Essentially Zin
Soft luxury, real vibes & everything We are a first startup consumer products online shop in Yangon, Myanmar.
ဘဝမှာ နေက အမြဲမသာဘူး။
လကလည်း အမြဲမပြည့်ဘူး။
ဒီနေ့ အဆင်ပြေနေတာက
မနက်ဖြန်လည်း အဆင်ပြေနေမယ်လို့
ဘယ်သူမှ အာမမခံနိုင်ဘူး။
ဒီနေ့ ကိုယ့်မှာရှိနေတဲ့အရာတွေကလည်း
တစ်သက်လုံး ကိုယ့်အနားမှာ ရှိနေမယ်လို့ မသေချာဘူး။
အလုပ်ကောင်းကောင်းရှိနေလို့၊
ဝင်ငွေကောင်းနေလို့၊
ဘဝအဆင်ပြေနေလို့…
“ငါတော့ အခုအဆင်ပြေပြီ” ဆိုပြီး
စိတ်ချလက်ချ နေလို့မရဘူးဆိုတာ
ဘဝက တစ်ချိန်ချိန်မှာ သင်ပေးတတ်တယ်။
ဘာလို့လဲဆိုတော့
အတက်ရှိရင် အကျရှိတယ်။
အမြတ်ရှိရင် အရှုံးရှိတယ်။
တွေ့ဆုံခြင်းရှိရင် ခွဲခွာခြင်းလည်း ရှိတယ်။
ဘဝဆိုတာ
ကိုယ်လိုချင်တဲ့အရာတွေချည်းပဲ ဖြစ်လာတဲ့နေရာ မဟုတ်ဘူး။
တစ်ခါတလေ
မမျှော်လင့်ထားတဲ့ မုန်တိုင်းတွေက
ဘဝထဲကို ခွင့်မတောင်းဘဲ ဝင်လာတတ်တယ်။
အဲဒီအချိန်မှာ
ကိုယ်ပြိုလဲမလား၊
ပြန်ရပ်တည်နိုင်မလားဆိုတာက…
မုန်တိုင်းလာတဲ့နေ့မှ စပြီး ပြင်ဆင်လို့မရဘူး။
နေသာတဲ့နေ့တွေမှာ
ကိုယ့်ဘဝကို ဘယ်လောက်ခိုင်မာအောင်
တည်ဆောက်ထားခဲ့လဲဆိုတာပဲ။
ပိုက်ဆံကောင်းကောင်းရနေတဲ့အချိန်
အကုန်မသုံးဘဲ နည်းနည်းတော့ သိမ်းထားပါ။
အလုပ်အဆင်ပြေနေတဲ့အချိန်
ဒီအလုပ်တစ်ခုတည်းကိုပဲ အားကိုးမနေဘဲ
ကိုယ့်ရဲ့ Skill တွေကို ဆက်တိုးတက်အောင် လုပ်ထားပါ။
ဘဝအေးချမ်းနေတဲ့အချိန်
“ဒီလိုပဲ အမြဲရှိနေမှာ” လို့ မထင်ဘဲ
အပြောင်းအလဲတွေကို လက်ခံနိုင်အောင်
စိတ်ကို လေ့ကျင့်ထားပါ။
ဘာလို့လဲဆိုတော့—
တစ်နေ့နေ့မှာ
ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတချို့ ပျောက်သွားနိုင်တယ်။
အလုပ်တစ်ခု ဆုံးရှုံးသွားနိုင်တယ်။
စီးပွားရေးတစ်ခု အဆင်မပြေဖြစ်နိုင်တယ်။
ကိုယ်အားကိုးထားတဲ့အရာတွေတောင်
ကိုယ့်ဘဝကနေ ပျောက်ကွယ်သွားနိုင်တယ်။
ဒါပေမယ့်…
ကိုယ့်မှာ Skill ရှိနေသေးရင်
ပြန်စလို့ရတယ်။
ကိုယ့်မှာ စိတ်ဓာတ်ရှိနေသေးရင်
ပြန်ရပ်တည်လို့ရတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေသေးရင်
အစကနေတောင် ပြန်တည်ဆောက်လို့ရတယ်။
ဘဝမှာ
အကောင်းဆုံးတွေချည်း ဖြစ်လာဖို့ မျှော်လင့်နေရုံနဲ့ မလုံလောက်ဘူး။
တစ်ခါတလေ…
“အဆင်မပြေတဲ့နေ့ရောက်လာရင် ငါဘာလုပ်မလဲ” ဆိုတာကိုလည်း
ကြိုပြီး စဉ်းစားထားရတယ်။
နေသာတဲ့နေ့မှာ
မိုးရွာတဲ့နေ့အတွက် ထီးတစ်ချောင်း ပြင်ထားပါ။
မုန်တိုင်းကို ကြောက်လို့ မဟုတ်ဘူး။
မုန်တိုင်းလာတဲ့နေ့မှာ
ကိုယ့်ဘဝကို မပျက်စီးသွားစေဖို့ပါ။ 🤍
စဉ်းစားစရာကောင်းတဲ့ မေးခွန်းတစ်ခု တွေ့လိုက်တယ်
“ဘာလို့ ပိုက်ဆံနည်းလေ၊ ပိုက်ဆံအသေးအမွှားကို အလေးမထားလေ ဖြစ်တာလဲ…” တဲ့
အစပိုင်းမှာ ဖတ်ရင်း
“ဟုတ်သားပဲ” လို့ တွေးမိတယ်
အိတ်ထဲမှာ ပိုက်ဆံနည်းနည်းပဲ ကျန်နေတဲ့အချိန်မှာတောင်
“ဒါလေးတော့ ဝယ်စားနိုင်သေးတယ်” ဆိုပြီး သုံးလိုက်တတ်ကြတယ်။
ဒါပေမယ့် ငွေနည်းနည်း စုမိလာတဲ့အချိန်ရောက်တော့
အရင်က မထင်ထားခဲ့တဲ့ ပိုက်ဆံအသေးအမွှားတွေကိုတောင် စတွက်တတ်လာကြတယ်။
ဘာလို့လဲ?
