Mind Diary

Mind Diary

Share

စိတ်ကျန်းမာရေးအတွက် ဆေးပေးကုသခြင်း၊ ဆွေးနွေးအဖြေရှာခြင်း နှင့် စိတ်ကုထုံးများအတွက် ဆက်သွယ်နိုင်ပါတယ် 🌱

12/04/2026

သင်္ကြန်ရေလိုပဲ
စိတ်ထဲက အလေးတွေကို သန့်ရှင်းစေပြီး
အသစ်တစ်ဖန် ပြန်လည်စတင်နိုင်မယ့် နှစ်သစ်ဖြစ်ပါစေလို့
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 🌼

Mind Diary Team 🌿

16/02/2026

🩵Be kind and Compassionate (မိမိကိုယ်ကိုယ် ကြင်နာမှုနှင့် ဂရုဏာထားခြင်း)
ဆိုတာဟာ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ အစွမ်းထက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

❓ဘာကြောင့် လုပ်ဖို့လိုအပ်တာလဲ?

ကျွန်မတို့ ခန္ဓာကိုယ်ဟာ စိတ်ဖိစီးမှု (Stress) နဲ့ ကြင်နာမှု (Kindness) အပေါ်မှာ လုံးဝဆန့်ကျင်ဘက်ပုံစံနဲ့ တုံ့ပြန်ပါတယ်။
🔸စိတ်ဖိစီးမှု များလာတဲ့အခါ နှလုံးခုန်မြန်လာခြင်း၊ သွေးတိုးလာခြင်း၊ အစာခြေစနစ် ချို့ယွင်းခြင်းနဲ့ ကာလကြာရှည် စိတ်ဖိစီးမှုခံစားနေရင်တော့ ကိုယ်ခံအားစနစ် အားနည်းလာတာကြောင့် အအေးမိတာနဲ့ တခြား ရောင်ရမ်းမှုဝေဒနာတွေ ဖြစ်လွယ်စေပါတယ်။

💁🏻‍♀️ကြင်နာမှု (Kindness) ကတော့ အဲဒီဆိုးကျိုးတွေကို အောက်ပါအတိုင်း သက်သာစေပါတယ် -

🌱 ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများ: မိမိကိုယ်ကိုယ် ကြင်နာခြင်းက သွေးဖိအားကို လျော့ကျစေပြီး နှလုံးခုန်နှုန်းကို နှေးစေပါတယ်။ အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေသလို ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးတာကြောင့် အအေးမိတာနဲ့ တခြား ကိုယ်ခန္ဓာရောင်ရမ်းမှုတွေ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

🌱 စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများ: မိမိကိုယ်ကိုယ် ကြင်နာခြင်းက တခြားသူတွေအပေါ်လည်း ပိုမိုနားလည်ကူညီပေးနိုင်တဲ့အပြင် ကိုယ်တိုင် စိတ်သောကရောက်စရာ ဖြစ်ရပ်တွေ ကြုံတွေ့ပြီးနောက်မှာ မြန်မြန်ဆန်ဆန် ပြန်လည်နာလန်ထူလာဖို့ (Recover) ကူညီပေးပါတယ်။

🌱 မိမိကိုယ်ကိုယ် ဂရုစိုက်ရန်: များသောအားဖြင့် ကျွန်ုပ်တို့ဟာ စိတ်ဖိစီးမှု များနေတဲ့အခါ တခြားသူတွေကို ကြင်နာဖို့ထက် မိမိကိုယ်ကိုယ် ကြင်နာဖို့ ပိုပြီး ခက်ခဲနေတတ်ကြပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုယ် ပြန်လည်နွေးထွေးစေဖို့ ဒီလေ့ကျင့်ခန်းကို လုပ်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။

✍🏻ဘယ်လိုလုပ်ဆောင်ရမလဲ?
မိမိကိုယ်ကိုယ် ကြင်နာမှုနှင့် ဂရုဏာတရားတွေကို လက်ခံနိုင်လာစေဖို့ အောက်ပါ မေးခွန်း (၃) ခုကို အသုံးပြုပြီး လေ့ကျင့်နိုင်ပါတယ် -

🩵1. ကြင်နာတဲ့ လုပ်ရပ်: "ဒီနေ့မှာ ငါ ဘယ်လို ကြင်နာတဲ့ လုပ်ရပ်မျိုးကို စိတ်အားထက်သန်စွာနဲ့ လုပ်ဆောင်နိုင်မလဲ?" ဆိုတာကို စဉ်းစားပါ။

🩵2. ကိုယ့်ကိုယ်ကိုယ် အားပေးစကားပြောခြင်း: "အကယ်၍ သင်ဟာ သင့်ဘဝရဲ့ အတိတ်က အချိန်တစ်ခုခုဆီကို ဖုန်းဆက်လို့ရမယ်ဆိုရင် ဘယ်အချိန်ကို ရွေးမလဲ? အဲဒီအချိန်က သင့်ကိုယ်သင် ဘယ်လိုမျိုး ကြင်နာဂရုဏာရှိတဲ့ စကားလုံးတွေနဲ့ အားပေးစကား ပြောမလဲ" ဆိုတာကို စိတ်ကူးကြည့်ပါ။

🩵3. အောင်မြင်မှုများကို အသိအမှတ်ပြုခြင်း: "သင့်ရဲ့ အောင်မြင်မှုတွေနဲ့ လုပ်ဆောင်နိုင်ခဲ့တာတွေ (Achievements and successes) ကို ဘယ်လိုမျိုး ပြန်လည်အသိအမှတ်ပြု ချီးကျူးမလဲ" ဆိုတာကို စဉ်းစားလေ့ကျင့်ပါ။

