The Nation Voice

The Nation Voice

Share

The Nation Voice သတင်းဌာနသည်
အညာဒေသမှ ပြည်သူများအား
ဝန်ဆောင်မှုပေးနေသည့် သတင်းဌာနဖြစ်သည်။

The Nation Voice သတင်းဌာနသည် အင်တာနက်ဖြတ်တောက်ခံထားရသည့် စစ်ဘေးသင့်အညာဒေသမှ ပြည်သူများ၏သတင်းသိပိုင်ခွင့်အတွက် အဆိုပါဒေသရှိကျေးရွာခံများထံသို့အိမ်တိုင်ရာရောက် သတင်းအချက်အလက်ဝန်ဆောင်မှုပေးနေသည့် တစ်ခုတည်းသော သတင်းဌာနဖြစ်သည်။

01/09/2026

နီပေါနဲ့ တရုတ်နိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁,၀၀၀ ကျော်၊ ၄,၄၀၀ ကျော် ပျောက်ဆုံးနေဆဲ

TNV/စက်တင်ဘာ ၁
နိုင်ငံတကာသတင်း၊အောင်ကြီး

နီပေါနဲ့ တရုတ်နိုင်ငံတို့မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူဦးရေ ၁,၀၀၀ ကျော်ရှိလာပြီး လူပေါင်း ၄,၄၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

နီပေါ သဘာဝဘေးအန္တရာယ် အေဂျင်စီရဲ့ အင်္ဂါနေ့ထုတ်ပြန်ချက်အရ နီပေါနိုင်ငံမှာ သေဆုံးသူ ၉၈၇ ဦးရှိပြီး ၃,၉၁၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ အနည်းဆုံး လူ ၁၁,၈၁၄ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နီပေါဝန်ကြီးချုပ် Balenndra Shah က ရေအားလျှပ်စစ်စီမံကိန်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၂၇၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် လူ ၉၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

အာဏာပိုင်တွေက ရေအားလျှပ်စစ်ဥမင်လိုဏ်ခေါင်းတွေထဲမှာ အလုပ်သမား ရာနဲ့ချီ ပိတ်မိနေတယ်လို့ ယူဆထားပြီး ကယ်ဆယ်ရေးအဖွဲ့တွေက မြေတူးစက်တွေနဲ့ အခြားအကြီးစားစက်ပစ္စည်းတွေ အသုံးပြုပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

နီပေါနိုင်ငံ Nuwakot ခရိုင်၊ Betrabati ရွာမှာလည်း ရှာဖွေရေးအဖွဲ့တွေက အိမ်တစ်အိမ်အတွင်းက ရုပ်အလောင်း ၂၄ လောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲအရာရှိ Bipin Regmi က ပြောပါတယ်။ ထို့အပြင် ကုန်စုံဆိုင်တစ်ဆိုင်အတွင်း ပိတ်မိနေသူ ၂၀ ကျော်ကိုလည်း ပြန်လည်တွေ့ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရေဘေးကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သူ အများအပြားဟာ ဆွေမျိုးတွေရဲ့ နေအိမ်တွေနဲ့ ပြည်တွင်းပြည်ပ စေတနာ့ဝန်ထမ်းအဖွဲ့တွေ ဖွင့်လှစ်ထားတဲ့ အမိုးအကာတွေမှာ နေထိုင်နေကြရပါတယ်။

တစ်ဖက်မှာလည်း တရုတ်နိုင်ငံက နီပေါနယ်စပ်အနီး သဘာဝဘေးဒဏ်ခံနေရတဲ့ ဒေသတွေကို ရှာဖွေကယ်ဆယ်ရေးအတွက် DNA စစ်ဆေးရေးကျွမ်းကျင်သူတွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို စေလွှတ်ပေးဖို့ ပြင်ဆင်နေပါတယ်။ ဒုတိယအသုတ်အဖြစ် ပေးပို့မယ့် အကူအညီတွေထဲမှာ ဒရုန်းတွေနဲ့ ရေသန့်စင်ရေးပစ္စည်းတွေ ပါဝင်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

သဘာဝဘေးအပြီး နီပေါနိုင်ငံအတွင်း ဒေါ်လာ ၄၂ သန်းကျော်တန်ဖိုးရှိ အကူအညီတွေ ရောက်ရှိထားပြီး အစိုးရအနေနဲ့လည်း ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ပံ့ပိုးမှုတွေ ဆက်လက်တိုးမြှင့်သွားမယ်လို့ မျှော်လင့်ထားပါတယ်။

လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်နေဆဲဖြစ်ပြီး ရွှံ့နွံနဲ့ အပျက်အစီးတွေအောက်မှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိနေနိုင်သေးတယ်လို့ အာဏာပိုင်တွေက ယုံကြည်ထားကြပါတယ်။

01/09/2026

မိုးကခေါင် ခွေးကဟောင် စားဆီဈေးက ထောင်

The Nation Voice Journal အတွဲ ၂၊ စာစဉ် ၁၅
နိုဗာရေးသည်

မုံရွာက ဆီဆိုင်ရှေ့မှာ ဆီတစ်ပိဿာ ရဖို့ လူတွေ တိုးဝှေ့တန်းစီနေချိန်၊ အကြော်ဆိုင်တွေ တစ်ဆိုင်ပြီး တစ်ဆိုင် ပိတ်နေချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အဖြေကတော့ ပြည်သူတွေ "ဆီ လျှော့စား" ဖို့ ဖြစ်နေပါတယ်။

နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချဖို့ဆိုပြီး စားသုံးဆီကို လိုအပ်တာထက် ပိုမစားဖို့ မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ ရန်ကုန်နဲ့ ပဲခူးက တိုင်း/ခရိုင်၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆီ ဈေးကြီးရတဲ့ အခြေခံ အကြောင်းရင်းပါမစ် စနစ်ကို စစ်ကောင်စီနဲ့ဆက်နွယ်တဲ့ လက်တစ်ဆုပ်စာ လုပ်ငန်းရှင်တွေက ချုပ်ကိုင်ထားတဲ့ ကိစ္စကိုတော့ မကိုင်တွယ်ခဲ့ပါဘူး။

“မိုးကခေါင် ခွေးကဟောင် ဆိုတာ အမှန်ပဲဗျာ။ ပစ္စည်းဈေးတွေ တအား တက်တဲ့ထဲ စားဆီ (စားအုန်းဆီ) က ထိပ်ဆုံးက။ ဆီပေးပြီလို့ ကြားတယ်ဆိုရင် ချက်ချင်း သွားတန်းမှ။ ခဏနေမှ သွားရင် ဆီက မရတော့ဘူးရယ်။ ခွဲတမ်းဆီ အကုန်မပေးဘဲ ရောင်းတဲ့ ဆီဆိုင်က အပြင်ဈေးနဲ့ ပြန်ရောင်းတာ” လို့ စားအုန်းဆီ တန်းစီ ဝယ်လာသူတစ်ဦးက ပြောပါတယ်။

မုံရွာမှာ လက်ရှိ ကြုံနေရတဲ့ စားအုန်းဆီ အကျပ်အတည်းကြောင့် သာမန် လက်လုပ်လက်စားတွေ ပိုပြီး အခက်တွေ့လာနေကြရပါတယ်။ စစ်ကောင်စီ စီးပွားရေးဝန်ကြီးဌာနက စားအုန်းဆီ အခြေခံ ရည်ညွှန်းဈေး သတ်မှတ်ထားပေမယ့် ပြင်ပ မှောင်ခိုဈေးက တစ်ပိဿာ ၁၈,၅၀၀ ကျပ်အထိ ပေါက်နေပြီး နှမ်းဆီဈေးထက်တောင် မြင့်နေတဲ့ အနေအထား ဖြစ်ပါတယ်။ ဈေးတွေ မြင့်လာတဲ့အတွက် လမ်းဘေး အကြော်ဆိုင်ကစပြီး လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်ကြီးတွေအထိ ဈေးတွေ တက်ယူ ကုန်ကြတာကြောင့် သာမန် လက်လုပ်လက်စားတွေ ပိုပြီး အခက်တွေ့လာနေကြရတာပါ။

“ဈေးဆိုင်ပစ်ပြီး ဆီလေး တစ်ပိဿာ ရဖို့ လူတောတိုးနေရတယ်။ တိုးလို့ရတဲ့ဆီကို အကြော်ကြော်ဖို့ ပြန်သုံးရောင်းစားနေရတယ်။ အပြင်ဈေးနဲ့က ဆီဝယ်ကြော်ရင် မကိုက်တဲ့အတွက် ဆီ ဘယ်နေရာပေးသလဲ နားစွင့်ပြီး တန်းဆီဝယ်နေရတယ်။ အခေါက်တိုင်းတော့ ဘယ်ရမလဲ” လို့ အကြော်သယ်တစ်ဦးက ပြောပါတယ်။

ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့အတူ ရောင်းအား ကျဆင်းမှုနဲ့ပါ ကြုံနေရတဲ့ ဈေးဆိုင်တွေက မနည်းမနော ဖြစ်ပြီး တချို့က အရင်းအနှီး မတတ်နိုင်လို့ ဆိုင်ပိတ်ရတော့မယ့် အခြေအနေ ရှိနေပါတယ်။ အထူးသဖြင့် ဆီ အသုံးပြု ရောင်းချနေရတဲ့ အကြော်ဆိုင် အများစုဟာ ဆီဈေး အဆမတန် တက်သွားပြီး လုံလုံလောက်လောက် ဆီဝယ်မရတာကြောင့် ပိတ်ရတော့မယ့် အခြေအနေ ရောက်နေပါတယ်။

“ကုန်ဈေးနှုန်းတွေ အဆမတန် ကြီးမြင့်လာတဲ့နောက် ဆိုင်က ဝယ်မစားနိုင်တဲ့သူ များလာတာကြောင့် ဆိုင်ပိတ်လိုက်ရပြီ။ ပြန်ဖွင့်နိုင်ဖို့ကတော့ မလွယ်တော့ဘူး” လို့ ဆိုင်ပိတ်လိုက်ရတဲ့ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“တချို့ မနက်နဲ့ည ပေါင်းစားရတဲ့သူတွေ တပုံကြီး။ ပြည်သူတွေက စားသုံးဆီ တစ်ခုတည်း တင်မကဘူး၊ အကုန်လုံး လျှော့စားနေရတာ။ အိမ်မှာ ၄ ယောက်ရှိရင် ၄ ယောက်လုံး အလုပ်ထွက်လုပ်မှ ဝမ်းဝတဲ့ အနေအထားရယ်။ တစ်ရက် ကျပ် ၅၀,၀၀၀ ဝင်အောင် လုပ်ရင်တောင် အိမ်စရိတ် မကာမိဘူး” လို့ ဆိုက်ကားဆရာတစ်ဦးက ပြောပါတယ်။