တစ်ခါတလေတော့
လက်ထဲမှာ ဘာမှမရှိဘူးလို့ ခံစားနေရတဲ့လူတစ်ယောက်အတွက်
အနာဂတ်ဆိုတာထက် ဒီနေ့ကို ဖြတ်သန်းဖို့က ပိုအရေးကြီးနေလို့ပါ။
“နောက်လမှာ ဘာဖြစ်မလဲ မသိဘူး။
အခုလက်ထဲမှာရှိတုန်း နည်းနည်းတော့ ပျော်လိုက်မယ်…”
ဆိုတဲ့စိတ်မျိုးနဲ့။
ဒါကြောင့် ပိုက်ဆံမစုနိုင်တဲ့သူတိုင်းကို
“ငွေကြေးအသိအမြင်မရှိလို့” လို့ပဲ အလွယ်တကူ မပြောချင်ဘူး။
တချို့က ဝင်ငွေနည်းလို့။
တချို့က ဘဝဖိအားများလို့။
တချို့ကတော့ ငွေကြေးကို စီမံခန့်ခွဲတတ်အောင် ဘယ်သူမှ မသင်ပေးခဲ့လို့ပါ။
ဒါပေမယ့်…
လစာများမှ စုမယ်ဆိုပြီး စောင့်နေရင်
စုဖို့အချိန်က ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး။
အရေးကြီးတာက
ပိုက်ဆံတစ်ပြားတောင် မသုံးဖို့ မဟုတ်ဘူး။
ကိုယ့်ပိုက်ဆံ ဘယ်ကိုရောက်သွားနေလဲဆိုတာ သိဖို့ပါ။
နေ့တိုင်း ဝယ်နေတဲ့ ကော်ဖီတစ်ခွက်၊
မသုံးဖြစ်တဲ့ Membership တစ်ခု၊
Discount ရှိလို့ ဝယ်လိုက်ပေမယ့် တကယ်မလိုတဲ့ အဝတ်အစားတစ်ထည်…
တစ်ခုချင်းစီကြည့်ရင် “ဒါလေးပဲ” လို့ ထင်ရတယ်။
ဒါပေမယ့်
“ဒါလေးပဲ” တွေ အများကြီးစုလာတဲ့အခါ
ကိုယ့်အနာဂတ်အတွက် ရှိသင့်တဲ့ ငွေတစ်ခု ဖြစ်သွားနိုင်တယ်။
တစ်ဖက်မှာလည်း ကိုယ့်ကိုယ်ကိုယ် အရမ်းကျပ်တည်းစေပြီး
ဘဝမှာ ဘာမှမပျော်ရတော့အောင် နေတာကလည်း
ငွေကြေးစီမံခန့်ခွဲမှုကောင်းတယ်လို့ မဆိုလိုဘူး။
ကော်ဖီသောက်ချင်ရင် သောက်ပါ။
ကိုယ်တကယ်ကြိုက်တဲ့အရာတွေမှာ ပိုက်ဆံသုံးပါ။
ဒါပေမယ့်
ကိုယ်ပျော်ဖို့ သုံးနေတာလား၊
ခဏတာ စိတ်ကြွမှုတစ်ခုကို ဖြည့်ဖို့ သုံးနေတာလားဆိုတာတော့
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်သင့်တယ်။
ပိုက်ဆံစုတာဆိုတာ
ကိုယ့်ဘဝကို ချို့တဲ့အောင် နေဖို့ မဟုတ်ဘူး။
မနက်ဖြန် အလုပ်မလုပ်ချင်တော့တဲ့နေ့ရောက်လာရင်
“မလုပ်လည်း ရတယ်” လို့ ရွေးချယ်နိုင်ဖို့။
မမျှော်လင့်ထားတဲ့ ပြဿနာတစ်ခု ရောက်လာတဲ့အခါ
သူများဆီ လက်ဖြန့်စရာမလိုအောင်။
ကိုယ်တကယ်လိုချင်တဲ့အခွင့်အရေးတစ်ခု ရောက်လာတဲ့အခါ
“ငွေမရှိလို့ မလုပ်နိုင်ဘူး” လို့ မပြောရအောင်။
အဲဒီအတွက် စုနေတာပါ။
ပိုက်ဆံစုတာဟာ ဘဏ်အကောင့်ထဲမှာ ငွေဂဏန်းတစ်ခု တိုးလာဖို့ပဲ မဟုတ်ဘူး။
ကိုယ့်ဘဝမှာ
“မဖြစ်မနေ ဒီလိုပဲနေရမယ်” ဆိုတဲ့ အခြေအနေကနေ—
“ငါ့မှာ ရွေးချယ်ခွင့်ရှိတယ်”
ဆိုတဲ့ အခြေအနေတစ်ခုကို
တဖြည်းဖြည်း တည်ဆောက်နေတာပါ။
ဒါကြောင့်…
မလိုအပ်ဘဲ တစ်ပြားတောင် မသုံးဖို့ မဟုတ်ဘူး။
ပိုက်ဆံရှိလို့ဆိုပြီး အကုန်သုံးပစ်ဖို့လည်း မဟုတ်ဘူး။
ဒီနေ့ကိုလည်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။
