယ်နေထိုင်နေရတဲ့ပတ်ဝန်းကျင်နဲ့ ဘဝအခြေအနေတွေကလည်း
ကျမတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ် ...
#စိတ်မှာဖြစ်တဲ့ ပြဿနာတွေဟာလည်း
ကိုယ်ခန္ဓာမှာဖြစ်တဲ့ ရောဂါတွေလိုပဲ ဂရုစိုက်ဖို့ လိုအပ်ပါတယ် ....
ပထမဆုံးခြေလှမ်းအနေနဲ့
လုံခြုံစိတ်ချရပြီး ကိုယ့်ရင်ထဲကအရာတွေကို
ပွင့်ပွင့်လင်းလင်းပြောပြနိုင်မယ့် 𝑺𝒂𝒇𝒆 𝑺𝒑𝒂𝒄𝒆 တစ်ခုလိုအပ်နိုင်ပါတယ်...
ကိုယ်တိုင်အဆင်ပြေမယ့် 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐨𝐫 တစ်ဦးနဲ့တွေ့ဆုံပြီး
ကိုယ့်ခံစားချက်တွေကို ယုံယုံကြည်ကြည် ရင်ဖွင့်ပြောဆိုနိုင်ပါတယ် ....
Counselling နဲ့ Psychotherapy ဆိုတာ
စိတ်အေးချမ်းမှုကို တန်ဖိုးထားတဲ့
မြန်မာလူမျိုးတွေအတွက် မစိမ်းပါဘူး ....
ဒါပေမယ့် ကိုယ့်ခံစားချက်နဲ့ အတွေးတွေကို
နက်နက်ရှိုင်းရှိုင်း ဖွင့်ဟပြောဆိုဖို့ အလေ့အကျင့် မရှိကြတာကြောင့်
အစပိုင်းမှာ နည်းနည်း ခက်ခဲနိုင်ပါတယ် ....
ဒါကြောင့် session တွေအားလုံးကို
မြန်မာဘာသာစကားနဲ့သာ မြန်မာ့မိသားစုပုံစံ ယဉ်ကျေးမှုကိုနားလည်ပြီး
သေချာ ဆောင်ရွက်ပေးပါတယ်....
𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 ဆိုတာ ဘာလဲ?
ဆက်လက် ဆွေးနွေးပေးပါဦးမယ် .... 🤍
𝑨𝒎𝒂𝒏𝒅𝒂
September 2026
26/09/2026
အိမ်မှာ ဘုရားပန်းလဲတိုင်း
"နောင်ဘဝ သိပ်လှမှာပဲ"လို့ ကျမညီမက ပြောနေကျ ...
ကျမကတော့ ပန်းလှူတဲ့အကျိုးရယ်လို့ တွေးမနေမိပါဘူး...
ဘုရားပန်းလဲမယ် ဆိုတဲ့စိတ်နဲ့ ဈေးမှာစိတ်ကြိုက်ရွေးဝယ်ပြီး
လက်ထဲမှာ ကိုင်လာရကတည်းက ကြည်နူးမှု ဖြစ်နေတော့တာ...
အိမ်ရောက်တော့ ဘုရားပန်းအိုးတွေ တိုက်ချွတ်ဆေးကြော
ပန်းတွေကိုရေဆေး လှလှပပ ပြင်ဆင်ပြီးရင်
စိတ်အေးချမ်းမှု ရတယ်...
ကျမက ပန်းရနံ့အပြင် ရိုးတံနဲ့သစ်ရွက်စိမ်းတွေကို ဆေးကြောလိုက်လို့ရတဲ့
လန်းဆန်းတဲ့အနံ့ကိုလည်း သိပ်သဘောကျတယ်...
အားလုံးအပြီး ဘုရားစင်မှာ ပန်းအိုးတွေတင်
အနေအထားလှအောင် သေချာပြင်ပြီး ကျေနပ်ပြီဆိုကာမှ
ဘုရားရှိခိုး ကန်တော့ ပန်းကပ်ရတဲ့အခါမှာတော့
ကြည်ညိုသဒ္ဓါ ကုသိုလ်စိတ်ပွားပြီး အကြည်နူးဆုံးပါပဲ...
ဘုရားဝတ်ပြုရှိခိုးတိုင်း တစ်နေ့ထက်တစ်နေ့ ပန်းတွေလန်းရာက နွမ်းပြီး
ညှိုးခြောက်လာတာ ညွတ်ကျလာတာတွေ သတိပြုမိရင်း
မမြဲတဲ့သဘောကို ဆင်ခြင်မိပြန်တယ်...
နေ့တိုင်း ရေလဲ အရွက်တချို့ခြွေ အရိုးပြန်တိနဲ့
ဘုရားပန်းလဲဖို့ အချိန်ရောက်လာပြန်ပြီပေါ့ ...
ပန်းတွေဟာ လှရုံ မွှေးရုံ အဖိုးတန်ရုံ မကဘူး ...
မတည်မြဲခြင်း သဘောတရားရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါသေးတယ်...