စားအုန်းဆီ ဈေးကွက်ဟာ မတည်ငြိမ်ဆုံး ဈေးကွက်အဖြစ် ရှိနေပြီး စစ်ကောင်စီက အိမ်ထောင်စုဇယားနဲ့ လုပ်ထားရတဲ့ "ဆီစာအုပ်" နဲ့ တစ်အိမ်ထောင်ကို တစ်လ ၂ ပိဿာနှုန်း ရောင်းပေးနေတာပါ။ အရင်က တစ်ယောက်ကို ၅၀ သားနှုန်းနဲ့ ၇ ရက် တစ်ခါ ထုတ်ပေးနေရာက ၁၅ ရက် တစ်ခါ ပြောင်းပြီးနောက်ပိုင်း တစ်အိမ်ထောင်ကို တစ်လ ၂ ပိဿာ အဖြစ် ပြောင်းလိုက်တာ ဖြစ်ပါတယ်။

“တချို့ အိမ်ထောင်စုတွေက တခြားအိမ်ထောင်စုက အိမ်ထောင်စုဇယား ငှားပြီး ဆီထုတ်ရအောင် လုပ်နေကြသေးတာ။ အိမ်ထောင်စုဇယား မပြချင်လို့ ဆီမထုတ်တဲ့ အိမ်ထောင်စုကလည်း အများကြီး။ အိမ်ထောင်စုဇယား ကြည့်ပြီး လာဖမ်းမှာ၊ လာပေါ်တာဆွဲမှာတွေ ကြောက်ကြတာ” လို့ ရပ်ကွက်ထဲ နေသူတစ်ဦးက ပြောပါတယ်။

စားအုန်းဆီအတွက် အပတ်စဉ် ရည်ညွှန်းဈေးနှုန်းကို စစ်ကောင်စီ စီးပွားရေးဝန်ကြီးဌာနက သတ်မှတ်ပေးထားပေမယ့် ပြင်ပ ပေါက်ဈေးနဲ့ အမြတ်တင် ရောင်းခွင့်ရအောင် စစ်ကောင်စီ လက်အောက်ခံတွေက နည်းမျိုးစုံနဲ့ ဖန်တီး ပုံဖော်နေတာကို တွေ့ရပါတယ်။ ဈေးကစားတာ ဆီ သိုလှောင်ပြီး ဈေးကွက် လှည့်စားတာတွေကို ဥပဒေအရ အရေးယူနိုင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီကနေ ပါမစ်ရနေသူတွေကိုတော့ အရေးတောင် မလုပ်ကြပါဘူး။

“စားသုံးဆီ ပါမစ်” ဆိုတာ စားအုန်းဆီ၊ စားသုံးဆီကို ပြည်ပကနေ တင်သွင်းခွင့်ပြုတဲ့ အစိုးရ ခွင့်ပြုချက် (import permit/licence) ကို ဆိုလိုတာ ဖြစ်ပြီး အခုအခါ စစ်ကောင်စီ အသိုင်းအဝိုင်း အများစုသာ အဲဒီ ပါမစ် ရနေတာ ဖြစ်ပါတယ်။

“နေပြည်တော်မှာ စားသုံးဆီ ပါမစ်ရဖို့က ပိုခက်တယ်။ ဝန်ကြီး အမျိုးအသိုင်းအဝိုင်းကနေ ကျန်မှ ပါမစ်က ရတာ။ တိုင်းနဲ့ ပြည်နယ်တွေလည်း မထူးပါဘူး။ အစိုးရ ဝန်ကြီး အမျိုးအသိုင်းအဝိုင်းတွေက နေရာယူ ရပြီးကြပြီ” လို့ ဆီပါမစ် ပွဲစားတစ်ဦးက ပြောပါတယ်။

ဒီ ပါမစ် ချုပ်ကိုင်မှုကို သတင်းဌာနတွေကလည်း မှတ်တမ်းတင် ဖော်ပြထားပြီးသား ဖြစ်ပါတယ်။ The Irrawaddy ကတော့ စစ်ကောင်စီဟာ စားအုန်းဆီ တင်သွင်းမှုကို စီးပွားရေးဝန်ကြီးဌာန လက်အောက်က "စားသုံးဆီ တင်သွင်း/ဖြန့်ဖြူးရေး ကြီးကြပ်ရေးကော်မတီ" နဲ့ ချုပ်ကိုင်ထားပြီး အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့ခံ လက်နက် ကုန်သည် ဦးတေဇ ပိုင်တဲ့ ထူးထရိတ်ဒင်း (Htoo Trading) ကို တစ်လ စားအုန်းဆီ တန် ၁၅,၀၀၀ (တန်ဖိုး အမေရိကန်ဒေါ်လာ ၅.၄ သန်းကျော်) တင်သွင်းခွင့် ပေးထားတယ်လို့ ဆိုပါတယ်။ တခြား တင်သွင်းသူတွေက တစ်လ တန် ၅,၀၀၀ သာ ကန့်သတ်ခံရချိန်မှာ ထူးထရိတ်ဒင်းကတော့ အဲဒီ ၃ ဆ ရနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပြိုင်ဘက် တင်သွင်းသူတွေကိုလည်း ဖယ်ရှားနေတာ တွေ့ရပါတယ်။ ၂၀၂၄ ခုနှစ် ဇွန်လမှာ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က စားသုံးဆီ တင်သွင်းသူ ကုမ္ပဏီ ၈ ခုကို "စည်းကမ်းဖောက်ဖျက်မှု" အကြောင်းပြပြီး blacklist လုပ်ခဲ့ကာ အဲဒီထဲမှာ စစ်ကောင်စီနဲ့ဆက်နွယ်တဲ့ လုပ်ငန်းရှင် ဦးဇော်ဝင်းရှိန် ပိုင်တဲ့ Ayeyar Hinthar Trading လည်း ပါဝင်တယ်လို့ The Irrawaddy က ဖော်ပြထားပါတယ်။ TNV အနေနဲ့ The Irrawaddy သတင်းဌာန ဖော်ပြချက်တွေကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ပါမစ် ဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း ပွင့်လင်းမြင်သာတဲ့ စာရင်း ထုတ်ပြန်ထားခြင်းလည်း မရှိပါဘူး။

“မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ် စတဲ့ ဆီထွက်သီးနှံတွေရဲ့ အထွက်နှုန်း တိုးတက်ဖို့၊ အရည်အသွေးကောင်း မျိုးစေ့ ရရှိဖို့၊ ရေသွင်းစိုက်ပျိုးရေး၊ ခေတ်မီ ဆီကြိတ်စက် အသုံးပြုရေးနဲ့ တောင်သူတွေအတွက် ဈေးကွက် အာမခံချက် ရှိရေးတို့ကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ဖို့ လိုအပ်နေတယ်။ ကျွန်တော်တို့ အာပေါက်အောင် ပြောလေ စားအုန်းဆီ ပါမစ်ဈေးကွက်က ကြီးလေပဲ” လို့ စားသုံးဆီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပြည်တွင်း စားသုံးဆီ လိုအပ်ချက်နဲ့ ပြည်တွင်း ထုတ်လုပ်နိုင်မှု မမျှတတာ၊ နိုင်ငံခြားက တင်သွင်းရတာ၊ နိုင်ငံခြားငွေနဲ့ သယ်ယူပို့ဆောင်ရေး စရိတ်၊ ကမ္ဘာ့ စားအုန်းဆီ ဈေးနှုန်း အပြောင်းအလဲတွေကြောင့် စားအုန်းဆီ ဈေးကွက်ဟာ အမြဲ မတည်ငြိမ်နေရတာပါ။

“မြေပဲ၊ နှမ်း၊ နေကြာ စတဲ့ ဆီထွက်သီးနှံတွေ စိုက်ပျိုး ထုတ်လုပ်နေပေမယ့် ပြည်တွင်း စားသုံးဆီ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်တာ မရှိသေးတော့ စားအုန်းဆီကို မလေးရှားနဲ့ အင်ဒိုနီးရှားကနေ တင်သွင်းနေရတယ်” လို့ အခြားဆီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ ပြည်တွင်း လိုအပ်ချက်အတွက် တစ်နှစ်ကို စားအုန်းဆီ တန်ချိန် ၇ သိန်းလောက် တင်သွင်းနေရတယ်လို့ သိရပါတယ်။ နိုင်ငံတကာ ကုန်သွယ်ရေး ခန့်မှန်းချက်အချို့ကတော့ တစ်နှစ် တန်ချိန် ၉ သိန်းအထိ ရှိတယ်လို့ ဖော်ပြပါတယ်။

ပြည်သူတွေဟာ ဘေးကင်း လုံခြုံမှု မရှိတဲ့ စားဆီတွေ သုံးစွဲရတဲ့အတွက် ကျန်းမာရေးအပေါ် ဆိုးကျိုး သက်ရောက်မှု ကြီးမားနေတယ်လို့ သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

မုံရွာမြို့က အိမ်ရှင်မတစ်ဦးကတော့ “ဆီနည်းတယ် ဆိုရင် ‘ဟင်းက ဆီတောင် မပါဘူး’ လို့ ဆိုပါတယ်။ ဆရာဝန်တစ်ဦးကတော့ “မြန်မာ့ စားစရာ ဟင်းလျာတွေမှာ ဆီက မပါမဖြစ် ဆိုသလို ပါနေပြီး လိုတာထက်ကို ပိုစားနေကြပြီး ဆီ စားသုံးမှုနဲ့ ဆက်နွှယ်နေတဲ့ ကျန်းမာရေး ပြဿနာတွေက ကျန်းမာရေးနဲ့ မသင့်လျော်တဲ့ ဆီတွေ စားသုံးမိတာနဲ့ သုံးစွဲသင့်တာထက် ပိုမို စားသုံးမိတာတွေ ဖြစ်ပါတယ်” လို့ ရှင်းပြပါတယ်။

စားသုံးဆီဟာ လူတိုင်း နေ့စဉ် သုံးစွဲရတဲ့ အခြေခံ စားသောက်ကုန် ဖြစ်တာကြောင့် တင်သွင်းမယ့် ပမာဏ ထိန်းညှိရေး၊ နိုင်ငံခြားငွေ သုံးစွဲမှု စီမံရေး၊ ပြည်တွင်းဈေး တည်ငြိမ်ရေး၊ အရည်အသွေးနဲ့ စားသုံးသူ ဘေးကင်းရေးတို့အတွက် တင်သွင်းခွင့် (ပါမစ်) စနစ်ကို အသုံးပြုရတာ ဖြစ်တယ်လို့ ပါမစ် နားလည်သူတစ်ဦးက ရှင်းပြပါတယ်။

ဒါပေမယ့် အခု စစ်ကောင်စီ လက်ထက်မှာတော့ အဲဒီ စနစ်ဟာ ပြည်သူ့ဘေးကင်းရေးအတွက် မဟုတ်ဘဲ လက်တစ်ဆုပ်စာ လုပ်ငန်းရှင်တွေရဲ့ အမြတ်အတွက် ဖြစ်နေပြီး ဈေးကြီးမှုရဲ့ ဒဏ်ကိုတော့ မုံရွာက ဆီဆိုင်ရှေ့ တန်းစီနေရသူတွေအပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့အခြေခံပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

01/09/2026

နတ်မောက်လမ်းပိုင်းမှာစစ်ကောင်စီယာဉ်တန်းနဲ့ ပျူစောထီးဂိတ်ကို ငါးပြေမတပ်ရင်းတိုက်ခိုက်၊
၅ ဦးသေဆုံးဟုဆို

