Connect Burma

Connect Burma

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Connect Burma, Media/News Company, Kamayut township, Yangon.

A news media organization working for social and structural equality in Burma by uncovering unheard voices, resisting epistemic violence, and representing the daily struggles of the people from the perspective of political economy and political ecology . Connect Burma, an independent, non-profit media outlet founded in July 2019, is dedicated to delivering fresh local, regional, and global news articles in Burmese on a daily basis. Its central themes include critiquing unfair systems, institutions, social structures, and political agencies based on various intersecting factors such as class, identity, gender, race, religion, region, species, status, position, sexuality, and language. Connect Burma’s primary media content includes daily news, critical analyses, articles, translations, interviews, essays, book reviews, documentaries, and conceptual introduction notes.

15/09/2026

စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းသွားဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထုတ်ပြောလာ

Connect Burma | စက်တင်ဘာ ၁၅

လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တရပ်လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -NLD ရဲ့ ဗဟိုအလုပ်ကော်မတီက ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဦးဆောင်ကျင်းပတဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားကို‌ ပေးပို့တဲ့ သဝဏ်လွှာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -NLD ရဲ့ ဗဟိုအလုပ်ကော်မတီက အခုလို ထည့်သွင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။

လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ လျော့ကျစေရေး၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ အပါအဝင် သက်ဆိုင်သူအားလုံး ပါဝင်နိုင်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်လာရေးတို့ကို အလေးထားဆောင်ရွက်ဖို့ လိုအပ်တယ်လို့ NLDက ဆိုပါတယ်။

အခုလို အားလုံးပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကသာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခိုင်မာတဲ့ အခြေခံတွေ ကို ဖန်တီးနိုင်မယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးမျှော်မှန်းချက်ကလဲ ပြည်သူ့လူထုရဲ့ ဆန္ဒကို လေးစားတဲ့ ဒီမိုကရေစီစနစ်၊ တရားဥပဒေစိုးမိုးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေကို အခြေခံပြီး ပြည်ထောင်စုကြီး ရေရှည်ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအထိ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် နိုင်ငံရေးပြဿနာတွေကို အင်အားသုံး ဖြေရှင်းတာထက် တွေ့ဆုံဆွေးနွေးမှု ၊ ငြိမ်းချမ်းတဲ့ နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ အလေးထားခဲ့တာလို့လည်း NLD -CWCရဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာတွေ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ -NUG ယာယီသမ္မတကတော့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ဖို့အတွက် စစ်အာဏာရှင်စနစ်ကို အမြစ်ကနေ လှန်ထုတ်တိုက်ဖျက်ပစ်ဖို့ လိုပြီး စစ်အာဏာရှင်စနစ် အမြစ်တွယ်နေတဲ့ နိုင်ငံမျိုးမှာ ဖက်ဒရယ်ဒီမိုကရေစီသစ်ပင်ကြီးဟာ ကြီးထွားရှင်သန်နိုင်မှာ မဟုတ်ဘူးလို့ သူ့ရဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။

15/09/2026

ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ဖို့အတွက် စစ်အာဏာရှင် အမြစ်ပြတ်ဖို့ လိုကြောင်း NUG ယာယီသမ္မတပြော

Connect Burma | စက်တင်ဘာ ၁၅

မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ဖို့အတွက် စစ်အာဏာရှင်စနစ်ကို အမြစ်ကနေ လှန်ထုတ်တိုက်ဖျက်ပစ်ဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ -NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့ပါတယ်။

ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားအတွက် ပြောကြားတဲ့ မိန့်ခွန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ -NUG ယာယီသမ္မတက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

"ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ဖို့အတွက် စစ်အာဏာရှင်စနစ်ကို အမြစ်ကနေ လှန်ထုတ်တိုက်ဖျက်ပစ်ဖို့ လိုပါတယ်၊ စစ်အာဏာရှင်စနစ် အမြစ်တွယ်နေတဲ့ နိုင်ငံမျိုးမှာ ဖက်ဒရယ်ဒီမိုကရေစီသစ်ပင်ကြီးဟာ ကြီးထွားရှင်သန်နိုင်မှာ မဟုတ်ဘူးလို့ ယူဆပါတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ တစ်ဖက်မှာ တော်လှန်ရေးတာဝန်တွေကို လုပ်ဆောင်နေသလို တစ်ဖက်မှာလည်း တည်ဆောက်ရေးတာဝန်တွေကို ထမ်းရွက်နေပါတယ်" လို့ NUG အစိုးရ ယာယီသမ္မတက ပြောပါတယ်။

ဒီလို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ဖို့အတွက် နွေဦးတော်လှန်ရေးအင်အားစုတွေအားလုံးက SCEF လို့ ခေါ်တဲ့ တပ်ပေါင်းစုံ သဏ္ဍန် တော်လှန်ရေးတပ်ဦးတစ်ခုကို အတူတကွ ဖော်ဆောင်နေကြတယ်လို့လည်း သူက ဆိုပါတယ်။

လက်ရှိမှာ ကမ္ဘာကြီးက ဒီမိုကရေစီဆုတ်ကပ်နဲ့ ကြုံနေတဲ့ အခါသမယ ဖြစ်သလို မြန်မာနိုင်ငံကလဲ ဒီမိုကရေစီစစ်စစ် နိုင်ငံမဖြစ်ဖူးသေးဘဲ စစ်အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီ နောက်ကြောင်းပြန်သွားနေတယ်လို့ ဆိုပါတယ်။

တိုင်းပြည်နဲ့ ပြည်သူတစ်ရပ်လုံးအတွက် ဒီမိုကရေစီလိုအပ်ပြီး နိုင်ငံက လူမျိုးစု အမှတ်သရုပ်ပေါင်းစုံ- များပြားစုံလင်တဲ့ တိုင်းပြည်တစ်ခုဖြစ်လို့ ဒီမိုကရေစီစနစ် တစ်ခုတည်းနဲ့ မပြည့်စုံနိုင်ဘဲ ဖက်ဒရယ်စနစ်ကိုပါ ထည့်သွင်း တည်ဆောက်ဖို့ လုပ်ကြရတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ် နဲ့ တိုင်းသစ်ပြည်သစ်တည်ထောင်ဖို့အတွက် ကြိုးစားနေကြတဲ့ ရုန်းကန်မှုကြီးဖြစ်ပြီး ဒီမိုကရေစီလှုပ်ရှားမှုမှာတင် လမ်းမဆုံးစေဘဲနဲ့ ဖက်ဒရယ်လှုပ်ရှားမှုတွေကိုပါ မျဉ်းပြိုင်သဖွယ် တွန်းတင်,ဖော်ထုတ်ကြဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ -NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသွားပါတယ်။

15/09/2026

တစ်ပတ်အတွင်း ရန်ကုန်မြို့နယ် ၁၀ ခုမှာ ပေါ်တာဆွဲဖမ်းဆီးခံရသူ ၃၉ ဦးအထိရှိ

Connect Burma၊ စက်တင်ဘာ ၁၄

တစ်ပတ်အတွင်း ရန်ကုန်တိုင်းက မြို့နယ် ၁၀ ခုမှာ အမျိုးသား ၃၉ ဦးကို စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ Rangoon Scout Network-RSN က ဖော်ပြထားတဲ့ ဖြစ်စဉ်မှတ်တမ်းတွေအရ သိရပါတယ်။

စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၈ ကို စက်တင်ဘာ ၇ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီးနောက် စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အတွင်း လမ်းပေါ်၊ ဆိုင်တွေအနီးနဲ့ နေအိမ်တွေအတွင်းအထိ လိုက်လံဖမ်းဆီးခေါ်ဆောင်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ Rangoon Scout Network-RSN ဆိုပါတယ်။