ဒီလေ့ကျင့်ခန်းတွေက မိမိရဲ့ အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်း (Inner resilience) ကို မြှင့်တင်ဖို့အတွက် အလွန်ရိုးရှင်းပြီး ထိရောက်တဲ့ လေ့ကျင့်ခန်း များ ဖြစ်ကြပါတယ်။

🌱ဒါကြောင့် Mind Diary က contentလေး ဖတ်ပြီးရင်တော့ မိမိကိုယ်မိမိ ကြင်နာတက်ဖို့ လေ့ကျင့်ခန်း လုပ်ကြပြီး၊ ကိုယ်ချစ်ရတဲ့ သူတွေကိုလည်း နည်းလမ်းလေးတွေမျှဝေပေးဖို့ မမေ့ပါနဲ့ ဦးနော် ။

Ref: IFRC / The well-being guide

🌱𝑴𝒊𝒏𝒅 𝑫𝒊𝒂𝒓𝒚🌱
𝑴𝒆𝒏𝒕𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉 𝑪𝒍𝒊𝒏𝒊𝒄
📌𝑯𝒂𝒗𝒆 𝒒𝒖𝒆𝒔𝒕𝒊𝒐𝒏𝒔 𝒂𝒃𝒐𝒖𝒕 𝑴𝒊𝒏𝒅 𝑫𝒊𝒂𝒓𝒚’𝒔 𝒔𝒆𝒓𝒗𝒊𝒄𝒆𝒔
☎️𝑫𝑴 𝒖𝒔 𝒇𝒐𝒓 𝒎𝒐𝒓𝒆 𝒊𝒏𝒇𝒐𝒓𝒎𝒂𝒕𝒊𝒐𝒏—𝒘𝒆’𝒓𝒆 𝒉𝒆𝒓𝒆 𝒕𝒐 𝒉𝒆𝒍𝒑🌱

#စိတ်ဖိစီးမှု

13/02/2026

👩🏻‍⚕️Anxiety disorder (စိုးရိမ်စိတ်လွန်ကဲတဲ့ ရောဂါ) အတွက် စိတ်ကုထုံးအပြင် ဆေးဝါးကုသမှု ခံယူနေသူတွေအနေနဲ့ ဆေးရဲ့ အာနိသင်ကို အပြည့်အဝရရှိဖို့နဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကျော်လွှားနိုင်ဖို့ ဒီအချက်တွေကို ပြောပြပေးသွားပါမယ်။

🔸၁။ ဆေးအာနိသင်က ချက်ချင်းမပြတတ်ပါဘူး (𝐏𝐚𝐭𝐢𝐞𝐧𝐜𝐞 𝐢𝐬 𝐊𝐞𝐲)

Anxiety အတွက် အဓိကသုံးတဲ့ SSRIs နဲ့ SNRIs လို ဆေးဝါးတွေဟာ ပုံမှန်အကိုက်အခဲပျောက်ဆေးတွေလို သောက်သောက်ချင်း သက်သာတာမျိုး မဟုတ်ပါဘူး။ ဆေးအာနိသင် စတင်ပြဖို့အတွက် ၂ ပတ်ကနေ ၄ ပတ် ခန့် ကြာတတ်ပြီး အပြည့်အဝ သက်သာဖို့ဆိုရင် ၁၂ ပတ် (၃ လ) ဝန်းကျင်အထိ စောင့်ရတတ်ပါတယ် ။ ဒါကြောင့် ဆေးသောက်ပြီး ချက်ချင်းမသက်သာလို့ဆိုပြီး စိတ်မပျက်ဘဲ ပုံမှန်ဆက်သောက်ဖို့ လိုပါတယ်။

🔸၂။ ဆေးစသောက်စမှာ စိုးရိမ်စိတ် ပိုများလာနိုင်တယ် (𝐈𝐧𝐢𝐭𝐢𝐚𝐥 𝐉𝐢𝐭𝐭𝐞𝐫𝐢𝐧𝐞𝐬𝐬)

ဒါဟာ လူတော်တော်များများ ကြောက်လန့်သွားတတ်တဲ့ အချက်ပါ။ Anxiety ဆေးတွေ စသောက်တဲ့ ပထမအပတ်မှာ စိတ်ထဲပိုပြီး ဂနာမငြိမ်ဖြစ်တာ၊ တုန်လှုပ်တာ (Jitteriness Syndrome) တွေ ခေတ္တဖြစ်ပွားနိုင်ပါတယ် ။ ဒါဟာ ဆေးကြောင့်ဖြစ်တဲ့ ယာယီအခြေအနေသာဖြစ်ပြီး ရက်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်သွားမှာ ဖြစ်ပါတယ် ။

🔸၃။ ဆေးကို ကိုယ့်သဘောနဲ့ကိုယ် ရုတ်တရက်မရပ်ပါနဲ့ (𝐃𝐨𝐧'𝐭 𝐒𝐭𝐨𝐩 𝐀𝐛𝐫𝐮𝐩𝐭𝐥𝐲)

