လပြည့်
ဥယျာဥ်မှုးဖြစ်ခဲ့ရင် ပန်းကလေးတွေစိုက်မယ်
ကျွန်တော်တို့နိုင်ငံ ပန်းရနံ့တွေ မွေးပျံ့ပါစေ
သင်ဟာ လူကောင်းတစ်ယောက်ဖြစ်ပါတယ်
သင်ဟာ လူတော် တစ်ယောက်ဖြစ်ရမယ်
သင်ဟာ မေတ္တာတရား ကြီးမားသူတစ်ဦးပါ
သင်ဟာ သင်နိုင်ငံကို ချစ်မြတ်နိုးရမယ်
30/06/2026
" အိမ်ပြန်ခွင့်သာ ရှိခဲ့မယ်ဆိုရင် "
-------------------------------------------------------
အိမ်ပြန်ခွင့်သာ ရှိခဲ့မယ်ဆိုရင်...
လေယာဉ်လက်မှတ်တစ်စောင်ထက်
အမေ့ရဲ့ "ပြန်လာတော့" ဆိုတဲ့
စကားတစ်ခွန်းကို ငါ ဝယ်ချင်တယ်။
နာရီတွေဟာ နိုင်ငံခြားအချိန်ကိုသာ
ပြသပေးတယ်။
ငါ့နှလုံးသားကတော့
အိမ်ရှေ့သစ်ပင်အရိပ်အောက်က
မွန်းတည့်ချိန်မှာပဲ ရပ်တန့်နေဆဲ။
အိမ်ပြန်ခွင့်သာ ရှိခဲ့မယ်ဆိုရင်...
အဖေ့လက်ဖဝါးကြမ်းကြမ်းကို
တစ်ခါလောက် ပြန်ဆုပ်ကိုင်ချင်တယ်။
အလုပ်ကြမ်းတွေကြောင့် ကျောက်တုံးလို
မာကျောသွားတဲ့ လက်တွေထဲမှာ
သားသမီးတွေအတွက် အနာဂတ်ကို
ထုပ်ပိုးထားမှန်း အခုမှ နားလည်လာတယ်။
အိမ်ပြန်ခွင့်သာ ရှိခဲ့မယ်ဆိုရင်...
အမေချက်တဲ့ ဟင်းတစ်ပွဲကို
ဇွန်းမလိုဘဲ လက်နဲ့ပဲ စားချင်တယ်။
အရသာဆိုတာ
ဆား၊ သကြား၊ ငရုတ်သီးနဲ့ မဆိုင်ဘူး။
"အမေ" ဆိုတဲ့ ဟင်းခတ်မှုန့်နဲ့သာ ဆိုင်တာပါ။
အဝေးရောက်ဘဝဆိုတာ
ပိုက်ဆံရဖို့ အချိန်တွေကို
ရောင်းစားရတဲ့ အလုပ်။
တစ်ရက်ပြီးတစ်ရက် မျက်နှာပေါ်မှာ
အပြုံးဆင်ထားပေမယ့်
ညဘက်ဆို ခေါင်းအုံးကသာ
မျက်ရည်ရဲ့ အရသာကို သိတယ်။
တချို့ညတွေမှာ
လမင်းကို ကြည့်ရင်း
"ဒီလကို အိမ်ကလည်း မြင်နေရောပေါ့" လို့ တွေးမိတယ်။
လမင်းဟာ အတူတူဖြစ်ပေမယ့်
ငါ့ဘေးမှာ အမေ မရှိဘူး။
အဖေ မရှိဘူး။
ညီအစ်ကို မောင်နှမတွေရဲ့
ရယ်သံတွေ မရှိဘူး။
အိမ်ပြန်ခွင့်သာ ရှိခဲ့မယ်ဆိုရင်...
အိမ်တံခါးကို တိတ်တိတ်လေး ဖွင့်ဝင်မယ်။
အမေ အိပ်ပျော်နေခဲ့ရင် နိုးအောင် မခေါ်ဘူး။
ခေါင်းရင်းမှာ ထိုင်ပြီး
ဆံပင်ဖြူတွေကိုသာ ငေးနေမယ်။
အဖေ နိုးလာခဲ့ရင်
"သား ပြန်ရောက်ပြီ" ဆိုတဲ့
စကားတစ်ခွန်းတည်း ပြောချင်တယ်။
လောကကြီးမှာ အချမ်းသာဆုံးနေ့ဆိုတာ
ပိုက်ဆံအများကြီး ရတဲ့နေ့မဟုတ်ဘူး။
ကိုယ့်အိမ်ကို ကိုယ့်ခြေထောက်နဲ့
ပြန်လျှောက်ဝင်ရတဲ့နေ့။
လူတိုင်းရဲ့ အိပ်မက်ဟာ
မြို့ကြီးတွေရဲ့ အလင်းရောင်မဟုတ်ဘူး။
အိမ်ရှေ့က မီးဝါဝါလေး တစ်လုံးသာ ဖြစ်တယ်။
အိမ်ပြန်ခွင့်သာ ရှိခဲ့မယ်ဆိုရင်...
ဘုရားစင်ရှေ့မှာ ဒူးထောက်မယ်။
အိမ်ရှေ့မြေကြီးကို နဖူးနဲ့ ထိမယ်။
ခြံထဲက မြေသင်းနံ့ကို အဆုတ်အပြည့် ရှူမယ်။
ပြီးရင်...
ဘာမှ မလိုတော့ဘူး။
အိမ်ဆိုတာ ပြန်ရောက်နိုင်တဲ့
နေရာတစ်ခု မဟုတ်ဘဲ ပြန်ရောက်ချင်လွန်းလို့
နေ့တိုင်း စိတ်ထဲမှာ ပြန်နေဖြစ်တဲ့
နေရာတစ်ခုဆိုတာကို
ငါ့မျက်ရည်တွေက
ကောင်းကောင်းကြီး သက်သေခံထားပြီးသား။
အိမ်ပြန်ချင်တယ်" ဆိုတဲ့ စကားလုံးဟာ
အိပ်မက်တိုင်းရဲ့ နောက်ဆုံးအခန်းမှာ
အမြဲတမ်း ပဲ့တင်ထပ်နေတယ်။
ကံကြမ္မာရယ်...
တစ်ရက်လောက်တော့
အိမ်ပြန်ခွင့်သာ ရှိခဲ့မယ်ဆိုရင် ပေါ့...။
#နွေဦးလပြည့်
30/6/26 ( 8:44am )
Category
Website
Address
Yangon