အဆိုပါဖြစ်စဉ်တွေက ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဒေါပုံ၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ လှိုင်နှင့် အင်းစိန်မြို့နယ်တို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်မှုထမ်းသင်တန်းအသစ် စတင်ပြီးနောက် လမ်းပေါ်မှာ ပေါ်တာဆွဲဖမ်းတဲ့ အခြေအနေမှာ သိသိသာသာ လျော့ကျသွားတာမရှိဘူးလို့ဆိုပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း အမျိုးသား ၆ ဦး၊ မြောက်ဒဂုံမှ ၁ ဦး၊ လှိုင်မှ ၄ ဦးနဲ့ အင်းစိန်မှ ၁၁ ဦး၊ မြောက်ဥက္ကလာမြို့နယ်မှာ ၃ ဦး၊ မရမ်းကုန်းမြို့နယ်မှာ အမျိုးသား ၃ ဦး၊ ကြည့်မြင်တိုင်မြို့နယ်မှာ အမျိုးသားတစ်ဦး၊ ဒေါပုံမြို့နယ်မှာ ၁ ဦး၊ ဗိုလ်တထောင်မြို့နယ်မှာ အမျိုးသား ၂ ဦး၊ စမ်းချောင်းမြို့နယ်မှာ အမျိုးသား ၇ ဦး စုစုပေါင်း ၃၉ ဦး ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာဖြစ်ပါတယ်။

“အခုလို လမ်းပေါ်မှာ လူကို အကြောင်းပြချက်ရှင်းရှင်း လင်းလင်းမပြဘဲ ဆွဲခေါ်သွားတာတွေရှိနေတော့ ညဘက်အပြင်ထွက်ရမှာကို လူငယ်တွေက ပိုပြီးကြောက်လာကြတယ်။ အလုပ်ကိစ္စနဲ့ သွားလာရတဲ့သူတွေအတွက်လည်း ဘယ်နေရာမှာ တားခံရမလဲဆိုတာ မသိနိုင်ဘူး။ ကိုယ့်အိမ်နားက ဆိုင်ကိုသွားတာတောင် သတိထားနေရတာ။ စစ်မှုထမ်းစာရင်းမှာ ပါ၊ မပါဆိုတာထက် လမ်းပေါ်မှာ တားစစ်ခံရင် ဘာဖြစ်မလဲဆိုတာကို စိုးရိမ်နေကြတာ။ ဒီလိုအခြေအနေက ပုံမှန်နေထိုင်သွားလာခွင့်ကိုပါ ထိခိုက်လာပြီ ” လို့ ရန်ကုန်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အလားတူဖြစ်စဉ်တွေအတွင်းမှာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပရဟိတကားပေါ်ရိုက်နှက်ဆွဲတင်သွားတဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့သလို စက်တင်ဘာ ၉ ရက် ညပိုင်း မြေနီကုန်းဈေးလမ်းနဲ့ ဓမ္မာရုံလမ်းထောင့်မှာ အမျိုးသား ၂ ဦးကို ကားပေါ်ဆွဲတင်ခဲ့သော်လည်း အနီးအနားရှိလူတွေ ဝိုင်းဝန်းကူညီခဲ့သဖြင့် ပြန်လွတ်လာခဲ့တာတွေလည်းရှိခဲ့ပါတယ်။

စစ်အုပ်စုတပ်အနေနဲ့စစ်မှုထမ်းသင်တန်း တစ်ပတ်စဉ်လျှင် လူဦးရေ ၅,၀၀၀ နှုန်းဖြင့် ခေါ်ယူစုဆောင်းနေပြီး သတ်မှတ်ထားတဲ့ အရေအတွက်ပြည့်မီရေးအတွက် ဖမ်းဆီးမှုတွေကို ဆက်တိုက် ပြုလုပ်လျက်ရှိရာ လျော့သွားခြင်းမရှိပိုမိုဖမ်းဆီးလာခဲ့တာပါ။