ဒါဟာ အရေးကြီးဆုံးအချက်ပါ။ ဆေးသောက်လို့ နေကောင်းသွားပြီဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် ဆေးရပ်လိုက်ရင် ဆေးဖြတ်လက္ခဏာ (Withdrawal Symptoms) တွေဖြစ်တဲ့ ခေါင်းမူးတာ၊ ပျို့အန်တာ၊ စိုးရိမ်စိတ် ပြန်တက်လာတာနဲ့ လျှပ်စစ်နဲ့ ရှော့တိုက်သလို ခံစားရတာ (𝐁𝐫𝐚𝐢𝐧 𝐙𝐚𝐩𝐬) တွေ ဖြစ်တတ်ပါတယ် ။ ဆေးရပ်ချင်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးပမာဏကို တဖြည်းဖြည်းချင်း လျှော့ချ (Tapering) ကပိုပြီးဘေးကင်းမှာဖြစ်ပါတယ် ။

🔸၄။ ဘေးထွက်ဆိုးကျိုးတွေကို နားလည်ထားပါ

ဆေးသောက်စမှာ ပျို့အန်ချင်တာ၊ ခေါင်းကိုက်တာ၊ အိပ်ငိုက်တာ ဒါမှမဟုတ် အိပ်မပျော်တာ၊ အစားအသောက်ပျက်တာတွေ ကြုံရနိုင်ပါတယ် ။ ဒီလက္ခဏာတွေဟာ အချိန်ကြာလာတာနဲ့အမျှ များသောအားဖြင့် သက်သာသွားလေ့ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက် အင်မတန် အခက်အခဲဖြစ်စေတဲ့ လက္ခဏာတွေရှိလာရင် (ဥပမာ- လိင်ပိုင်းဆိုင်ရာ အားနည်းလာတာမျိုး ) ဆရာဝန်ကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပါရှင်။

🔸၅။ အရက်နဲ့ တွဲမသောက်ပါနဲ့ (𝐀𝐯𝐨𝐢𝐝 𝐀𝐥𝐜𝐨𝐡𝐨𝐥)

Anxiety ဆေးသောက်နေစဉ်မှာ အရက်သောက်တာက ဆေးရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ အိပ်ငိုက်တာကို ပိုဆိုးစေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုနှေးကွေးစေပါတယ် ။ ဒါ့အပြင် အရက်ဟာ ရေရှည်မှာ စိုးရိမ်စိတ်ကို ပိုမိုဆိုးရွားစေနိုင်တဲ့အတွက် အထူးရှောင်ကြဉ်သင့်ပါတယ်။

🔸၆။ မိသားစုနဲ့ ပတ်ဝန်းကျင်ကို အကူအညီတောင်းပါ

Anxiety ဆေးသောက်နေချိန်မှာ စိတ်အပြောင်းအလဲဖြစ်တာ၊ အထူးသဖြင့် အသက် ၃၀ အောက် လူငယ်တွေမှာ ကိုယ့်ကိုယ်ကိုယ် ထိခိုက်လိုတဲ့ အတွေးတွေ ပေါ်လာနိုင်တဲ့အတွက် မိမိခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့နဲ့ ဆရာဝန်နဲ့ ပုံမှန် Follow-up ပြသဖို့ အင်မတန် အရေးကြီးပါတယ်ရှင်။

🌿စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ ဆွေးနွေးကုသမှုလိုရင်လည်း 𝑴𝒊𝒏𝒅 𝑫𝒊𝒂𝒓𝒚 က အသင့်ရှိနေပါတယ်ရှင့်။

🌱𝑴𝒊𝒏𝒅 𝑫𝒊𝒂𝒓𝒚🌱
𝑴𝒆𝒏𝒕𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉 𝑪𝒍𝒊𝒏𝒊𝒄
📌𝑯𝒂𝒗𝒆 𝒒𝒖𝒆𝒔𝒕𝒊𝒐𝒏𝒔 𝒂𝒃𝒐𝒖𝒕 𝑴𝒊𝒏𝒅 𝑫𝒊𝒂𝒓𝒚’𝒔 𝒔𝒆𝒓𝒗𝒊𝒄𝒆𝒔
☎️𝑫𝑴 𝒖𝒔 𝒇𝒐𝒓 𝒎𝒐𝒓𝒆 𝒊𝒏𝒇𝒐𝒓𝒎𝒂𝒕𝒊𝒐𝒏—𝒘𝒆’𝒓𝒆 𝒉𝒆𝒓𝒆 𝒕𝒐 𝒉𝒆𝒍𝒑🌱

#စိုးရိမ်စိတ်လွန်ကဲတဲ့ရောဂါ

22/01/2026

👩🏻‍⚕️ စိတ်ကျရောဂါဆေးသောက်နေချိန်မှာ ဘာတွေသိထားသင့်လဲ?

🌿Depression လို့ခေါ်တဲ့ စိတ်ကျရောဂါကို ကုသရာမှာ အသုံးပြုတဲ့ (Antidepressant) ဆေးဝါးတွေဟာ ဦးနှောက်ဓာတုပစ္စည်းတွေ (Serotonin, Norepinephrine, Dopamine) ကို ပြန်လည်မျှတအောင် ကူညီပေးပါတယ်
ဒီဆေးဝါးများနဲ့ ကုသခြင်းမှာတော့ ဆေး သောက်ပုံသောက်နည်းက လည်း အရေးကြီးပါတယ်။ ဒီတခေါက်မှာတော့ ဆေးသောက်သုံးနေရတဲ့ သူများအတွက် ဂရုစိုက်ရမယ့်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