TNV/စက်တင်ဘာ ၁
သတင်း- ငြိမ်း(TNV)

မကွေးတိုင်း၊ မကွေး-နတ်မောက်လမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းနဲ့ ပျူစောထီးဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာခံဗိုလ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံးပြီး တပ်ကြပ်တစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၃) ငါးပြေမတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ၂၉ ရက် ညနေ ၆ နာရီဝန်းကျင်မှာ မကွေး-နတ်မောက်လမ်းပိုင်း၊ ကြာကန်ရွာနဲ့ ပုဂံမျှော်ရွာကြားကို ဖြတ်သန်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ပုဂံမျှော်ပျူစောထီးဂိတ်ကိုလည်း ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အရာခံဗိုလ်တစ်ဦးနဲ့ တပ်သား ၄ ဦး သေဆုံးခဲ့ပြီး တပ်ကြပ်တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီယာဉ်တစ်စီးလည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပုဂံမျှော်ပျူစောထီးဂိတ်ကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ဂိတ်အနီးကို လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း သရက်ခရိုင် အမှတ် (၃) ငါးပြေမတပ်ရင်းဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ရဲဘော်တစ်ဦးလည်း မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဩဂုတ်လ ၃၁ ရက် မနက် ၇ နာရီဝန်းကျင်မှာလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ လဲဘူးရွာနဲ့ လျှော်ချောင်းလေးရွာဘက်ကို စစ်ကြောင်းထိုးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ထပ်မံထုတ်ပြန်ထားပါတယ်။

01/09/2026

IMJA ရဲ့ ဒုတိယအကြိမ် အမှုဆောင်ကော်မတီ ရွေးကောက်ပွဲ ကျင်းပပြီးစီး

TNV/စက်တင်ဘာ ၁
ဟေဇယ်

လွတ်လပ်သော မြန်မာသတင်းသမားများအစည်းအရုံး (Independent Myanmar Journalists Association – IMJA) ရဲ့ ဒုတိယအကြိမ် အမှုဆောင်ကော်မတီသက်တမ်းအတွက် ရွေးကောက်ပွဲကို ဩဂုတ်လ ၃၀ ရက်မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ IMJA ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲကို လွတ်လပ်မျှတမှု၊ ပွင့်လင်းမြင်သာမှုနဲ့ အဖွဲ့ဝင်တွေရဲ့ ဆန္ဒကို အလေးထားတဲ့ အခြေခံမူတွေနဲ့အညီ ကျင်းပခဲ့တာဖြစ်ပြီး IMJA အဖွဲ့ဝင်တွေက ကော်မတီအသစ်အတွက် လွတ်လပ်စွာ ဆန္ဒမဲပေးရွေးချယ်ခဲ့ကြပါတယ်။

အဲဒီရွေးကောက်ပွဲကနေ အမှုဆောင်ကော်မတီဝင် ၁၅ ဦးကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲကော်မရှင်မှာတော့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)၊ မြန်မာသတင်းသိပ္ပံ (MJI)၊ Myanmar Women Journalists Society (MWJS)၊ Myanmar Women in Media (MWiM)၊ Myanmar Journalists Club (MJC) နဲ့ Exiled Myanmar Journalists Network (EMJN) တို့က ကိုယ်စားလှယ်တွေနဲ့ ဝါရင့်သတင်းစာဆရာတစ်ဦး ပါဝင်ခဲ့ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ပူးပေါင်းစီမံကြီးကြပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အသစ်ရွေးကောက်တင်မြှောက်ခံရတဲ့ ဒုတိယအကြိမ် IMJA အမှုဆောင်ကော်မတီအနေနဲ့ အဖွဲ့ဝင်တွေပေးအပ်ထားတဲ့ ယုံကြည်မှုနဲ့ တာဝန်ကို အလေးထားပြီး IMJA ရဲ့ လုပ်ငန်းစဉ်တွေကို အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် မဲပေးပါဝင်ခဲ့ကြတဲ့ IMJA အဖွဲ့ဝင်တွေ၊ ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲဖြစ်မြောက်ရေးကော်မတီ၊ နည်းပညာနဲ့ စီမံရေးဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးခဲ့သူတွေအပါအဝင် ပူးပေါင်းပါဝင်ခဲ့ကြသူအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

01/09/2026

လီယွန်နယ်မက်ဆီ နိုင်ငံတကာဘောလုံးလောကကနေ အနားယူတော့မည်ဟု ပြော

TNV/စက်တင်ဘာ ၁
နိုင်ငံတကာသတင်း၊အောင်ကြီး

အာဂျင်တီးနား ဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ နိုင်ငံတကာဘောလုံးလောကကနေ အနားယူဖို့ ဆုံးဖြတ်ထားပြီလို့ ပြောကြားလိုက်ပါတယ်။

အသက် ၃၉ နှစ်အရွယ် မက်ဆီက တနင်္လာနေ့မှာ သူ့ရဲ့ Instagram ကနေတစ်ဆင့် နိုင်ငံအသင်းမှာ ဆက်ကစားဖို့ အချိန်ကျော်လွန်လာပြီဖြစ်ကြောင်း ရေးသားခဲ့တာပါ။