Aᴍᴀɴᴅᴀ
September 2026
25/09/2026
တစ်ခါတလေ
ကိုယ့်ဘဝက တစ်နေရာတည်းမှာပဲ လည်ပတ်နေသလို
ရှေ့ကို ဆက်မတက်နိုင်တော့ဘူးလို့ ခံစားရတယ်…
အဲ့ဒီခံစားချက်က
စကားလေးတစ်ခွန်း၊ အတွေးလေးတစ်ခုကနေ စတင်တတ်ပါတယ်...
အဲ့လိုခံစားမိလာတဲ့အခါ
ကိုယ့်အလုပ်၊ ကိုယ့်ဆက်ဆံရေး
နောက်ဆုံး ကိုယ့်ဘဝတစ်ခုလုံးကိုတောင်
ကိုယ့်ကိုယ်ကို ပြန်ပြီး မေးခွန်းထုတ်လာတယ်...
အလုပ်လုပ်ရတာ စိတ်တွေ ပင်ပန်းလာတယ်..
ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းလျော့နည်းလာတတ်တယ်...
လက်ရှိအခြေအနေကို သဘောမကျလို့
တစ်ခုခု ပြောင်းလဲဖို့ ကြိုးစားနေပေမယ့်
ဘာကြောင့် ဒီလို ဖြစ်နေရတာလဲဆိုတဲ့
တကယ့် အကြောင်းရင်းကိုတော့
ရင်မဆိုင်ရဲလို့ ရှောင်နေမိတတ်တယ် ....
အဲ့ဒီလို ရှောင်ရင်း အတွေးတွေပိုများလာပြီး
ကိုယ်တိုင်က ကိုယ့်အတွေးတွေထဲမှာပဲ ပိတ်မိနေတတ်တယ်...
ဒါကိုပဲ 𝑁𝑒𝑔𝑎𝑡𝑖𝑣𝑒 𝑇ℎ𝑜𝑢𝑔ℎ𝑡 𝐿𝑜𝑜𝑝 လို့ ခေါ်ပါတယ်...
အဲ့ဒီအချိန်မှာ ကိုယ့်ကိုယ်ကို မေးကြည့်ပါ ...
“ငါ တကယ် ကြောက်နေတာ ဘာလဲ?”
အဖြေကို သိလာတဲ့အခါ
အရာအားလုံး ချက်ချင်း ပြောင်းလဲသွားမှာတော့ မဟုတ်ပါဘူး...
ဒါပေမယ့် ကိုယ် ဘာကို ရင်ဆိုင်နေရတယ်ဆိုတာ သိလာတာက
ရှေ့ဆက်ဖို့အတွက် ပထမဆုံးခြေလှမ်း ဖြစ်နိုင်ပါတယ်...
ဘဝဆိုတာ
မခန့်မှန်းနိုင်တဲ့ အဖြစ်အပျက်တွေနဲ့ ပေါင်းစပ်ထားတာပါ...
အရာအားလုံးကတော့
ကိုယ်မျှော်လင့်ထားသလို ဖြစ်လာမှာ မဟုတ်ပါဘူး ...
ဘယ်လိုပဲဖြစ်ဖြစ်
ကြောက်ရွံ့မှုကို ရှောင်နေရုံနဲ့ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး...
အရင်က ကိုယ်ကျော်ဖြတ်ခဲ့ဖူးတဲ့ အခက်အခဲတွေကို
ခဏလောက် ပြန်တွေးကြည့်ပါ....
အဲ့ဒီအတွေ့အကြုံတွေကို အသုံးချပြီး
တစ်ဆင့်ချင်း ရင်ဆိုင်ကြည့်ပါ...
ကိုယ့်စိတ်နှလုံးသားကို နားထောင်ပါ ...
မလိုအပ်တော့တဲ့အရာတွေကို လျှော့ချပါ...
ပြီးတော့ …
ကိုယ့်အရှိန်နဲ့ ကိုယ် ရှေ့ဆက်ပါ ....💛
𝑨𝒎𝒂𝒏𝒅𝒂
September 2026
23/09/2026
စိတ်အလိုမကျတာ...
စိတ်ဖိစီးတာ...
စိတ်ညစ်တာ...
စိတ်အားငယ်တာ..
စိတ်ဓါတ်ကျတာ...
စိတ်တွေမငြိမ် ပင်ပန်းတာ..
စိတ်ရှုပ်ထွေးတာ...
စိတ်အဆင်မပြေတာ...
စိတ်တွေပူပန်ဆင်းရဲတာ.....
စိတ် .....
စိတ် ....... ......
ဒီလပိုင်း counselling ယူကြတဲ့သူတွေထဲမှာ parenting, relationship နဲ့ ကလေးတွေရဲ့ emotional/behavioral concerns တွေအတွက် support ယူတဲ့သူတွေ၊ individual counselling ယူတဲ့သူတွေ ပိုများလာပါတယ်…
နေ့စဥ်ဘဝမှာ စိတ်ရဲ့ဦးဆောင်မှုက အရေးကြီးတာမို့
စိတ်လန်းဆန်းကျန်းမာဖို့ကလည်း လျစ်လျူရှုထားလို့မရပါဘူး...
စိတ်ဖိစီးမှု အလိုမကျမှု စတဲ့ခံစားမှုတွေကလည်း
ကိုယ့်ရဲ့သိစိတ် အင်အားနည်းလာရင် အတွေးထဲ ပိုပြီးဝင်လာတယ်...