1. နေ့တိုင်း ဖြစ်နိုင်ရင် တစ်ချိန်တည်းမှာ ပုံမှန်သောက်ပါ။
ဆေးကို​ပုံမှန်သောက်တာက သွေးထဲမှာ ဆေးပမာဏကို အတက်အကျမရှိဘဲ တည်ငြိမ်စေပါတယ်။
ဥပမာ: Sertraline , Escitalopram တို့လို ဆေးတွေက ရက်သတ္တပတ် အတော်ကြာကြာ ပုံမှန်သောက်မှသာ ဆေးအာနိသင်ပြတာပါ။
အချို့သော ဆေးအမျိုးအစား ( Paroxetin , Venlafaxine ) တွေက တစ်ရက် မသောက်မိတာနဲ့ စိတ်ကျရောဂါ လက္ခဏာများ ပြန်ခံစားရတာမျိုး ဒါမှမဟုတ် ဆေးပြတ်သလို လက္ခဏာမျိုးတွေ ခံစားရနိုင်ပါတယ်။
2. ဆေးအာနိသင် ရဖို့ အတွက် စိတ်ရှည်ပါ။
စိတ်ကျရောဂါဆေးအများစုက သိသာတဲ့ တိုးတက်မှုရဖို့ ၂ ပတ်ကနေ ၆ ပတ် လောက် အချိန်ယူရတက်ပါတယ်။
အစပိုင်းမှာ ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးလေးတွေ (ပျို့တာ၊ ခေါင်းနည်းနည်းကိုက်တာ) က ပထမအပတ်ပြီးရင် ပျောက်သွားလေ့ရှိတယ်။
အကောင်းဆုံး ရလဒ်အတွက် ဆေးသောက်တာအပြင် စိတ်ကုထုံး (ဥပမာ- Cognitive Behavioral Therapy) ပါ တွဲလုပ်နိုင်ရင် ပိုအဆင်ပြေပါတယ်။
3.ဆရာဝန်နဲ့ ပုံမှန် ပြန်တွေ့ဖို့ မမေ့ပါနဲ့
ဆရာဝန်နဲ့ ပုံမှန် (၂ ပတ်ကနေ ၄ ပတ်အတွင်း) ပြန်ပြတာက ဆေးပမာဏ ချိန်ညှိဖို့နဲ့၊ ဘေးထွက်ဆိုးကျိုးတွေ ထိန်းချုပ်နိုင်ရဲ့လားဆိုတာ သိရအောင်ပဲဖြစ်ပါတယ်။
ကိုယ့်သဘောနဲ့ကိုယ် ဆေးကို လျှော့တာ၊ တိုးတာ၊ ရပ်တာတွေ ဘယ်တော့မှ မလုပ်ပါနဲ့ — ဆေးညွှန်းပေးတဲ့ ဆရာဝန်ကို အမြဲတိုင်ပင်ဖို့လိုအပ်ပါတယ်။
4. မသက်မသာဖြစ်တာ၊ ဒါမှမဟုတ် စိတ်ခံစားမှုပြောင်းလဲတာရှိရင် တိုင်ပင်ပါ
အပျော့စား ဘေးထွက်ဆိုးကျိုးများ - ပါးစပ်ခြောက်တာ၊ မူးတာ၊ အနည်းငယ်ပျို့တာ၊ အိပ်မပျော်တာ၊ စိတ်ဂနာမငြိမ်ဖြစ်တာ
ရှားပေမယ့် ဆိုးတဲ့လက္ခဏာများ - ကိုယ့်ကိုယ်ကို သ တ်​ေ သ ချင်စိတ်ဝင်တာ ( အမြဲမဟုတ်ပေမဲ့ ဆေးစသောက်သောက် ချင်း အပတ်တွေမှာ ဒီလိုအတွေးတွေ ဝင်လာတက်ပါတယ်)၊ ဒိီလိုစိတ်မျိုးတွေဖြစ်ပေါ်လာတယ် ဆိုရင်တော့ ချက်ချင်း ဆရာဝန်နဲ့ ဆက်သွယ်တာ၊ Su***de prevention Hotline များကို ဆက်သွယ်တာတွေ လုပ်ဖို့ လိုပါတယ်။
5. ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ကြိုးစားပြီးနေထိုင်ကြည့်ပါ။
အချိန်မှန်အိပ်တာ၊ အစာ အာဟာရ မျှတအောင်စားတာနဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်တာတွေက စိတ်အခြေအနေကို ပိုကောင်းမွန်စေပါတယ်။
ကော်ဖီ/လက်ဖက်ရည် (ကဖင်း)၊ ဆေးလိပ် (နီကိုတင်း) ဒါမှမဟုတ် အရက်တွေကို အလွန်အကျွံ မသောက်မိစေပါနဲ့ ။
6. ဆေးသောက်ရင်း စိတ်ခံစားမှု အခြေအနေကောင်းသွားပြီ ဆိုရင်တောင် သတ်မှတ်ထားတဲ့အတိုင်း ဆေးကို ဆက်သောက်ပါ
မိမိနေလို့အဆင်ပြေပြီဆိုပြီး သတ်မှတ်ထားတဲ့ ကာလအတိုင်း မသောက်ပဲ မိမိသဘောနဲ့ ဆေးရပ်လိုက်ရင် ရောဂါ လက္ခဏာတွေ ပြန်ခံစားရလာနိုင်ပါတယ်။
7. ဆရာဝန်နှင့် တိုင်ပင်ခြင်းမရှိဘဲ သမားရိုးကျ တိုင်းရင်းဆေးများ၊ ဆေးဖက်ဝင်အပင်တွေ မသောက်ပါနဲ့
St. John’s Wort လို အချို့ဆေးဖက်ဝင်အပင်တွေက စိတ်ကျရောဂါဆေးနဲ့ တွဲသောက်ရင် Serotonin ဓာတ်ကို အန္တရာယ် ဖြစ်လောက်အောင် များလာစေနိုင်ပါတယ် — ဒါကို Serotonin Syndrome လို့ ခေါ်ပါတယ်။
ဘာအားဆေး၊ ဘာအပင်ထွက်ဆေး သောက်နေတယ်ဆိုတာ ဆရာဝန်ကို အမြဲပြောပြပါ။
8. လူမှုရေး အမြင်ကြောင့် ဆေးမရပ်လိုက်ပါနဲ့
စိတ်ကျရောဂါဆေးသောက်တယ်ဆိုတာ စိတ်ဓာတ်ပျော့ညံ့တာ၊အားနည်းတာ မဟုတ်ဘူး — ဆေးဘက်ဆိုင်ရာ ရောဂါတစ်ခုကို ပညာရှင်အကူအညီနဲ့ ကုသနေတာပါ။
စိတ်ကျရောဂါဆိုတာ ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းချက် မဟုတ်ဘဲ ဦးနှောက်ဓာတုနဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုပါ။