“ဒါဟာ နာကျင်စေမယ့် ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး အခုချိန်ထိလည်း နက်နက်ရှိုင်းရှိုင်း နာကျင်နေဆဲပါ။ ဒါပေမယ့် အချိန်ကျလာပြီဆိုတာကို နားလည်ပါတယ်” လို့ မက်ဆီက ရေးသားထားပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ၂၀၇ ပွဲကစားပြီး ၁၂၅ ဂိုး သွင်းယူထားကာ နိုင်ငံအသင်းရဲ့ စံချိန်တင်ဂိုးသွင်းရှင် ဖြစ်ပါတယ်။ ဒါ့အပြင် Ballon d'Or ဆုကိုလည်း ၈ ကြိမ် ရရှိထားပါတယ်။

နိုင်ငံအသင်းနဲ့အတူ အောင်မြင်မှုရဖို့ နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရပေမယ့် ၂၀၂၁ ခုနှစ်မှာ Copa América ဖလားကို ပထမဆုံး ရရှိခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားမှာလည်း အာဂျင်တီးနားအသင်းကို ချန်ပီယံဖြစ်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာလည်း Copa América ဖလားကို ထပ်မံရရှိခဲ့ပြီး နိုင်ငံအသင်းနဲ့အတူ အရေးကြီးတဲ့ ဆုဖလားတွေကို အောင်မြင်စွာ ရယူနိုင်ခဲ့ပါတယ်။

မက်ဆီဟာ ၂၀၁၄ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲ ဗိုလ်လုပွဲတွေမှာ အကြိမ်ကြိမ် စိတ်ပျက်ခဲ့ရပေမယ့် နောက်ပိုင်းမှာ အာဂျင်တီးနားဘောလုံးသမိုင်းမှာ အအောင်မြင်ဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သူ့ရဲ့အမွေအနှစ်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။

မက်ဆီဟာ ၂၀၀၅ ခုနှစ်မှာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်ကစားခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော် နိုင်ငံအသင်းအတွက် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန် မေဂျာလိဂ်ကလပ် Inter Miami မှာ ကစားနေတဲ့ မက်ဆီဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး Diego Maradona နဲ့အတူ အာဂျင်တီးနားဘောလုံးရဲ့ အထင်ကရကစားသမားတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

01/09/2026

အမေရိကန်နဲ့ အီရန် အပြန်အလှန်တိုက်ခိုက်ပြီးနောက် UAE က အီရန်ဘက်ကလာတဲ့ ဒရုန်းတစ်စီးကို ကြားဖြတ်
ဟန့်တား

TNV/စက်တင်ဘာ ၁
နိုင်ငံတကာသတင်း၊အောင်ကြီး

အမေရိကန်နဲ့ အီရန်တို့ကြား အပြန်အလှန်တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားပြီးနောက် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရဲ့ ရေပိုင်နက်အတွင်း အီရန်ဘက်ကနေ ဝင်ရောက်လာတဲ့ ဒရုန်းတစ်စီးကို UAE လေတပ်က ကြားဖြတ်ဟန့်တားခဲ့တယ်လို့ UAE ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နဲ့ အီရန်တို့ တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး အီရန်ဘက်က UAE ရှိ Al Menhad လေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အီရန်စစ်တပ်ကတော့ တနင်္လာနေ့အစောပိုင်းမှာ UAE ရှိ Al Menhad လေတပ်အခြေစိုက်စခန်းမှာ အမေရိကန်စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို ပစ်မှတ်ထားပြီး ဒရုန်းအများအပြားနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အီရန်သတင်းမီဒီယာတွေကနေတစ်ဆင့် ပြောဆိုခဲ့ပါတယ်။

အီရန်ရဲ့ ပြောဆိုချက်အရ အဆိုပါ တိုက်ခိုက်မှုဟာ အမေရိကန်တပ်ဖွဲ့တွေက အီရန်နိုင်ငံ Larak ကျွန်းကို တိုက်ခိုက်ခဲ့မှုအတွက် လက်တုံ့ပြန်တာဖြစ်ပြီး ဂျော်ဒန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့တွေ အသုံးပြုနေတဲ့ အခြေစိုက်စခန်းနှစ်ခုနဲ့ UAE ရှိ Al Menhad လေတပ်အခြေစိုက်စခန်းတို့ကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်အရာရှိတစ်ဦးကတော့ တနင်္ဂနွေနေ့မှာ အီရန်နိုင်ငံ Larak ကျွန်းအနီး အမေရိကန်တပ်ဖွဲ့တွေက အီရန်ဒုံးကျည်နှစ်စင်းကို ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

အခုလို အမေရိကန်နဲ့ အီရန်တို့ကြား တစ်ညလုံး အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လပေါင်းခြောက်လကျော်ကြာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ထပ်မံအားနည်းလာခဲ့ပါတယ်။

UAE သမ္မတအကြံပေး Anwar Mohammed Gargash ကတော့ အာရပ်ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ဂျော်ဒန်နိုင်ငံတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ မူဝါဒဟာ မအောင်မြင်ကြောင်း ပြသနေပြီဖြစ်ပြီး ပဋိပက္ခကို ဖြေရှင်းဖို့ နိုင်ငံရေးနည်းလမ်းကိုသာ ဦးစားပေးသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

01/09/2026

အမေရိကန် ကြည်းတပ်ဝန်ကြီး ဒန်နီရယ် ဒရစ်ကောလ် ရာထူးမှ နုတ်ထွက်

TNV/စက်တင်ဘာ ၁
နိုင်ငံတကာသတင်း၊အောင်ကြီး

အမေရိကန် ကြည်းတပ်ဝန်ကြီး ဒန်နီရယ် ဒရစ်ကောလ်ဟာ ကာကွယ်ရေးဝန်ကြီး ပိဟက်ဆတ်နဲ့ လပေါင်းများစွာ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ရာထူးကနေ နုတ်ထွက်သွားတယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