ဝင်လာပြီးရင်လည်း တစတစ အတော်လေးနေရာယူလာပြီး
သိစိတ်ကိုဖိပြီး ကြီးစိုးချင်တော့တာလေ...
သူတို့အင်အား များလာလေ
ကျမတို့ရဲ့အပျော်တွေ ကြည်လင်တဲ့အတွေးအမြင်တွေ
တဖြည်းဖြည်း နေရာပျောက်သွားပြီး
တကယ့်ကို အဆင်မပြေတော့ဘူး...
မပျော်ရတော့ ဝမ်းနည်းအားငယ်လာတယ်...
ကိုယ့်ကိုယ်ကို ယုံကြည်မှု တစစလျော့လာပြီး
အကောင်းမြင်စိတ်တွေ မှန်ကန်တဲ့အတွေးအခေါ်တွေအတွက်
စိတ်မှာ အင်အား မရှိတော့ဘူး...
တစ်နေ့တာမှာ ကျမတို့ရဲ့စိတ်ထဲ
အတွေးတွေ အများကြီးနဲ့ ဖြတ်သန်းနေပါတယ်…
အဲ့ဒီအတွေးတွေထဲမှာ အများစုက
အပျက်သဘောဆောင်တဲ့ အတွေးတွေ
ထပ်ခါထပ်ခါ ပြန်တွေးမိတဲ့အတွေးတွေလည်း ပါတတ်ပါတယ်…
ဒါဆို တနေ့တာမှာ ကိုယ့်ကိုယ်ကိုဖြိုဖျက်ဖို့
ဒါမှမဟုတ် တည်ဆောက်ဖို့
အခွင့်အရေးတွေ အများကြီး ရှိနေတဲ့သဘောပါပဲ...
ရွေးချယ်မှုကတော့ ကိုယ့်အပေါ်မှာ မူတည်ပါတယ်..
𝐿𝑖𝑓𝑒 𝑖𝑠 𝑓𝑢𝑙𝑙 𝑜𝑓 𝑐ℎ𝑜𝑖𝑐𝑒𝑠, 𝑐ℎ𝑜𝑜𝑠𝑒 𝑐𝑎𝑟𝑒𝑓𝑢𝑙𝑙𝑦...🍀
𝑨𝒎𝒂𝒏𝒅𝒂
September 2026
.M.Jennings's_article
21/09/2026
သမီးရေ...
စာကျက်ပြီးတာနဲ့ ခဏခဏ မေ့တတ်လို့ စိတ်ပျက်နေတာက
ကိုယ်ကြိုးစားချင်စိတ် ပြင်းပြလို့ ဖြစ်လာတဲ့ သဘာဝခံစားချက်တစ်ခုပါပဲ...
ဒါက သမီးရဲ့ အားနည်းချက်မဟုတ်ဘူးနော်...
မှတ်ဉာဏ်ကို လေ့ကျင့်ပုံလေး ပြောင်းကြည့်ဖို့ လိုတာပါ...
စာကျက်တဲ့အခါ နားလည်လိုက်တာနဲ့ ရေရှည်မှတ်မိသွားတာမဟုတ်သေးဘူး..
ဦးနှောက်က အချက်အလက်အသစ်တွေကို
ရေရှည်မှတ်ဉာဏ်ထဲမှာ ပိုခိုင်မာလာအောင်
အကြိမ်ကြိမ် ပြန်ခေါ်သုံးဖို့ လိုအပ်တယ်...
ဒါကြောင့် နောက်တစ်ခါ စာကျက်တဲ့အခါ
ပိုပြီး ထိရောက်စေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးပါမယ်...
စာကို တစိုက်မတ်မတ် ကျက်ပြီးတာနဲ့ စာအုပ်ပိတ်လိုက်ပါ...
ပြီးရင် ကိုယ်ဖတ်ခဲ့ ကျက်ခဲ့တာတွေကို မှတ်မိသမျှ
ကိုယ့်စကားလုံးနဲ့ကိုယ် ပြန်ပြီးရှင်းပြတာ ဒါမှမဟုတ် ချရေးကြည့်တာ လုပ်ပါ..
ဒီနည်းက ဦးနှောက်ကို ဒီအချက်အလက်တွေက အရေးကြီးတယ်လို့
သတိပေးပြီးသား ဖြစ်သွားပြီး ပိုမှတ်မိစေတယ်...
အချိန်ခြားပြီး ပြန်ကျက်ကြည့်ပါ...
ဒီနေ့ကျက်ထားတဲ့စာကို နောက်ရက်တွေမှာ
အချိန်နည်းနည်းစီ ပုံမှန်ပြန်ထုတ်ကြည့်ပါ သမီး...
ဥပမာ-ဒီနေ့ကျက်တယ်၊ မနက်ဖြန်တစ်ခေါက် ၁၀ မိနစ်လောက်ပြန်ကြည့်တယ်
ပြီးတော့ ၃ ရက်မြောက်နေ့မှာ တစ်ခေါက် ထပ်ဖတ်တယ်...
ဒီလိုလုပ်ပေးရင် ဦးနှောက်က မမေ့တော့ဘဲ အမြစ်တွယ်သွားပါလိမ့်မယ်...