💬 ဒါတွေဖြစ်ရင် မိမိကုသနေတဲ့ဆရာဝန်ကို ချက်ချင်းဆက်သွယ်ပါ
ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်ချင်တဲ့ စိတ်အတွေးတွေ ဖြစ်ပေါ်လာရင်
အရမ်းကြီး ဂဏာမငြိမ်တာ၊ စိတ်ပူပန်မှုလွန်ကဲတာ
အဖုအပိန့်ထွက်တာ၊ ရောင်ရမ်းတာ၊ အသက်ရှူရခက်တာ (ဓာတ်မတည့်ခြင်း)
အကြောင်းမသိဘဲ ဖျားတာ၊ စိတ်ရှုပ်ထွေးတာ ၊ဂဏာမငြိမ်သလိုဖြစ်လာရင်တော့ ချက်ချင်းပြန်ပြသင့်ပါတယ်။
🩵 စိတ်ကျရောဂါမှာ ဆေးကုသမှု ခံယူခြင်းဟာ ပြန်လည်ကောင်းမွန်ဖို့အတွက် ပထမဆုံး ခြေလှမ်းပဲဖြစ်ပါတယ်။
ဆေးကုသမှု ခံယူနေစဥ်မှာ ဆေးပုံမှန်သောက်ဖို့၊ ဆရာဝန်နဲ့ ပုံမှန်ပြဖို့ Mind Diary မှ အတူတူရှိနေပြီး သတိပေးလိုက်ပါတယ်။

🌱𝑴𝒊𝒏𝒅 𝑫𝒊𝒂𝒓𝒚🌱
𝑴𝒆𝒏𝒕𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉 𝑪𝒍𝒊𝒏𝒊𝒄
📌𝑯𝒂𝒗𝒆 𝒒𝒖𝒆𝒔𝒕𝒊𝒐𝒏𝒔 𝒂𝒃𝒐𝒖𝒕 𝑴𝒊𝒏𝒅 𝑫𝒊𝒂𝒓𝒚’𝒔 𝒔𝒆𝒓𝒗𝒊𝒄𝒆𝒔
☎️𝑫𝑴 𝒖𝒔 𝒇𝒐𝒓 𝒎𝒐𝒓𝒆 𝒊𝒏𝒇𝒐𝒓𝒎𝒂𝒕𝒊𝒐𝒏—𝒘𝒆’𝒓𝒆 𝒉𝒆𝒓𝒆 𝒕𝒐 𝒉𝒆𝒍𝒑🌱

#စိတ်ကျရောဂါ

29/11/2025

💭“တခြားသူတွေ ငါ့ကိုဘယ်လိုထင်ကြမလဲ” ဆိုတဲ့အကြောက်တရား

💁🏻‍♀️“တခြားသူတွေရဲ့ ကိုယ့်အပေါ်ဘယ်လိုထင်မြင်ကြမလဲ” ဆိုတဲ့အကြောက်တရားက လူတွေဆီကနေ ကိုယ့်အပေါ်မှာ မကောင်းမြင်ခံရမှာကို ကြောက်တဲ့စိတ်၊ လူဝင်မဆံ့မှာကြောက်တဲ့စိတ်၊ လူတွေဆီက ဝေဖန်ပြစ်တင်ခံရမှာကြောက်တဲ့စိတ်၊ လူတွေက ကိုယ့်ကိုမခေါ်ချင်မပေါင်းချင်ဘဲ ငြင်းပယ်ပစ်ထားကြမှာ ကြောက်တဲ့စိတ်တွေ ပေါင်းစပ်ပါဝင်နေတာပဲဖြစ်ပါတယ်။

🧠“Fear of Judgement” လို့ ခေါ်တဲ့ တခြားသူတွေရဲ့ ကိုယ့်အပေါ်မကောင်းမြင်မှာကြောက်တဲ့စိတ်ဟာ