“စစ်မှုထမ်းသင်တန်းတစ်ခု စပြီးသွားပြီဆိုရင် ဖမ်းဆီးတာတွေ လျော့သွားမယ်လို့ ထင်ကြပေမယ့် အခုဖြစ်စဉ်တွေကိုကြည့်ရင် အဲဒီလိုမဟုတ်ဘူး။ လမ်းပေါ်မှာတင်မကဘဲ အိမ်ထဲအထိ ဝင်ဖမ်းတာတွေရှိနေတော့ လူငယ်တွေအနေနဲ့ ပုံမှန်အလုပ်သွား၊ အလုပ်ပြန်ဖို့တောင် စိုးရိမ်နေရတယ်” လို့နောက်ထပ် ရန်ကုန်မြို့မှ လူငယ်တစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်တွေအတွင်း အရပ်ဝတ်များ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ ပါဝင်ကာ အရပ်ကား၊ ရဲကားနှင့် စစ်ကားတွေကို အသုံးပြု ဖမ်းဆီးခေါ်ဆောင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖြစ်စဉ်မှတ်တမ်းတွေအရသိရပါတယ်။

စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၈ ကို စက်တင်ဘာ ၇ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး အရင်သင်တန်းတွေနဲ့ အတူ လူငယ်တွေ ကို အတင်းအကျပ် ဖမ်းဆီးစုဆောင်းမှု‌တွေ နဲ့ပတ်သက်ကာ လူ့အခွင့်အရေးအဖွဲ့တွေကလည်း စိုးရိမ်မှုတွေ ထုတ် ဖော်ထားကြပါတယ်။

ရခိုင်နဲ့ ဧရာဝတီအပါအဝင် စစ်မျက်နှာတွေမှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးနေတဲ့အခြေအနေအပေါ် တပ်သားစုဆောင်းမှုတွေ ကို စစ်အုပ်စုတပ်က အင်တိုက်အားတိုက် ပြုလုပ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်အသက်ဝင်ကြောင်း ကြေညာခဲ့ပြီးနောက် လူငယ်တွေ ကို စစ်မှုထမ်းဖို့ စုဆောင်းမှုတွေကို နိုင်ငံတစ်ဝန်း စတင်လုပ်ဆောင်ခဲ့ပြီးနောက် စစ်မှုထမ်းသင်တန်း အမှတ်စဉ်တွေကို ဆက်တိုက်ဖွင့်လှစ်လာခဲ့ပြီး မြို့နယ်အလိုက် လူဦးရေစာရင်းကောက်ယူခြင်း၊ ဆင့်ခေါ်ခြင်း၊ စစ်ဆေးခြင်းနှင့် သင်တန်းပို့ဆောင်ခြင်းများ ပြုလုပ်လာခဲ့တာပါ။

Photos from Connect Burma's post 14/09/2026

စမ်းချောင်းမြို့နယ်က လူ၂ဦးသေဆုံးခဲ့တဲ့ ဘား မီးလောင်မှု ဆိုင်တာဝန်ရှိသူတွေကို အရေးယူ

Connect Burma | စက်တင်ဘာ ၁၄

ရန်ကုန်မြို့ ၊ စမ်းချောင်းမြို့နယ်က လူ ၂ဦးသေဆုံးခဲ့တဲ့ ဘား မီးလောင်မှုမှာ ဘားဆိုင် တာဝန်ရှိသူတွေကို မီးပေါ့ဆမှုနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

မနေ့က (စက်တင်ဘာလ ၁၃ရက်) ည ၈နာရီခန့်က ရန်ကုန်မြို့ ၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းက BAR4U ဘားဆိုင်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဆိုင်က ဝန်ထမ်း ၂ဦး သေဆုံးခဲ့ပါတယ်။

အဆိုပါ ဘားမှာ မွေးနေ့ပွဲ ကျင်းပပြုလုပ်နေချိန် ဆိုင် မျက်နှာကျက်ကနေတဆင့် မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆိုင်အတွင်း မီးလောင်လွယ်တဲ့ အလှဆင်ပစ္စည်းတွေကြောင့် အလျင်အမြန်ဘဲ မီးကူးစက်ခဲ့ပြီး ထိန်းချုပ်ဖို့ ခက်ခဲခဲ့တာလို့ မြို့ခံတွေက ဆိုပါတယ်။