စာမျက်နှာလိုက် ကြီးကြီးမားမားကြီး တစ်ခါတည်း အလွတ်ကျက်မယ့်အစား
အပိုင်းလေးတွေခွဲပြီး နားလည်အောင် အရင်လုပ်ပြီး ကျက်မှတ်ကြည့်ပါ...
နောက်တစ်ခု အရေးကြီးတာက ကိုယ့်ကိုယ်ကို အနားပေးပါ...
စာကို နာရီပေါင်းများစွာ ဆက်တိုက်ထိုင်ကျက်တာထက်
မိနစ်၄၀/၄၅လောက်ကျက်ပြီးရင် ၅ မိနစ်၊ ၁၀မိနစ်လောက် ခဏနားပြီး
ရေသောက်တာ၊ လမ်းလျှောက်တာမျိုး လုပ်ပေးတာက
ဦးနှောက်ရဲ့ မှတ်နိုင်စွမ်းကို ပိုကောင်းစေပါတယ်...
ဒါက ဥပမာပြောတာပါ...
တစ်ယောက်နဲ့တစ်ယောက် concentration span မတူလို့
သမီးကိုယ်တိုင် စမ်းကြည့်ပြီး ချိန်ညိပါ...
ကိုယ့်ရဲ့ရည်မှန်းချက်ဆီ သွားတဲ့လမ်းမှာ
အခက်အခဲတွေရှိနေတာ သဘာဝပါပဲ...
ဒါပေမယ့် သမီးကိုယ်တိုင်က လက်မလျှော့ချင်ဘူးဆိုတဲ့စိတ်ဓာတ်ရှိနေတာက
အောင်မြင်မှုရဲ့ အစပါပဲ...
_မိဘတွေအတွက် သမီးတို့ အကောင်းဆုံးပြန်ပေးနိုင်တာက
ကိုယ်တတ်နိုင်သလောက် ဆက်ကြိုးစားပေးတာပါပဲ...
စိတ်ဓာတ်မကျနဲ့နော်...
ကိုယ်နဲ့ကိုက်ညီမယ့် နည်းလမ်းတွေကို ရှာတွေ့သွားရင်
စာတွေ မှတ်မိဖို့ ပိုလွယ်လာပါလိမ့်မယ်...
အခု ဒီနည်းလမ်းလေးတွေကိုသုံးပြီး လေ့ကျင့်ကြည့်ပါဦး...
သမီး လုပ်နိုင်မှာ Tr. ယုံကြည်ပါတယ်...
𝑨𝒎𝒂𝒏𝒅𝒂
's_inner_garden
19/09/2026
ခွင့်လွှတ်ခြင်းဆိုတာ လွတ်မြောက်ခြင်းတစ်မျိုးပါ…🤍
တချို့လူတွေကို ခွင့်လွှတ်ဖို့ ခက်ပါတယ်…
သူတို့ပြောခဲ့တဲ့စကားတွေ လုပ်ရပ်တွေ
ကိုယ့်ဘဝထဲမှာ ချန်ထားခဲ့တဲ့ နာကျင်မှုတွေက
အချိန်တွေကြာသွားလည်း လွယ်လွယ်နဲ့ ပျောက်မသွားတတ်ပါဘူး...
ခွင့်လွှတ်ခြင်းဆိုတာ
သူတို့လုပ်ခဲ့တာ မှန်တယ်လို့ လက်ခံလိုက်တာ မဟုတ်ပါဘူး...
သူတို့ကို ပြန်ယုံကြည်ရမယ်
ဘဝထဲကို ပြန်ခေါ်ရမယ်ဆိုတာလည်း မဟုတ်ပါဘူး ...
အကွာအဝေးတစ်ခုထားရင်းနဲ့လည်း ခွင့်လွှတ်လို့ရပါတယ် ...
တကယ်တော့ ခွင့်လွှတ်ခြင်းဆိုတာ
သူတို့အတွက် လုပ်ပေးတာထက်
ကိုယ့်စိတ်ကို လွတ်မြောက်အောင် လုပ်ပေးခြင်းပါ ...
တစ်ခါတလေတော့
ခွင့်လွှတ်ရမယ့်လူက တခြားသူမဟုတ်ဘဲ
ကိုယ်တိုင် ဖြစ်နေတတ်ပါတယ်…
“အဲဒီတုန်းက ငါ ဘာလို့ ဒီလိုလုပ်ခဲ့မိတာလဲ”
“ငါ ပိုကောင်းအောင် လုပ်ခဲ့သင့်တာ”ဆိုပြီး
အတိတ်က ကိုယ့်ကိုယ်ကို အပြစ်တင်နေမယ့်အစား
အဲဒီအချိန်က အခြေအနေအရ ကိုယ်တတ်နိုင်သလောက်
ကြိုးစား ဆုံးဖြတ်ခဲ့ရတာ နားလည်ပေးပါ...
အမှားကနေ သင်ယူပါ ...
လိုအပ်ရင် တောင်းပန်ပါ...
ကိုယ့်တာဝန်ကို ကိုယ်ယူပါ ...