🔺 (၁) အသက်ရှင်သန်လိုခြင်းနဲ့ဆက်စပ်တဲ့ ဗီဇစိတ်နဲ့ ဆက်စပ်နေပါတယ်။ တို့လူသားတွေအနေနဲ့ ကျောက်ခတ်ကတည်းကစလို့ အခုချိန်ထိ ဖြတ်သန်းလာခဲ့တဲ့ ခေတ်အဆက်ဆက်မှာ ကိုယ်တစ်ယောက်တည်းက အုပ်စုနဲ့ကွဲနေတယ်ဆိုရင် ကျားဆွဲနိုင်ချေပိုများတာ၊ အစာရေစာပြတ်လပ်ပြီး သေဆုံးနိုင်ချေပိုများတာ၊ ရွာကနေ နှင်ထုတ်နိုင်ချေပိုများတာ၊ အုပ်စုနဲ့မတည့်ရင် ခုံပြုတ်နိုင်ချေပိုများတာစတဲ့ အန္တရာယ်တွေကို ခေတ်အဆက်ဆက်ကြုံခဲ့ရတာကြောင့် လူသားတွေက အုပ်စုထဲမှာ ဝင်ဆံ့လိုတဲ့ ဗီဇစိတ်ပါကြပါတယ်။ အဲ့တော့ တကယ်လို့ လူတွေက ကိုယ့်ကိုသဘောမကျတာ၊ မကောင်းမြင်တာ များတယ်ဆိုရင် ကိုယ့်ရဲ့ Survival ကို လာထိခိုက်နိုင်တာကြောင့် တို့တွေက “တခြားသူတွေ ငါ့အပေါ် ဘယ်လိုထင်ကြမလဲ” ဆိုတဲ့အကြောက်တရားရှိကြတာဖြစ်ပါတယ်။


🔺 (၂) ဖြတ်သန်းလာခဲ့တဲ့ကိုယ့်ဘဝအတွေ့အကြုံတွေကလည်း “လူတွေက ငါ့ကိုဘယ်လိုထင်ကြမလဲ”ဆိုတဲ့အကြောက်တရား ပိုများစေတာလည်းဖြစ်နိုင်ပါတယ်။ ဉပမာ - ကိုယ်က ငယ်ငယ်တုန်းက အတန်းဖော်တွေဆီက နာမည်ပြောင်ခေါ်ဝေါ်ခံရပြီး အမြဲလက်ညှိုးထိုးနောက်ပြောင်ခံရတာ၊ ဆရာမဆီကနေ တစ်တန်းလုံးရှေ့မှာ အရှက်ခွဲခံရတာ၊ ကိုယ့်မိဘက ဆွေမျိုးတွေရှေ့မှာ ကိုယ့်ကိုချိုးနှိမ်ပြီးပြောဆိုတာစတဲ့ မကောင်းတဲ့အတွေ့အကြုံတွေ ကြုံခဲ့ရတာမျိုးကလည်း “လူတွေက ငါ့ကိုဘယ်လိုထင်ကြမလဲ” ဆိုတဲ့ ကြောက်စိတ်ကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

💭စိတ်ပညာရှုထောင့်ကနေကြည့်ရင်တော့ “လူတွေ ငါ့ကိုဘယ်လိုထင်ကြမလဲ” ဆိုတဲ့ ကြောက်စိတ်က “Social Anxiety” လို့ခေါ်တဲ့ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာစိုးရိမ်စိတ်နဲ့ ပြန်လည်ချိတ်ဆက်နေတာဖြစ်ပါတယ်။ လူတိုင်းကတော့ လူ့အဖွဲ့အစည်းမှာအသက်ရှင်ဝင်ဆံ့လိုစိတ်ကြောင့် အနည်းနဲ့အများဆိုသလို တခြားသူ ကိုယ့်ကို ဘယ်လိုထင်မလဲဆိုတာ စိုးရိမ်တတ်ကြပေမယ့် အဲ့ဒါက ကိုယ့်ဘဝမှာ ကိုယ်လုပ်ချင်တာတွေ မလုပ်ရဲတဲ့အထိဖြစ်လာတာ၊ ကိုယ့်အသံနဲ့ ကိုယ့်ဆန္ဒကို ထုတ်ပြောဖို့မတတ်နိုင်တာ၊ ကိုယ့်ဘဝမှာ ကိုယ်ချရမယ့်ဆုံးဖြတ်ချက်တွေကိုတောင်မှ လူအများအကြိုက်နောက်ကိုလိုက်ပြီးတော့ချတာတွေ ဖြစ်လာပြီဆိုရင်တော့ ဒါက ကိုယ့်ကိုဆိုးကျိုးပေးထိခိုက်စေတဲ့အခြေအနေအထိ ရောက်လာပြီဖြစ်ပါတယ်။

💁🏻‍♀️တကယ်လို့ ကိုယ်က “Fear of Judgement” ကို ကြုံတွေ့ခံစားနေရတဲ့သူတစ်ယောက်ဆိုရင်
ဒီအချက်ကလေးတွေက အထောက်အကူပြုနိုင်ပါတယ်။