ဒါပေမယ့် မနက်ဖြန်က ကိုယ့်ကိုယ်ကိုယ်လည်း
နည်းနည်းတော့ လက်ဆောင်ပေးထားပါ။
တစ်လကို ဘယ်လောက်ပဲဖြစ်ဖြစ် စုပါ။
နည်းနည်းချင်းပဲဖြစ်ပါစေ။
ဘာလို့လဲဆိုတော့
ပိုက်ဆံစုနေတာဟာ
ပိုက်ဆံကိုပဲ စုနေတာမဟုတ်ဘူး
ကိုယ့်ဘဝရဲ့ ရွေးချယ်ခွင့်တွေကို
တစ်နေ့ပြီးတစ်နေ့ စုဆောင်းနေတာပါ
Essentially Zin 🤍
01/09/2026
ဘဝမှာ သူများတွေလို
သွားချင်တဲ့နေရာ သွားချင်တယ်၊
စားချင်တာ စားချင်တယ်၊
ဝယ်ချင်တာ ဝယ်ချင်တယ်ဆိုရင်
အလုပ်လုပ်ပါ။
ကံကောင်းလိုက်တာနော်
သူကတော့ သုံးနိုင်လိုက်တာ၊
သွားနိုင်လိုက်တာ၊
ဝယ်နိုင်လိုက်တာ
လို့ မြင်ရတဲ့အရာတိုင်းက
ကံကောင်းလို့ ရလာတာချည်းပဲ မဟုတ်ဘူး။
သူများမမြင်တဲ့နေရာမှာ
အချိန်တွေ ပေးခဲ့ရတယ်၊
ပင်ပန်းခဲ့ရတယ်၊
စိတ်ဖိစီးမှုတွေ ခံခဲ့ရတယ်၊
ကိုယ်လိုချင်တဲ့ဘဝအတွက်
ကိုယ်တိုင် အလုပ်လုပ်ခဲ့ရတယ်။
ချမ်းသာတဲ့မိဘအိမ်မှာ မွေးလာတာက
ကံကောင်းခြင်းတစ်ခု ဖြစ်နိုင်တယ်။
ဒါပေမယ့် ကိုယ့်ဘဝကို ကိုယ်ပိုင်နိုင်ဖို့၊
ကိုယ်လိုချင်တာကို ကိုယ်ဆုံးဖြတ်နိုင်ဖို့ကတော့
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်မှပါ။
ကိုယ်ရှာတဲ့ဝင်ငွေကသာ
ကိုယ်တကယ်ပိုင်တဲ့ ပိုက်ဆံ။
တခြားသူပေးလို့ သုံးရတဲ့ပိုက်ဆံနဲ့
ကိုယ်ရှာလို့ စိတ်ကြိုက်သုံးရတဲ့ပိုက်ဆံက
ခံစားချက်ချင်း မတူဘူး။
ကိုယ်ရှာတဲ့ပိုက်ဆံဆိုတာ
ဘယ်လောက်ပဲနည်းနေပါစေ—
ကိုယ်လိုချင်တဲ့အရာတစ်ခုကို ဝယ်တဲ့အချိန်
“ဒါ ငါရှာထားတာ” လို့ ပြောနိုင်တဲ့အရသာရှိတယ်။
အသဲကွဲနေလား အလုပ်လုပ်ပါ။
ပျင်းနေလား အလုပ်လုပ်ပါ။
စိတ်ညစ်နေလား အလုပ်လုပ်ပါ။
ပျော်နေလားအလုပ်လုပ်ပါ။
ဘာဖြစ်ဖြစ်…
ကိုယ့်ဘဝကို ပိုကောင်းလာစေမယ့်အလုပ်တစ်ခုခုတော့ လုပ်ပါ။
ဒါပေမယ့်
ကိုယ်ရှာတဲ့ပိုက်ဆံက
သူတစ်ပါးရဲ့ မျက်ရည်၊
ချွေးနဲ့ အခက်အခဲပေါ်မှာ တည်ဆောက်ထားတဲ့
အပူစာတော့ မဖြစ်စေနဲ့။
ကိုယ်တိုင် ကြိုးစားရှာထားတဲ့ပိုက်ဆံကို
စိတ်သန့်သန့်နဲ့
ကိုယ်ကြိုက်တဲ့အရာမှာ ကိုယ်လိုသလို သုံးနိုင်တာ…
အဲ့ဒီခံစားချက်က
ဘဝမှာ ရတဲ့ ပျော်ရွှင်မှုတွေထဲက
တစ်ခုလို့တော့ ကျွန်မ ယုံတယ်။
ကိုယ့်ဘဝကို ကိုယ်ရွေးချယ်ချင်ရင်
ကိုယ့်ဝင်ငွေကို ကိုယ်ရှာနိုင်အောင် ကြိုးစားပါ။
Essentially Zin
တစ်ခါတလေ တစ်ယောက်ယောက်က
ကိုယ့်ကို နားလည်မှုလွဲတဲ့အခါ
ကိုယ့်ဘက်က ချက်ချင်းရှင်းပြချင်လာတတ်တယ်။
အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ်
“၁၀ စက္ကန့်လောက် စောင့်လိုက်” လို့ သတိပေးဖြစ်တယ်။
၁၀စက္ကန့် ကြာတဲ့နောက်...