ဒရစ်ကောလ် ရာထူးကနေ နုတ်ထွက်တယ်ဆိုတဲ့ Wall Street Journal ရဲ့ သတင်းကို တနင်္လာနေ့မှာ အိမ်ဖြူတော်ကို မေးမြန်းခဲ့ပေမယ့် အိမ်ဖြူတော်ဘက်က ငြင်းဆိုခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

အိမ်ဖြူတော် ပြောခွင့်ရ အမျိုးသမီး အန်နာကယ်လီကတော့ ဒရစ်ကောလ်ဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်စစ်တပ်ကို ပြန်လည်အားကောင်းအောင် လုပ်ဆောင်မယ့် အစီအစဉ်ကို အကောင်အထည်ဖော်ရာမှာ ထိရောက်စွာ ကူညီပေးခဲ့သူဖြစ်တယ်လို့ ပြောပါတယ်။

ရုရှားနဲ့ ယူကရိန်းကြား စေ့စပ်ညှိနှိုင်းမှုတွေမှာ ပါဝင်ကူညီတာအပါအဝင် စစ်တပ်ဌာနအတွင်း အရေးကြီးတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပြီး သူ့ရဲ့ လုပ်ဆောင်မှုတွေကြောင့် အမေရိကန်စစ်တပ်ဟာ အရင်ကထက် ပိုမိုအားကောင်းလာတယ်လို့လည်း အန်နာကယ်လီက ပြောပါတယ်။

ဒရစ်ကောလ်ဟာ ဒုသမ္မတ JD Vance ရဲ့ ဥပဒေကျောင်း အတန်းဖော်ဟောင်းဖြစ်ပြီး ပိဟက်ဆတ် Hegseth လက်ထက်မှာ ပင်တဂွန်ကနေ ထွက်ခွာသွားတဲ့ နောက်ဆုံး အဆင့်မြင့်အရာရှိ ဖြစ်လာပါတယ်။

Hegseth လက်ထက်မှာ အမေရိကန်စစ်တပ်ရဲ့ အဆင့်မြင့် တာဝန်ရှိသူတွေ အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ ဧပြီလမှာ ကာကွယ်ရေးဦးစီးချုပ် Randy George ကို ရာထူးကနေ ဖယ်ရှားခဲ့သလို၊ ဥရောပနဲ့ အာဖရိကဒေသတွေမှာ တပ်မတော်တပ်ဖွဲ့တွေကို ဦးဆောင်တဲ့ ဗိုလ်ချုပ် Christopher Donahue ဟာလည်း ဇွန်လမှာ မမျှော်လင့်ဘဲ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

ဒါ့အပြင် ရေတပ်အကြီးအကဲအပါအဝင် အခြားအဆင့်မြင့် ဗိုလ်ချုပ်တွေနဲ့ ရေတပ်ဗိုလ်ချုပ်တွေကိုလည်း Hegseth က ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။ ရေတပ်ဝန်ကြီး John Phelan ဟာလည်း ဧပြီလမှာ ရာထူးကနေ နုတ်ထွက်ခဲ့ပြီး Trump ရဲ့ ဒုတိယသက်တမ်းအတွင်း ရာထူးကနေ ထွက်ခွာတဲ့ ပထမဆုံး အမေရိကန် စစ်ဘက်အကြီးအကဲ ဖြစ်လာခဲ့ပါတယ်။

Reuters ရဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ ဒရစ်ကောလ်ဟာ Trump အစိုးရရဲ့ စစ်တပ်ပြုပြင်ပြောင်းလဲရေးနဲ့ စစ်ရေးအဆင်သင့်ဖြစ်မှုဆိုင်ရာ မူဝါဒတွေအပြင် တာဝန်ရှိတဲ့ ဗိုလ်ချုပ်တွေကို ရာထူးကနေ ဖယ်ရှားနေတဲ့ Hegseth ရဲ့ လုပ်ရပ်တွေကို စိုးရိမ်မှုရှိခဲ့တယ်လို့ ပြောပါတယ်။

ဒရစ်ကောလ်ဟာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ကြည်းတပ်ဝန်ကြီးအဖြစ် အတည်ပြုခံခဲ့ရပြီး စစ်တပ်အတွက် စျေးသက်သာပြီး ခေတ်မီတဲ့ လက်နက်တွေကို ပိုမိုမြန်ဆန်စွာ ရရှိနိုင်အောင် တွန်းအားပေးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေကိုလည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတစ်ဦးကတော့ Hegseth ဟာ ဒရစ်ကောလ်ကို ပင်တဂွန်ရဲ့ ဗျူရိုကရေစီအတွင်း ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်ထားပြီး သူ့ကို ဖယ်ရှားဖို့ အချိန်အတော်ကြာကတည်းက ကြိုးပမ်းခဲ့တယ်
လို့ Reuters ကို ပြောထားပါတယ်။

ကိုးကား - Reuters/

Photos from The Nation Voice's post 01/09/2026

တောင်ငူတွင် ဆီဘောက်ဆာယာဉ်နှင့် တွဲကားတိုက်မိပြီး မီးလောင်၊ အနီးနားဘုန်းကြီးကျောင်းပါ မီးစွဲ

TNV/စက်တင်ဘာ ၁
အောင်ကြီး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ရွှေဘိုလေးကွေ့ ပေါ်တော်မူဘုရားအနီးမှာ ဒီနေ့ စက်တင်ဘာ ၁ ရက် မနက် ၆ နာရီဝန်းကျင်က ဆီဘောက်ဆာယာဉ်တစ်စီးနဲ့ တွဲကားတစ်စီး တိုက်မိပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ရန်ကုန်ကနေ မန္တလေးဘက်ကို မောင်းလာတဲ့ ဆီဘောက်ဆာယာဉ်နဲ့ မန္တလေးကနေ ရန်ကုန်ဘက်ကို မောင်းလာတဲ့ တွဲကားတို့ တိုက်မိပြီးနောက် ဆီဘောက်ဆာယာဉ် မီးလောင်ခဲ့တာလို့ သိရပါတယ်။