ပြီးရင် ကိုယ့်ကိုယ်ကိုလည်း ခွင့်လွှတ်ပေးပါ...🤍
မိဘနဲ့ သားသမီးကြားမှာလည်း
ခွင့်လွှတ်ခြင်းက အရေးကြီးပါတယ် ...
ကလေးတွေက မှားကြမှာပါပဲ ...
လူကြီးတွေလည်း မှားတတ်ကြပါတယ်....
အမှားတစ်ခုကို ပြင်ဆင်ခွင့် ပြန်လည်ကြိုးစားခွင့်ပေးတာက
မေတ္တာနဲ့ပျိုးထောင်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ...
𝑭𝒐𝒓𝒈𝒊𝒗𝒆𝒏𝒆𝒔𝒔 𝒅𝒐𝒆𝒔𝒏’𝒕 𝒆𝒓𝒂𝒔𝒆 𝒕𝒉𝒆 𝒑𝒂𝒔𝒕.
𝑰𝒕 𝒇𝒓𝒆𝒆𝒔 𝒚𝒐𝒖 𝒇𝒓𝒐𝒎 𝒄𝒂𝒓𝒓𝒚𝒊𝒏𝒈 𝒊𝒕.
အတိတ်ကို ပြန်ပြင်လို့မရပေမယ့်
အတိတ်ရဲ့နာကျင်မှုတွေကို သယ်ပြီး
အနာဂတ်ကို ဆက်လျှောက်သွားဖို့တော့ မလိုပါဘူး...
ခွင့်လွှတ်ပါ ...
လွှတ်ချလိုက်ပါ ...
ပြီးတော့
ကိုယ့်စိတ်အေးချမ်းမှုကို ရွေးချယ်ပါ ... 🤍
𝑨𝒎𝒂𝒏𝒅𝒂
September 2026
06/09/2026
ကျမတို့က ကံအကျိုးပေးကြောင့် ဘဝတစ်ခုရလာကြပြီး
မိဘနဲ့သားသမီးဆိုတဲ့ ပတ်သက်မှုက တစ်သက်စာပါပဲ...
မိဘတွေက သားသမီးတွေကို ရွေးချယ်ခွင့်ရှိပါတယ်...
မလိုချင်ရင် ရောက်မလာအောင် နည်းအမျိုးမျိုးနဲ့တားဆီးနိုင်သလို
မွေးဖွားပြီးမှ အကြောင်းကြောင်းတွေကြောင့်
စွန့်ပစ်ခံရတဲ့ ကလေးတွေလည်း ရှိပါတယ်...
ဒါပေမယ့် မိဘတွေကြောင့် လူဖြစ်လာရတဲ့ သားသမီးတွေမှာတော့
အဲ့ဒီရွေးချယ်ခွင့် မရှိကြပါဘူး...
ချစ်ခြင်းမေတ္တာအပြည့်နဲ့ လူလားမြောက်တဲ့အထိ
နွေးနွေးထွေးထွေး စောင့်ရှောက်ပေးတတ်တဲ့ မိဘကောင်းနဲ့
ဆုံတွေ့ရတဲ့ သားသမီးတွေက တကယ် ကံကောင်းကြပါတယ်...
မိဘတွေရဲ့ အပြုအမူတွေကြောင့်
စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းလာရတဲ့ ကလေးတွေလည်း ရှိပါတယ်...
တချို့အတွက်တော့ အဲ့ဒီဒဏ်ရာတွေက
ဘဝတစ်လျှောက်လုံး အရိပ်တစ်ခုလို လိုက်ပါနေတတ်ပါတယ်...
မိဘနဲ့ သားသမီး ဆက်ဆံရေးမှာ
နားလည်မှု၊ လေးစားမှုနဲ့ တန်ဖိုးထားမှု တွေက
မရှိမဖြစ် အလွန် အရေးပါ ပါတယ် ....
ကလေးတွေကို မိဘဆိုတဲ့အရှိန်နဲ့ လွှမ်းမိုးအုပ်ချုပ်တာထက်
သူတို့ရဲ့အသက်အရွယ်နဲ့ အခြေအနေအလိုက်
မှန်ကန်တဲ့အတွေးအခေါ်တွေ ရလာအောင်
မျှတစွာ လမ်းညွှန်ပေးဖို့ လိုပါတယ် ....
မိဘဆိုတာ သားသမီးတွေအတွက်
လိုအပ်တဲ့အချိန်မှာ ရှိနေပေးရမယ့်သူပါ...
တခါတလေ သားသမီးရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးရသလို
တခါတလေ ဘေးကနေ ခွန်အားပေးပြီး အတူရင်ဆိုင်ပေးရတာလည်း ရှိနိုင်တာပဲ...
တခါတလေတော့ နောက်ကနေ ပံ့ပိုးစောင့်ရှောက်ပေးရုံနဲ့ လုံလောက်ပါတယ်...
ကလေးတွေကို လူ့ကျင့်ဝတ်တွေ သိမြင်ပြီး
အမှားအမှန် ခွဲခြားတတ်စေချင်တယ်...
တန်ဖိုးရှိတဲ့ လူသားလေးတွေအဖြစ် ကြီးပြင်းလာစေချင်ပါတယ်...