တချို့ကိစ္စက ကိုယ်ရှင်းပြဖို့ တကယ်ထိုက်တန်ရဲ့လား။
တစ်ဖက်လူက ကိုယ့်ရှင်းပြရလောက်အောင် အရေးပါနေသူလား ဆိုတဲ့ အသိဝင်လာတယ်။
တစ်ခါတလေ မရှင်းပြတာကလည်း
ကိုယ့်စိတ်ငြိမ်းချမ်းမှုကို ကာကွယ်ပေးတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။
#နိုင်းနိုင်းစနေ
နာမည်မှာ ရင်းနှီးမြှုပ်နှံပါ
လူတစ်ယောက်ရဲ့ ဘဝမှာ
ငွေထက် အရေးကြီးတဲ့အရာတွေ ရှိတယ်
အဲဒီထဲမှာ
ကိုယ့်နာမည်က တစ်ခုအပါအဝင်ပဲ
ကိုယ်ဘယ်လောက်တော်တယ်
ဘယ်လောက်ချမ်းသာတယ်ဆိုတာထက်
“ဒီလူက ယုံလို့ရတယ်”
“ဒီလူက စကားတည်တယ်”
“ဒီလူက တာဝန်ယူတတ်တယ်”
“ဒီလူနဲ့ အလုပ်လုပ်ရတာ စိတ်ချရတယ်”
ဆိုတဲ့ Reputation တစ်ခုရဖို့က
အချိန်ယူရတယ်
ပြီးတော့ အဲဒီနာမည်က
တစ်ရက်တည်းနဲ့ မတည်ဆောက်နိုင်ဘူး
နေ့တိုင်း ကိုယ်ပြောတဲ့စကားတွေ
ကိုယ်ပေးထားတဲ့ကတိတွေ
ကိုယ်လုပ်တဲ့အလုပ်တွေ
လူတွေအပေါ် ဆက်ဆံပုံတွေကနေ
တဖြည်းဖြည်း တည်ဆောက်လာတာ
ဒါကြောင့်
ငွေရှာဖို့ပဲ မကြိုးစားပါနဲ့
ကိုယ့်နာမည်ကောင်းဖို့လည်း ကြိုးစားပါ
အခွင့်အရေးတစ်ခုရတဲ့အခါ
“ဒီလူနဲ့ လုပ်လို့ရတယ်” ဆိုပြီး
ကိုယ့်နာမည်ကို အရင်ဆုံး သတိရလာအောင်
နေပါ
တစ်ခါတလေ
ကိုယ့်မှာ ဘာမှမရှိသေးတဲ့အချိန်မှာတောင်
ကိုယ့်ရဲ့ နာမည်ကောင်းတစ်ခု က
အခွင့်အရေးတွေကို ကိုယ့်ဆီ ပြန်ခေါ်လာပေးနိုင်တယ်
ဒါကြောင့်
ငွေမရှိသေးရင် ငွေရှာပါ
အခွင့်အရေးမရှိသေးရင် အရည်အချင်းတည်ဆောက်ပါ
ဒါပေမယ့် ဘယ်အခြေအနေမှာမဆို
ကိုယ့်နာမည်ကိုတော့ မပျက်စေနဲ့
ဘာလို့လဲဆိုတော့
ငွေကို ပြန်ရှာလို့ရတယ်
နာမည်ပျက်သွားရင်တော့
ပြန်တည်ဆောက်ဖို့ အချိန်အများကြီးပေးရတတ်လို့ပါ
ပိုက်ဆံမရှိလို့ မပျော်တာလား… မပျော်လို့ ပိုက်ဆံကို အများကြီးလိုချင်လာတာလား?
တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ်
ဒီမေးခွန်းလေး ပြန်မေးကြည့်ဖူးလား။
“ပိုက်ဆံပိုရှိရင် ငါ ပိုပျော်မှာလား…”
အများစုကတော့
ဟုတ်တာပေါ့။ ပိုက်ဆံရှိရင် ပြဿနာတွေ အများကြီး ဖြေရှင်းလို့ရတယ်လို့ ပြောကြမှာပဲ။
အမှန်လည်း အမှန်ပဲ။
ပိုက်ဆံရှိရင်
လိုအပ်တာတွေကို ပိုလွယ်လွယ်ဝယ်နိုင်တယ်။
အရေးပေါ်အခြေအနေတွေကို ပိုလွယ်လွယ်ဖြေရှင်းနိုင်တယ်။
ကိုယ်မကြိုက်တဲ့အခြေအနေတွေကနေ ရွေးချယ်ထွက်ခွာနိုင်တဲ့ Freedom လည်း ပိုရှိလာတယ်။
ဒါပေမဲ့…
ပိုက်ဆံရှိတာနဲ့ စိတ်ချမ်းသာတာက တစ်ခုတည်းတော့ မဟုတ်ဘူး။
တစ်ခါတလေ ကိုယ်လိုချင်နေတဲ့ ပိုက်ဆံက
တကယ်တော့ ပစ္စည်းတွေဝယ်ဖို့ မဟုတ်ဘူး။
စိတ်အေးချမ်းဖို့ လိုချင်နေတာ။
အလုပ်ကနေ ထွက်ချင်လို့ ပိုက်ဆံလိုချင်တာ။
မကြိုက်တဲ့လူတွေနဲ့ မဆက်ဆံချင်တော့လို့ ပိုက်ဆံလိုချင်တာ။
ကိုယ့်ဘဝကို ကိုယ်ရွေးချယ်နိုင်ချင်လို့ ပိုက်ဆံလိုချင်တာ။
အမြဲတမ်း မလောက်ဘူး ဆိုတဲ့ စိုးရိမ်စိတ်နဲ့ မနေချင်တော့လို့ ပိုက်ဆံလိုချင်တာ။
အဲ့ဒီအခါမှာ
ကိုယ်လိုချင်နေတာက ပိုက်ဆံမဟုတ်ဘူး။
ပိုက်ဆံကနေ ရမယ်လို့ထင်ထားတဲ့ ခံစားချက်တစ်ခုပါ။
ဒါကြောင့် တချို့လူတွေက
ပိုက်ဆံပိုရလာလေလေ
လိုချင်တာက ပိုများလာတတ်တယ်။
ဘာလို့လဲဆိုတော့
ပြဿနာက ပိုက်ဆံနည်းတာတစ်ခုတည်း မဟုတ်တော့လို့ပဲ။
ကိုယ့်အတွင်းမှာ မပြည့်သေးတဲ့အရာကို
ပိုက်ဆံနဲ့ ဖြည့်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်။
ဒီလိုပြောလို့ ပိုက်ဆံမလိုဘူးလို့ ဆိုတာမဟုတ်ဘူး။
ပိုက်ဆံက ဘဝအတွက် အရေးကြီးတယ်။
အထူးသဖြင့် လက်တွေ့ဘဝမှာ Financial Security ရှိတာက စိတ်အေးချမ်းမှုအတွက် အများကြီးအထောက်အကူပြုတယ်။
ဒါပေမဲ့ ပိုက်ဆံက ကိုယ့်ဘဝကို ပိုကောင်းအောင် ကူညီပေးနိုင်တယ်။
ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်ကိုတော့ ကိုယ်စားထိုးပေးလို့ မရဘူး။
တစ်လ သိန်း ၂၀ ရရင် ပျော်မယ်ထင်တယ်။
ရလာတော့ သိန်း ၃၀ လိုလာတယ်။
သိန်း ၃၀ ရလာတော့ သိန်း ၅၀ လိုလာတယ်။
အဲ့ဒီလိုနဲ့
ဘယ်လောက်ရရင် လုံလောက်ပြီလဲဆိုတာကို မသတ်မှတ်ထားရင်
ပိုက်ဆံရှာနေရင်းနဲ့ ဘဝတစ်ခုလုံးကို ဖြတ်သန်းသွားနိုင်တယ်။
တကယ်တော့ ကျွန်မတို့ရှာနေတာက
ပိုက်ဆံအများကြီးမဟုတ်ဘဲ
ပိုက်ဆံကြောင့် ရချင်တဲ့ဘဝမျိုး ဖြစ်နိုင်တယ်။
အဲ့ဒါကြောင့်
ပိုက်ဆံရှာပါ။
ပိုက်ဆံတိုးအောင်လုပ်ပါ။
ဒါပေမဲ့ တစ်ခါတည်း
ကိုယ့်ကိုယ်ကိုယ်လည်း မေးကြည့်ပါ
ငါ ပိုက်ဆံလိုချင်တာ
ပိုကောင်းတဲ့ဘဝတစ်ခုတည်ဆောက်ဖို့လား၊
လက်ရှိဘဝကနေ ထွက်ပြေးဖို့လား?