မီးလောင်မှုကနေ အနီးနားမှာရှိတဲ့ ဘုန်းကြီးကျောင်းကိုပါ မီးစွဲလောင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအဖွဲ့တွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မနက် ၇ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

လက်ရှိမှာ မီးလောင်မှုကြောင့် လူထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

31/08/2026

နတ်မောက်မှာ စစ်တပ်စစ်ကြောင်း
ပဒေသာမိုင်းထိလို့ ၁၀ ဦးထက်မနည်းသေဆုံးဖွယ်ရှိ

TNV / ဩဂုတ် ၃၁
ငြိမ်း(TNV)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသအခြေစိုက် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က ထုတ်ပြန်ထားပါတယ်။

အင်အား ၁၂၀ ခန့်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နတ်မောက်မြို့နယ်၊ လဲဘူးရွာနဲ့ လျှော်ချောင်းလေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး အဲဒီကနေ ဆက်လက်ထွက်ခွာလာစဉ် ဩဂုတ် ၃၁ ရက် မနက် ၇ နာရီဝန်းကျင်မှာ မိုင်းကွင်းအတွင်း ရောက်ရှိလာတာကြောင့် ပဒေသာမိုင်း ၄ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ စုံစမ်းသိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါအဖွဲ့က ပြောပါတယ်။

နတ်မောက်မြို့နယ် လဲဘူးရွာကို ၂၀၂၅ ခုနှစ် ဩဂုတ်လကုန်က စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ပါသေးတယ်။

လက်ရှိမှာစစ်ကြောင်းထိုးလာတာဖြစ်ပြီး
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို ထမ်းစင်တွေနဲ့ လျှော်ချောင်းလေးရွာဘက်ကို ပြန်လည်သယ်ဆောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ပုံနှင့်တကွဖော်ပြထားပါတယ်။

အဲဒီနောက် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို နွားလှည်း ၁၃ စီး၊ ထမ်းစင် ၅ ခု၊ လူချင်းထမ်းပိုးသယ်ဆောင်မှု ၂ ကြိမ်နဲ့ နတ်မောက်မြို့က လာကြိုတဲ့ ကား ၂ စီးနဲ့ သုံးဘီး ၁ စီးတို့ အသုံးပြုပြီး သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ဆင်ရေးကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပါဝင်တဲ့ ရဲဘော်တွေ အထိခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မိုင်းကွင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုနဲ့ ကျန်ရစ်ခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က ဆိုပါတယ်။

31/08/2026

ဆောမြို့နယ် သီးကုန်းရွာကို ဝင်ရောက်လာတဲ့ စစ်ကြောင်းက အရပ်သား ၂၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာ

TNV / ဩဂုတ် ၃၁
အောင်ကြီး

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ အင်အား ၁၂၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ဩဂုတ် ၃၀ ရက်မှာ သီးကုန်းကျေးရွာအတွင်းကို အရပ်သားပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်လာပြီး ဝင်ရောက်လာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က TNVကိုပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ သီးကုန်းရွာဘက်ကို စစ်ကြောင်းထိုးလာစဉ် လမ်းခရီးမှာ တွေ့ရှိတဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်လာခဲ့သလို ရွာအတွင်း ဝင်ရောက်ပြီးနောက် တွေ့ရှိတဲ့ အရပ်သားတွေကိုလည်း ဆက်လက်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

စစ်ကြောင်းဟာ မင်းလယ်ရွာဘက်ကနေ သီးကုန်းရွာအတွင်းကို တိတ်တဆိတ် ရုတ်တရက် ဝင်ရောက်လာတာဖြစ်ပြီး အရပ်သားပြည်သူ ၂၀ ကျော်ကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ဖမ်းဆီးထားတာလို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။

လက်ရှိမှာ အဆိုပါစစ်ကြောင်းဟာ သီးကုန်းရွာ မြောက်ဘက်အစွန်အနားရှိ လေထိုးကျွတ်ဖာဆိုင်မှာ တပ်သား ၁၅ ဦးခန့် ချထားပြီး ကျန်တပ်အင်အားကိုတော့ ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်နေရာတွေမှာ ဖြန့်ခွဲထားတယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ လောင်းရှည်လမ်းပိုင်းနဲ့ ဆိပ်ဖြူလမ်းပိုင်းတို့ ဆုံရာ သီးကုန်းရွာမှာ ရောက်ရှိနေတဲ့အတွက် ဘယ်ဘက်ကို ဆက်လက်ရွေ့လျားမလဲဆိုတာ လက်ရှိမှာ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါကြောင့် လောင်းရှည်နဲ့ ဆိပ်ဖြူလမ်းပိုင်းတစ်လျှောက် သွားလာနေတဲ့ ပြည်သူတွေအနေနဲ့ စစ်ကြောင်းအခြေအနေကို သတိပြုပြီး ကြိုတင်ရှောင်ရှားသွားလာကြဖို့ ဒေသတွင်းသတင်းရင်းမြစ်က သတိပေးထားပါတယ်။

ဓာတ်ပုံ - စစ်ကောင်စီတပ်သားများ (ပုံဟောင်း)

Address


Yangon

Alerts

Be the first to know and let us send you an email when The Nation Voice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.