ကျန်တာကတော့
သူတို့ရဲ့ ကံ၊ ဉာဏ်၊ ဝီရိယ ပေါ်မူတည်ပြီး
သူတို့ဘဝကို သူတို့ကိုယ်တိုင် လွတ်လပ်စွာ တည်ဆောက်ကြပါစေ...
ကလေးတွေဟာ ငယ်စဉ်မှာ
မိဘကိုအားကိုးပြီး ချစ်ကြတယ် တွယ်တာကြတယ်...
ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အခါ
သူတို့အသိနဲ့ ချိန်ထိုးပြီး မိဘတွေကို ဝေဖန်တတ်လာတယ်...
ချစ်စိတ်နဲ့ အပြစ်တင်စိတ်တွေ လွန်ဆွဲတတ်ကြပါတယ်...
အရွယ်တစ်ခုရောက်လာတော့မှ
သူတို့လေးတွေ မိဘတွေကို နားလည်လာတယ်...
အမြင်မတူတာတွေ ရှိနိုင်တယ်ဆိုတာကို လက်ခံလာကြတယ်...
အဲ့ဒီအချိန်ကျမှပဲ
မိဘကို တကယ် ချစ်တတ်လာတာပါ...
သားသမီးဆိုတာ မိဘတွေကြောင့်သာ လူဖြစ်လာရတာမို့
ဒီလူသားလေးတွေအတွက်
မိဘတွေဆီမှာ တာဝန်အပြည့်အဝ ရှိပါတယ်...
ကိုယ်မွေးထားတဲ့ သားသမီးတွေဆိုပေမယ့်
သူတို့ဟာ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်ခံစားချက်
ကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ ကိုယ်ပိုင်ဘဝရှိတဲ့ လူသားတွေ ဖြစ်ကြပါတယ်...
မေတ္တာတရားနဲ့ စောင့်ရှောက်တာကတော့
ဘယ်တော့မှ မမှားတဲ့ ပျိုးထောင်မှုပါပဲ...🤍
𝑨𝒎𝒂𝒏𝒅𝒂
September 2026
31/08/2026
𝐌𝐨𝐧𝐝𝐚𝐲 𝐌𝐨𝐫𝐧𝐢𝐧𝐠🌿
ဘဝမှာ အရာအားလုံးကို
ကိုယ်လိုချင်သလို မပြောင်းလဲနိုင်ပေမယ့်
ကိုယ့်ရဲ့စိတ်ထားကိုတော့ ရွေးချယ်နိုင်ပါတယ်...
တခါတလေ
ဘဝကို ပိုကောင်းအောင်လုပ်ဖို့
အများကြီးမလိုပါဘူး...
စကားတိုင်းကို စာနာစိတ်နဲ့ ပြောပါ...
တစ်ဖက်သားရဲ့ ခံစားချက်ကို နားလည်ပေးပါ...
ပြီးတော့ ကိုယ့်နှလုံးသားထဲမှာ မေတ္တာတရား ထားပါ...
အဲဒီလောက်နဲ့တင်
ဒီနေ့ဟာ ပိုအေးချမ်းသွားနိုင်ပါတယ်... 🤍
မေတ္တာနဲ့ စတင်လိုက်တဲ့ ဒီနေ့ကနေ
အေးချမ်းစွာ ဖြတ်သန်းနိုင်တဲ့ ရက်သတ္တပတ်လေး ဖြစ်ပါစေ...🌿
“𝑲𝒊𝒏𝒅𝒏𝒆𝒔𝒔 𝒊𝒔 𝒂 𝒒𝒖𝒊𝒆𝒕 𝒔𝒖𝒑𝒆𝒓𝒑𝒐𝒘𝒆𝒓.” 🤍
Aᴍᴀɴᴅᴀ
August 2026
25/08/2026
𝐌𝐲 𝟒-𝐃𝐚𝐲 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐉𝐨𝐮𝐫𝐧𝐞𝐲
ပြီးခဲ့တဲ့ ၄ ရက်တာအတွင်း
𝟐𝟎𝟐𝟔 𝐒𝐮𝐢𝐜𝐢𝐝𝐞 𝐏𝐫𝐞𝐯𝐞𝐧𝐭𝐢𝐨𝐧 𝐒𝐮𝐦𝐦𝐢𝐭 ကို
တက်ရောက်လေ့လာခွင့်ရခဲ့ပါတယ်…
Counselling နဲ့ Education ပိုင်းမှာ အလုပ်လုပ်နေသူတစ်ယောက်အနေနဲ့ကိုယ်သိပြီးသားအရာတွေကိုပဲ အားကိုးနေဖို့ထက် အသစ်တွေကို အမြဲလေ့လာနေဖို့ အရေးကြီးတယ်လို့ ယုံကြည်ပါတယ်…
ဒီ Summit မှာ Su***de Prevention, Mental Health, Young People, Ethics, Emotional Regulation နဲ့ အခြားဆက်စပ်တဲ့ အကြောင်းအရာများစွာကို နိုင်ငံတကာက experienced practitioners, researchers, mental
health professionalsတွေဆီကနေ လေ့လာခွင့်ရခဲ့ပါတယ်…
အထူးသဖြင့် Counselling နှင့် Parenting နယ်ပယ်တွေမှာ