အဖြေကွာသွားရင်
ကိုယ်သွားမယ့်လမ်းလည်း ကွာသွားပါလိမ့်မယ်။ 🌿
ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ဆိုတာ စိတ်ဓာတ်တစ်ခုတည်းနဲ့ မလုံလောက်ဘူးလို့ထင်တယ်
တစ်ခါတလေ ကိုယ်က ငါ စည်းကမ်းမရှိဘူး ငါအရမ်းပျင်းတယ်ငါ ကိုယ့်စိတ်ကို မထိန်းနိုင်ဘူး
ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတတ်တယ်
ဒါပေမဲ့ တကယ်တမ်း ပြန်ကြည့်ရင်
ပြဿနာက ကိုယ့်စိတ်ဓာတ်မှာပဲ ရှိနေတာ မဟုတ်ဘူး
ကိုယ်နေထိုင်နေတဲ့ ပတ်ဝန်းကျင်ကလည်း ကိုယ့်အပြုအမူကို သက်ရောက်နေတယ်
ဥပမာ
-စာဖတ်ချင်တယ်ဆိုပေမဲ့စာအုပ်က အံဆွဲထဲမှာထားပြီး
ဖုန်းက ကိုယ့်ဘေးမှာရှိနေတယ်ဆိုရင်စာအုပ်ထက် ဖုန်းကို အရင်ကိုင်မိဖို့က မဆန်းဘူး
ဒါဆို ငါ စာမဖတ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မယ့်အစားစာအုပ်ကို အိပ်ရာဘေးမှာထားကြည့်ဖတ်ရတာ တစ်ဆင့်လွယ်သွားမယ်
-မနက်စောစောထချင်တယ်ဆိုပြီး Alarm ပိတ်ပြီး ပြန်အိပ်မိတတ်တယ်ဆိုရင်ဖုန်းကို ခေါင်းအုံးဘေးမှာမထားဘဲ
ထပြီးသွားယူရမယ့်နေရာမှာ ထားကြည့်
-ပိုက်ဆံစုချင်တယ်ဆိုရင်လည်း
လကုန်မှ ဒီလ ဘာလို့ငွေမကျန်တာလဲလို့ စဉ်းစားတာထက်
လစာရတဲ့နေ့မှာ စုမယ့်ငွေကို အရင်ဖယ်ထားလိုက်တာ ပိုလွယ်တယ်
အဲ့ဒါတွေက ကိုယ့်စိတ်ဓာတ် ရုတ်တရက်ခိုင်မာလာလို့ မဟုတ်ဘူး
ကိုယ်လုပ်ချင်တဲ့အရာကို လုပ်ရလွယ်အောင်
ပတ်ဝန်းကျင်ကို ကိုယ့်ဘက်က ပြင်ဆင်ထားတာ
တစ်ဖက်မှာလည်းမလုပ်ချင်တဲ့အရာကို နည်းနည်းခက်အောင်လုပ်ထားလို့ရတယ်
ဖုန်းသုံးတာလျှော့ချင်ရင် App Notification ပိတ်ထားတာ၊
Shopping လျှော့ချင်ရင် Shopping App တွေကို မျက်စိရှေ့က ဖယ်ထားတာ
ညနောက်ကျအိပ်တာ လျှော့ချင်ရင် အိပ်ရာဝင်ချိန်မှာ ဖုန်းမကိုင်ဖို့ စည်းကမ်းလေးထားတာမျိုးပေါ့။
အဓိကက ကောင်းတဲ့အကျင့်ကို လုပ်ရတာ လွယ်အောင်လုပ်မကောင်းတဲ့အကျင့်ကို လုပ်ရတာ နည်းနည်းခက်အောင်လုပ်
ဒါဆို ကိုယ့်စိတ်နဲ့ နေ့တိုင်း တိုက်ပွဲဝင်နေရတာ နည်းလာမယ်
တကယ်တော့ ကိုယ့်ဘဝကို ပြောင်းလဲဖို့ဆိုတာ
နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် အနိုင်ယူနေရတာ မဟုတ်ဘူး
ကိုယ့်အတွက် မှန်ကန်တဲ့ရွေးချယ်မှုကို
ရွေးရလွယ်တဲ့ဘဝတစ်ခု တည်ဆောက်ထားတာပါ
တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ပြောင်းဖို့ထက်
ကိုယ့်ပတ်ဝန်းကျင်ကို နည်းနည်းပြောင်းလိုက်တာက ပိုလွယ်တယ်
ကိုယ်တိုင်မကြုံဖူးရင် သူများဒုက္ခက သေးသေးလေးပဲ ထင်တတ်တယ်
အရင်က ရုံးကကားနဲ့ အသွားအပြန်လုပ်ရတုန်းက YBS တွေကြပ်လိုက်တာ၊ လမ်းတွေပိတ်တာမြင်ရင်
ဒီလောက်တော့ ဒုက္ခခံရမှာပေါ့ ဆိုပြီး တွေးမိတယ်
အဲ့ဒီအချိန်တုန်းက ကိုယ်က အဲ့ဒီဒုက္ခရဲ့ အပြင်ဘက်မှာ ရှိနေတာကိုး