🌿ကိုယ့်ရဲ့အဲ့ကြောက်စိတ်လွှမ်းတဲ့အတွေးတွေကို ပိုငြိမ်သက်ပြီးကျိုးကြောင်းကျတဲ့အတွေးနဲ့ ပေးတွေ့ဆုံပြီး စစ်ထုတ်မေးမြန်းကြည့်ပါ။ ကိုယ့်ရဲ့ကြောက်စိတ်လွှမ်းတဲ့အတွေးကနေ “နင့်ကို သူတို့က ဒီလိုထင်နေတာ၊ မြင်နေတာ” ဆိုတဲ့အသံတွေနဲ့ ကိုယ့်ကိုပြောဆိုနေပြီဆိုရင် ကိုယ့်ရဲ့ပိုငြိမ်သက်ပြီး ကြင်ကြင်နာနာတွေးခေါ်တတ်တဲ့အသံတစ်ခုကို ကိုယ်က ပြန်ဆွဲထုတ်လိုက်ပြီး ကိုယ့်ကိုယ်ကို ညှင်ညှင်သာသာ ပြန်အားပေးတာမျိုး ကြိုးစားကြည့်ပါ။ စစချင်းမှာတော့ အသံနှစ်ခုအားပြိုင်တာ၊ သူများဘယ်လိုထင်မလဲကြောက်တဲ့စိတ်ကပဲ လွှမ်းမိုးသွားတာမျိုးဖြစ်နိုင်ပေမယ့် အလေ့အကျင့်များလာတဲ့အခါ ကိုယ့်ရဲ့ပိုကြင်နာငြိမ်သက်တဲ့အသံက ကိုယ့်ခေါင်းထဲမှာ အရေအတွက် ပိုများလာတာမျိုးဖြစ်နိုင်ပါတယ်။

🌿တကယ်ဆို ကိုယ်က တခြားသူတွေ ဘယ်လိုထင်မလဲဆိုတာကို ဘယ်လောက်များ လိုက်ထိန်းချုပ်လို့ရမှာမို့လဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးပါ။ သေချာလေး ပြန်သုံးသပ်ကြည့်တယ်ဆို တခြားသူတစ်ယောက်ရဲ့ဦးနှောက်ထဲမှာ တွေးနေတဲ့၊ မြင်နေတဲ့အရာတွေကို ကျွန်မတို့မှာ လိုက်ပြီးကန့်သတ်ပြုပြင်ထိန်းချုပ်နိုင်စွမ်းမရှိပါဘူး။ ကျွန်မတို့တတ်နိုင်တာက ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံးကြိုးစားလုပ်ဆောင်ပြီး၊ အမှားတွေလုပ်မိရင်လည်း ကိုယ့်ကိုယ်ကိုယ် သိပ်မကြမ်းတမ်းဖို့ သတိလေးစိုက်ပြီး၊ သူများရဲ့အမြင်တွေကို ကြောက်စိတ်ဝင်လာရင်လည်း ကိုယ့်ခေါင်းထဲက ကိုယ့်ကိုယ်ကိုယ်ပြောနေတဲ့အသံက ကြင်နာမှုပါနေဖို့ပဲ တာဝန်ယူလုပ်ဆောင်နိုင်တာဖြစ်ပါတယ်။

💁🏻‍♀️ဒီအချက်ကလေးတွေနဲ့ ကိုယ်ကြိုးစားတယ်ဆိုပေမယ့် “Fear of Judgement” က နေ့ချင်းညချင်းမပျောက်သလို၊ “Social Anxiety” ကလည်း “ရွှိ”ဆို ပျောက်သွားတတ်တဲ့ အမျိုးမဟုတ်တာကြောင့် ကြိုးစားနေစဉ်မှာ ကိုယ့်ကိုယ်ကိုယ် စိတ်ရှည်ပေးပြီး၊ ကိုယ့်တစ်ယောက်တည်းနဲ့ ကြိုးစားရတာ ခက်ခဲလာရင် ပရော်ဖက်ရှင်နယ်အကူအညီ ယူကြည့်ဖို့လည်း တိုက်တွန်းပါရစေ။

🌱𝑴𝒊𝒏𝒅 𝑫𝒊𝒂𝒓𝒚🌱
𝑴𝒆𝒏𝒕𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉 𝑪𝒍𝒊𝒏𝒊𝒄
📌𝑯𝒂𝒗𝒆 𝒒𝒖𝒆𝒔𝒕𝒊𝒐𝒏𝒔 𝒂𝒃𝒐𝒖𝒕 𝑴𝒊𝒏𝒅 𝑫𝒊𝒂𝒓𝒚’𝒔 𝒔𝒆𝒓𝒗𝒊𝒄𝒆𝒔
☎️𝑫𝑴 𝒖𝒔 𝒇𝒐𝒓 𝒎𝒐𝒓𝒆 𝒊𝒏𝒇𝒐𝒓𝒎𝒂𝒕𝒊𝒐𝒏—𝒘𝒆’𝒓𝒆 𝒉𝒆𝒓𝒆 𝒕𝒐 𝒉𝒆𝒍𝒑🌱