ကလေးတွေ ဆယ်ကျော်သက်တွေ လူငယ်တွေနဲ့ အလုပ်လုပ်တဲ့အခါ
ပိုပြီး သတိထားနားထောင်ပေးရမယ့် အချက်တွေ
သူတို့ခံစားချက်တွေကို နားလည်ပေးဖို့ အရေးကြီးတာတွေ
support ပေးတဲ့အခါ professional knowledge တင်မကဘဲ
လူသားဆန်တဲ့ compassion က ဘယ်လောက်အရေးကြီးတယ်ဆိုတာ
ပြန်လည် သတိရစေခဲ့ပါတယ်…
Time zone ကွာခြားမှုနဲ့ ကိုယ့်အလုပ်ချိန်တွေကြောင့်
ကိုယ့်အလုပ်နဲ့ တိုက်ရိုက်ဆက်စပ်ပြီး အသုံးဝင်မယ့် sessions တွေကို
ဦးစားပေး တက်ရောက်ခဲ့ပါတယ်…
ကျမအတွက် ဒီ Summit ဟာ တက်ရောက်မှုမှတ်တမ်းတွေထက်
ပိုပြီး တန်ဖိုးရှိတဲ့ သင်ယူမှုအတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ်…
ကိုယ့်ရဲ့ professional knowledge နဲ့ skillsတွေကို အမြဲ update လုပ်နေဖို့
ကိုယ်နဲ့ထိတွေ့လာတဲ့ လူငယ်တွေ၊ မိသားစုတွေ၊ community အတွက်
ပိုမိုကောင်းမွန်တဲ့ support တွေပေးနိုင်ဖို့
ဆက်လက် လေ့လာ ကြိုးစားသွားမှာပါ…💙
𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐢𝐬 𝐧𝐨𝐭 𝐬𝐨𝐦𝐞𝐭𝐡𝐢𝐧𝐠 𝐰𝐞 𝐟𝐢𝐧𝐢𝐬𝐡.
𝐈𝐭 𝐢𝐬 𝐬𝐨𝐦𝐞𝐭𝐡𝐢𝐧𝐠 𝐰𝐞 𝐜𝐨𝐧𝐭𝐢𝐧𝐮𝐞.
𝑨𝒎𝒂𝒏𝒅𝒂
August 2026
23/08/2026
ကျမ ကိုယ်ပိုင်ကျောင်းဖွင့်ခဲ့စဉ်က ကျောင်းသားမိဘတွေနဲ့တွေ့ဆုံပြီး
parenting နဲ့ပတ်သက်တာတွေ အရွယ်အလိုက် ကလေးတွေရဲ့စိတ်နဲ့
အမူအကျင့်ပြောင်းလဲမှုတွေ ဆွေးနွေးပေးလေ့ရှိတာ အမှတ်ရပါတယ်...
Covidကာလနောက်ပိုင်း online teaching လုပ်ဖြစ်တဲ့အခါ
မေမေတွေနဲ့ အပတ်စဉ် စကားပြောပေးတဲ့ Purple Group အစီအစဉ်လေး ဆက်လုပ်ဖြစ်ပါတယ်...
ဒီလိုနဲ့ အဖေတွေရဲ့သားသမီးနဲ့ပတ်သက်တဲ့ အတွေးအမြင် မေးမြန်းချင်တဲ့အချက်အလက်တွေ မတွေ့ရတာကြာပါပြီ...
ခု July Mailbox အတွက်ပေးပို့တဲ့စာတွေထဲမှာ
ထူးထူးခြားခြား ဖခင်တစ်ယောက်ရဲ့စာ တွေ့ရပါတယ်...
အဖေတွေလည်း ရင်ထဲမှာ ဒီလိုတိုက်ပွဲတွေရှိပါတယ်ဆိုတာ သိစေချင်လို့
ခွင့်ပြုချက်ယူပြီး ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်....
🔹▪️🔸▪️🔹▪️🔸▪️🔹▪️🔸▪️🔹▪️🔸▪️🔹▪️🔸▪️
မင်္ဂလာပါရှင်...
ခုလို ကိုယ့်အပြုအမူကို ပြန်သတိထားမိပြီး မေးလာတာက
အရေးကြီးတဲ့ ပထမခြေလှမ်းတစ်ခုပါပဲ...
stress များလာတဲ့အခါ လူတစ်ယောက်ရဲ့ခံနိုင်ရည်နဲ့
ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်စွမ်းတွေ လျော့ကျလာတတ်ပါတယ်...
အလုပ်မှာစုမိနေတဲ့စိတ်ဖိစီးမှုတွေကို မဖြေရှင်းဘဲ အိမ်အထိသယ်လာမိတဲ့အခါ
ကိုယ်ချစ်တဲ့သူတွေကပဲ ကိုယ့်ဒေါသရဲ့ပစ်မှတ် ဖြစ်သွားတတ်ပါတယ်...
ဒါပေမယ့် ကလေးတွေက အဖေ့ရဲ့ဒေါသကို
“အဖေ stress ဖြစ်နေလို့ပဲ”လို့ နားမလည်နိုင်သေးပါဘူး...