အခု ကိုယ်တိုင် YBS စီးရတဲ့အခါမှ “အော်… ဒီလိုကိုး” 🥲
မိုးရွာတဲ့နေ့ဆို ပိုသိသာတယ်
ကားတစ်စီးလာရင် တက်ချင်တိုင်းတက်လို့မရဘူး
တက်ရပြန်တော့လည်း အလုပ်ချိန်မမှီမှာစိုးလို့ အလုအယက်တက်ရတယ်
တစ်စီးလွတ်သွားရင် နောက်တစ်စီး ဘယ်လောက်စောင့်ရမလဲ မသိဘူး
ကားပေါ်ရောက်ပြန်တော့လည်း နေရာကြပ်တယ်မိုးရေစိုထားတဲ့အဝတ်တွေနဲ့ တစ်နေ့တာအလုပ်ကို စရတော့တယ်
တစ်ခါတလေ အလုပ်မစခင်ကတည်းက အားကကုန်နေပြီ 🫠
အရင်ကတော့ ကားကြပ်တာပဲလေ လို့ ထင်ခဲ့တာ
အခုမှ သိလာတယ်လူတစ်ယောက်ရဲ့ ဒုက္ခကို ကိုယ်က အပြင်ကနေကြည့်နေရုံနဲ့ အပြည့်အဝ နားလည်ဖို့ မလွယ်ဘူး
ကိုယ်တိုင် အဲ့ဒီနေရာမှာ ရပ်ဖူးမှ သူဘာကြောင့် စိတ်ပျက်နေတာလဲ၊ ဘာကြောင့် အလောတကြီးဖြစ်နေတာလဲ၊ ဘာကြောင့် တစ်ခါတလေ မပြုံးနိုင်တာလဲဆိုတာ နည်းနည်းချင်း နားလည်လာတယ်
အရင်က ကိုယ်ပြောခဲ့ဖူးတဲ့စကားတွေကို ပြန်သတိရမိတော့ နည်းနည်းတော့ ရှက်မိတယ်😅
အခု YBS တစ်စီးကြပ်နေတာမြင်ရင် ဘာလို့ ဒီလောက်များနေတာလဲ ဆိုတာထက်
ဒီထဲမှာလည်း ဒီနေ့အလုပ်မနောက်ကျဖို့ မနက်စောစောကတည်းက ထွက်လာတဲ့လူတွေ ရှိမှာပဲ လို့ တွေးမိတယ်
တစ်ခါတလေ ကိုယ်ချင်းစာတတ်ဖို့ စာအုပ်တွေဖတ်ဖို့ မလိုဘူး
ဘဝက ကိုယ်တိုင် သင်ခန်းစာပေးလိုက်ရုံနဲ့ လုံလောက်တယ်
ဒီနေ့ ကိုယ်အလွယ်တကူ ဝေဖန်မိနေတဲ့လူတစ်ယောက်ရဲ့နေရာမှာ တစ်နေ့ ကိုယ်တိုင် ရောက်သွားနိုင်တယ်
အဲ့ဒါကြောင့် နားမလည်သေးတဲ့အရာတိုင်းကို အမြန်မဆုံးဖြတ်မမိဖို့ပဲ လိုတယ်🤍
09/08/2026
Soft Life ဆိုတာ အလုပ်မလုပ်ဘဲ နေတာ မဟုတ်ဘူး.
အခုနောက်ပိုင်း Social Media မှာ Soft Life ဆိုတဲ့စကားကို မကြာခဏတွေ့လာရတယ်
* အလုပ်မလုပ်ချင်တော့ဘူး
* Stress မခံချင်တော့ဘူး
* ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မယ်
* အေးအေးဆေးဆေးပဲ နေမယ်
တချို့အတွက်တော့ Soft Life ဆိုတာ ဘာမှမလုပ်ဘဲ သက်တောင့်သက်သာနေတဲ့ဘဝ လို့ အဓိပ္ပာယ်ရနေတယ် တကယ်တော့ အဲ့ဒါက Soft Life ရဲ့ အဓိပ္ပာယ်အပြည့်အစုံတော့ မဟုတ်ဘူး
Soft Life ဆိုတာ ဘဝမှာ ပြဿနာမရှိတဲ့အခြေအနေကို ရှာတာမဟုတ်ဘူး ကိုယ့်ဘဝကို ကိုယ်တိုင် မလိုအပ်ဘဲ ခက်ခဲအောင် မလုပ်တော့တာမျိုး
ပိုက်ဆံပိုရဖို့ဆိုပြီး ကိုယ်မခံနိုင်တဲ့အလုပ်ကို အချိန်ပြည့်လုပ်ပြီး ကိုယ့်ကျန်းမာရေး၊ ကိုယ့်အချိန်၊ ကိုယ့်လူတွေကို ပေးဆပ်နေရတာမျိုးကို မလိုချင်တော့တာ လူတိုင်းကို ကျေနပ်အောင် လိုက်လုပ်ပေးရင်း ကိုယ့်စိတ်ကိုပဲ အမြဲနောက်ဆုံးထားတာမျိုးကို ရပ်လိုက်တာ
မလိုအပ်တဲ့ Drama တွေ
မလိုအပ်တဲ့ Competition တွေ
မလိုအပ်တဲ့ Comparison တွေကနေ ကိုယ့်ကိုယ်ကိုယ် ပြန်ဆွဲထုတ်လာတာ
ဒါကြောင့် Soft Life ဆိုတာ ပျင်းရိတဲ့ဘဝ မဟုတ်ဘူး