11/10/2025

Counselor တွေ counseling ယူတာ ထူးဆန်းသလား 🤔

💬Counselor တွေ သူတို့ကိုယ်တိုင် ကောင်ဆယ်လင်းယူနေတယ် ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ကုထုံး (Therapy) ခံယူနေတယ်လို့ ကြားရရင် လူအများစုက နည်းနည်းတော့ အံ့ဩသွားတတ်ကြပါတယ်။ "သူများတွေကို ကူညီပေးနေတဲ့သူတွေမှာ ကိုယ်တိုင် ဘာပြဿနာမှ မရှိသင့်ဘူး မဟုတ်လား" လို့ တွေးမိတာမျိုးလည်းရှိနိုင်ပါတယ်။
💁🏻‍♀️ရိုးရိုးပဲ သတိချပ်စဥ်းစားကြည့်ရင် ကုထုံးပညာရှင်တွေဟာလည်း စိတ်ဖိစီးမှုနဲ့ ခက်ခဲတဲ့ စိတ်ခံစားမှုတွေကို ကြုံတွေ့ခံစားရတဲ့ လူသားတွေပါပဲ။ ကုထုံးခံယူတာဟာ အားနည်းချက် မဟုတ်ဘဲ ခွန်အား၊ ကိုယ့်ကိုယ်ကိုယ် သိရှိနားလည်မှုနဲ့ ပရော်ဖက်ရှင်နယ်ပီသမှုရဲ့ လက္ခဏာ ဖြစ်ပါတယ်။
ဆရာဝန်တွေ medical check-ups လုပ်သလိုပါပဲ၊ ကုထုံးပညာရှင်တွေလည်း သူတို့ရဲ့ အတွင်းစိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ လုံခြုံတဲ့ နေရာတစ်ခု လိုအပ်ပါတယ်။ ကျွမ်းကျင်တဲ့ ကုထုံးပညာရှင် အများစုက ကိုယ်ပိုင်ကုထုံးကို ရွေးချယ်ကြတဲ့ အကြောင်းရင်းတွေကတော့
● ကိုယ့်ကိုယ်ကိုယ် ပိုသိဖို့ (Self-Awareness): ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ၊ မသိစိတ်က ဘက်လိုက်မှုတွေကို ပြန်ကြည့်ပြီး client နဲ့တွေ့ဆုံချိန်မှာ မလိုအပ်တဲ့ ကိုယ်ပိုင်ကိစ္စတွေ လွှမ်းမိုးမသွားအောင် ကာကွယ်ဖို့။
● ပိုကောင်းအောင် သင်ယူဖို့ (Skill Improvement): ကိုယ်တိုင် ကုထုံးခံယူရတဲ့ အတွေ့အကြုံကြောင့် client တွေ ဘယ်လို ခံစားရတယ်ဆိုတာကို ပိုနက်နက်ရှိုင်းရှိုင်း နားလည်နိုင်ပြီး ကုသမှု ပိုမိုကောင်းမွန်လာစေဖို့။
● ပင်ပန်းနွမ်းနယ်မှုကို ကာကွယ်ဖို့ (Burnout Prevention): စာနာစိတ်လျော့ပါးလာတာ၊ ခြေကုန်လက်ပမ်းကျတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေ မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

သုတေသနတွေအရ ကိုယ်ပိုင်ကုထုံးယူတဲ့ ကုထုံးပညာရှင်တွေဟာ စာနာနားလည်မှု ပိုမိုမြင့်မားပြီး အလုပ်နဲ့ပတ်သက်တဲ့ ဖိစီးမှုတွေ နည်းပါးကြောင်း တွေ့ရှိရပါတယ်။

ဒါပေမဲ့ ကုထုံးပညာရှင်တစ်ဦးဟာ ရှင်းရှင်းလင်းလင်း မတွေးခေါ်နိုင်တော့တဲ့အထိ ဒါမှမဟုတ် ဘေးကင်းတဲ့ စောင့်ရှောက်မှု မပေးနိုင်တော့တဲ့အထိ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေရပြီဆိုရင်တော့ အလုပ်ကနေ ခေတ္တအနားယူပြီး ကုသမှုကို ပထမဦးဆုံး အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ဒါဟာ သူတို့ရဲ့ ကျင့်ဝတ်နဲ့ညီတဲ့ လုပ်ရပ်ဖြစ်ပြီး client နဲ့ ကိုယ့်ကိုယ်ကိုယ်ပါ ကာကွယ်စောင့်ရှောက်ခြင်းပဲ ဖြစ်ပါတယ်။

ချုပ်ပြောရရင် ကုထုံးပညာရှင်တွေ ကိုယ်တိုင် ကုထုံးခံယူတာဟာ ထူးဆန်းတာမဟုတ်သလို အားနည်းချက် လည်း မဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ် တာဝန်ယူမှုတစ်ခုပါပဲ။ counselor/therapist တွေအနေနဲ့လည်း "စိတ်ပိုင်းဆိုင်ရာအကူအညီယူခြင်းက အားနည်းတာ၊ ပျော့ညံ့တာမဟုတ်ဘူး” လို့ အသိပညာပေးနေပါသော်ငြား ကိုယ်တိုင်လိုအပ်လာတဲ့အခါ တွေဝေနေတာ၊ ရှောင်ရှားနေတာမျိုးဖြစ်နေတယ်ဆိုရင် self-stigma နဲ့ငြိနေနိုင်တာမို့ reflect လုပ်ကြည့်တာက အထောက်အကူဖြစ်နိုင်ပါတယ်။ Counselor တွေအနေနဲ့ သူတို့ရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်မှသာ တခြားသူတွေကို ဘေးကင်းစွာနဲ့ စာနာစိတ်အပြည့်နဲ့ ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။

🌱𝑴𝒊𝒏𝒅 𝑫𝒊𝒂𝒓𝒚🌱
𝑴𝒆𝒏𝒕𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉 𝑪𝒍𝒊𝒏𝒊𝒄
📌𝑯𝒂𝒗𝒆 𝒒𝒖𝒆𝒔𝒕𝒊𝒐𝒏𝒔 𝒂𝒃𝒐𝒖𝒕 𝑴𝒊𝒏𝒅 𝑫𝒊𝒂𝒓𝒚’𝒔 𝒔𝒆𝒓𝒗𝒊𝒄𝒆𝒔
☎️𝑫𝑴 𝒖𝒔 𝒇𝒐𝒓 𝒎𝒐𝒓𝒆 𝒊𝒏𝒇𝒐𝒓𝒎𝒂𝒕𝒊𝒐𝒏—𝒘𝒆’𝒓𝒆 𝒉𝒆𝒓𝒆 𝒕𝒐 𝒉𝒆𝒍𝒑🌱

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00