သူတို့အတွက်တော့ အဖေ့အနားမှာ အမြဲလုံခြုံနွေးထွေးနေတယ်ဆိုတဲ့ခံစားချက်လေး နည်းနည်းလျော့သွားနိုင်ပါတယ်…
အခု ကလေးတွေက အရင်လို အဖေ့အနား သိပ်မကပ်တော့တာကို သတိထားမိနေပြီဆိုရင် အဲဒီအချက်ကို အလေးအနက် ထားဖို့လိုပါတယ်...ဒါပေမယ့် ဒီအခြေအနေကနေ ပြန်ပြင်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ မဟုတ်ပါဘူး...
ဒေါသနဲ့အော်ဟစ်တာကို ရပ်ပြီး နေ့စဉ်နေ့တိုင်း လုံခြုံမှု၊ နားလည်မှုနဲ့ နွေးထွေးမှုကို ပြန်တည်ဆောက်ပေးရင် အဆင်ပြေပါပြီ ....
#ပထမဆုံး အလုပ်နဲ့ အိမ်ကိုခွဲခြားပါ... အလုပ်ကနေ အိမ်ပြန်လာတဲ့အခါ တန်းပြီး အိမ်ထဲမဝင်ဘဲ လမ်းမှာခဏရပ်တာ၊ ကားထဲမှာ (ဒါမှမဟုတ်) လမ်းလျှောက်ရင်း ဝင်သက်ထွက်သက် ၅ ကြိမ်လောက် မှန်မှန်ရှူပြီး စိတ်ကို အရင်ရှင်းထုတ်ပါ... အလုပ်က stressတွေကို စိတ်ထဲကနေ ခဏထုတ်ထားလိုက်ပြီး family mode ပြောင်းတဲ့သဘောပါ...
#ဒုတိယအချက်က ဒေါသထွက်လာတဲ့အချိန်မှာ “Pause”လုပ်ပါ...
ဒေါသထွက်လာတာနဲ့ ချက်ချင်းမပြောပါနဲ့...
စိတ်တိုလာပြီး အော်မိတော့မယ့်အချိန်မျိုးမှာ
"ငါ အခု ဒေါသထွက်နေပြီ" လို့ ကိုယ့်ကိုယ်ကို သတိပေးပါ...
ပြီးတော့ အခန်းထဲကနေ ခဏထွက်သွားတာ၊ ရေအေးသောက်တာမျိုးနဲ့
ချက်ချင်း တုံ့ပြန်မယ့်အစား စက္ကန့် ၃၀/တမိနစ်လောက် အချိန်ဆွဲပါ...
ဒေါသဆိုတာ အရှိန်နဲ့လာတတ်တာမျိုးပါ...
ဒါကို ကျမတို့က ကြန့်ကြာအောင် ခဏအချိန်ဆွဲထားရင်
အရှိန်လျော့သွားပါမယ်...စိတ်ပြန်တည်ငြိမ်လာမှ ပြောပါ...
#နောက်ဆုံးအချက်က ကလေးတွေနဲ့ အရင်လို နွေးနွေးထွေးထွေး ပြန်ဖြစ်လာဖို့
တစ်ကြိမ်တည်း ကြိုးစားရုံနဲ့ မရပါဘူး...
နေ့တိုင်း သူတို့နဲ့ မိနစ်ပိုင်းလောက်ပဲဖြစ်ဖြစ် စကားပြောပါ...
သူတို့ပြောတာကို နားထောင်ပါ...အတူကစားပါ...ပွေ့ဖက်ပြီး ကိုယ့်မေတ္တာကို ပြပါ...
အဖေက သူတို့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ပြောစရာမလိုအောင်
သူတို့ခံစားမိလာတဲ့အထိ ပြန်တည်ဆောက်ပေးပါ...
ကလေးတွေက အဖေ တကယ်ပြောင်းလဲလာတာကို ယုံကြည်လာပါလိမ့်မယ်...
တကယ်တော့ ကလေးတွေလည်း အရွယ်ရောက်လာတာနဲ့အမျှ
မိဘတွေလည်း သာမန်လူတွေပဲ...
superhero တွေလို ပြီးပြည့်စုံမနေတာ သဘာဝပဲဆိုတာ နားလည်လာပါမယ်...
အဲ့ဒီအခါ သူတို့အဖေက အမှားလုပ်မိခဲ့ရင် ဝန်ခံတတ်ပြီး
ပြန်ပြင်ဖို့ ကြိုးစားတတ်တဲ့လူတစ်ယောက်အဖြစ် ပိုလေးစားတဲ့စိတ်ဖြစ်လာမှာပါ...
ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့...ကိုယ်လည်း စိတ်ဖိစီးမှုတွေနဲ့ ရုန်းကန်နေရတဲ့ လူသားတစ်ယောက်ပဲဆိုတာ လက်ခံပါ... ခုလို ပြန်ပြင်ချင်တဲ့စိတ်ရှိနေတာကတင် သားသမီးအပေါ််ထားတဲ့ ကိုယ့်ရဲ့အစစ်အမှန် မေတ္တာကို ပြသနေပါပြီ...
မိသားစု ပျော်ရွှင်ကြပါစေနော်...
𝑨𝒎𝒂𝒏𝒅𝒂
's_inner_garden
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 17:00 |
Alerts
Be the first to know and let us send you an email when Amanda's Inner Garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.