တစ်ခါတလေ ကိုယ့်ဘဝကို ပိုကောင်းအောင်လုပ်ဖို့ ပိုကြိုးစားတာထက် မလိုအပ်တဲ့အရာတွေကို လျှော့ချဖို့က ပိုအရေးကြီးတယ်
* အိမ်ကြီးရချင်လို့ အလုပ်လုပ်ရင်း အဲ့ဒီအိမ်မှာ နေဖို့အချိန်မရှိတော့ရင်လည်း အဓိပ္ပာယ်မရှိဘူး
* ပိုက်ဆံများချင်လို့ ကြိုးစားရင်း ပိုက်ဆံနဲ့ ပြန်ဝယ်လို့မရတဲ့ ကိုယ့်အချိန်တွေကို ကုန်ဆုံးသွားရင်လည်း စဉ်းစားစရာပါပဲ
Soft Life ဆိုတာ မကြိုးစားတော့ဘူး ဆိုတာမဟုတ်ဘူး ဘာအတွက် ကြိုးစားနေတာလဲ ဆိုတာကို သိလာတာ
အောင်မြင်မှုကို လိုချင်သေးတယ်
ပိုက်ဆံလည်း ရှာချင်သေးတယ်
ကိုယ့်ဘဝလည်း တိုးတက်ချင်သေးတယ်
ဒါပေမဲ့ အဲ့ဒါတွေရဖို့အတွက် ကိုယ့်ဘဝတစ်ခုလုံးကို ပေးဆပ်စရာမလိုတော့ဘူးလို့ နားလည်လာတာ
နောက်ဆုံးတော့
Soft Life ဆိုတာ ဘဝကို အလွယ်ရွေးတာမဟုတ်ဘူး ကိုယ့်အတွက် တကယ်အရေးကြီးတဲ့အရာတွေနဲ့ မအရေးကြီးတဲ့အရာတွေကို ခွဲခြားတတ်လာတာပါ
အေးချမ်းတဲ့ဘဝဆိုတာ ပြဿနာမရှိတဲ့ဘဝမဟုတ်ဘူး ကိုယ့်ဘဝကို ကိုယ်တိုင် မလိုအပ်ဘဲ ပိုမိုခက်ခဲအောင် မလုပ်တော့တဲ့ဘဝပါ
07/08/2026
တစ်ခါတလေ ဘဝက Formula တွေ မလိုဘူး ကိုယ့်စိတ်ကို နားလည်ဖို့ပဲ လိုတယ်
အခုခေတ်မှာ…ဒီလိုတွေးပါ…Manifest လုပ်ပါ…ဒီမနက်ခင်း Routine လုပ်ပါ…ဒီလိုနေမှ အောင်မြင်မယ်
ဆိုတဲ့ အကြံပေးစာတွေ အများကြီး တွေ့ရတတ်ပါတယ်။
ဒါတွေက မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခါတလေ Formula အသစ်တွေကို လိုက်ရှာရင်း ကိုယ့်စိတ်ကို ပြန်ကြည့်ဖို့ မေ့သွားတတ်ကြတယ်။
တကယ်တော့ လူအများစု ရှာနေတာက အောင်မြင်မှုတစ်ခုတည်း မဟုတ်ပါဘူး။ စိတ်အေးချမ်းမှု၊ စိတ်ပေါ့ပါးမှုနဲ့ ဒီနေ့ကို အဆင်ပြေပြေ ဖြတ်သန်းနိုင်တဲ့ ခံစားချက်မျိုးပါ။
အဲဒီအရာတွေကို အနာဂတ်ရောက်မှ ရမယ့် ဆုလာဘ်တစ်ခုလို့ ထင်နေတတ်ကြတယ်။
ဒီလစာရရင်…ဒီအလုပ်ရရင်…ဒီလူကို ရရင်…ဒီအိမ်ဝယ်နိုင်ရင်…အဲဒီအခါမှ ပျော်မယ်လို့ တွေးကြတယ်။
ဒါပေမယ့် ပျော်ရွှင်မှုဆိုတာ တစ်နေရာရာမှာ စောင့်နေတာ မဟုတ်ပါဘူး။ ကိုယ်ဘယ်လို စိတ်အခြေအနေနဲ့ ဒီနေ့ကို ရင်ဆိုင်နေသလဲဆိုတာက ပိုအရေးကြီးပါတယ်။
အနာဂတ်ကို ပြောင်းချင်ရင် တစ်ခါတလေ Plan အသစ်ထက် State of Mind အသစ် က ပိုလိုအပ်တယ်။ ဘာလို့လဲဆိုတော့ တူညီတဲ့ နေရာတစ်ခုမှာတောင် စိတ်အခြေအနေ ပြောင်းသွားတဲ့သူက ဘဝကို မြင်တဲ့ပုံစံပါ ပြောင်းသွားတတ်လို့ပါ။
တစ်ခါတလေ ဘဝကို ပြောင်းဖို့ ဘဝတစ်ခုလုံး ပြောင်းစရာ မလိုပါဘူး။ ကိုယ့်စိတ်ကို ကြည့်တဲ့ မျက်လုံးလေး ပြောင်းလိုက်ရုံနဲ့ လုံလောက်သွားတဲ့ နေ့တွေလည်း ရှိပါတယ်။
🌿
Contact the business
Telephone
Website
Address
No . 28 , Daw Thein Tin Road , Mingalar Taung Nyunt Township
Yangon
11091