မီးလောင်မှုကို မီးငြိမ်းသတ်ရာမှာ ၈နာရီ ၄၅မိနစ်အချိန်မှာ မီးငြိမ်းခဲ့တယ်လို့ မြန်မာနိင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားပြီး မီးလောင်မှုကြောင့် အဆိုပါ ဘားဆိုင်အပြင် ဘေးနားက Phone Bank ဖုန်းဆိုင်လည်း မီးထဲပါသွားတယ်လို့ သိရှိရပါတယ်။

အဆိုပါ မီးလောင်းကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဘိုးကို အသေးစိတ်မသိရှိရသေးဘဲ ဆိုင်တာဝန်ရှိသူတွေကို အရေးယူမှုတွေ လုပ်ဆောင်ထားကြောင်းသာ သိရှိရပါတယ်။

14/09/2026

အမေရိကန် ကနေဒီ စင်တာ ဒေဝါလီခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရ

Connect Burma၊ စက်တင်ဘာ ၁၄

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမှာရှိတဲ့ ကနေဒီ စင်တာရဲ့ ဘဏ္ဍာရေး လည်မှု ပြိုလဲသွားပြီး ဒေဝါလီခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရ တယ်လို့ ဝါရှင်တန်ပို့စ် သတင်းဌာနကဖော်ပြထားပါတယ်။

ကုန်ကျစရိတ်တွေကြောင့် ပင်မအဆောက်အအုံကို ချက်ချင်း ပိတ်သိမ်းဖို့ ကနေဒီစင်တာ ဘုတ်အဖွဲ့က ဆုံးဖြတ်ထားကြောင်း ဝါရှင်တန်ပို့စ် သတင်းဌာန ကဆိုပါတယ်။

အဆိုပါ ဘုတ်အဖွဲ့ မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဥက္ကဌ အဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။

ဂျွန် အက်ဖ် ကနေဒီ အနုပညာဖျော်ဖြေရေးစင်တာ (John F Kennedy Center for the Performing Arts) ဟာ ဒေဝါလီခံရပြီး လာမယ့် အင်္ဂါနေ့မှာပင် အပြီးသတ် ပိတ်သိမ်းရဖွယ်ရှိကြောင်းလည်း ဝါရှင်တန်ပို့စ် ကဖော်ပြထားပါတယ်။

ကနဦးက ကနေဒီ စင်တာရဲ့ နာမည်ကို ကနေဒီ - ထရမ့် စင်တာလို့ အမည်ပြောင်းလဲ ပြီး အသစ်ပြန်လည် ပြုပြင်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့် စီစဉ်ခဲ့ပါတယ်။

ဖက်ဒရယ်တရားရုံးက သမ္မတ ကနေဒီ အမှတ်တရ စင်တာကို အမည်ပြောင်းခွင့် မရှိကြောင်း ဆုံးဖြတ်ခဲ့တဲ့ နောက်မှာတော့ ရန်ပုံငွေ အခက်အခဲ နဲ့ ကြုံတွေ့ရကာ ကနေဒီစင်တာ ပိတ်သိမ်းရမယ့် အရေး နဲ့ ဆိုင်နေရတာဖြစ်ပါတယ်။

အဆိုပါ နာမည်ပြောင်းလဲမှု မဆောင်ရွက်ဘူးဆိုရင် စင်တာရဲ့ လည်ပတ်နေတဲ့ ဘဏ္ဍာရေး အခြေအနေ သေချာပေါက်ပြိုလဲ သွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

လာမယ့် သီတင်း ပတ်အတွင်းမှာ ကနေဒီစင်တာ အနေနဲ့ ဝန်ထမမ်းတွေကို လစာပေးချေနိုင်မှာ မဟုတ်ဘူးလို့လည်း ဘုတ်အဖွဲ့ဝင်တွေက ပြောပါတယ်။

Photos from Connect Burma's post 14/09/2026

ပုဏ္ဏားကျွန်းအပါအဝင် ရခိုင်ဒေသအတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် အနည်းဆုံး ၅ဦးသေဆုံး

Connect Burma | စက်တင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့က သမိုင်းဝင် ဦးရာဇ်တော်ဘုရား တောင်ခြေရင်း အနီးတဝိုက်အပါအဝင် ရခိုင်ဒေသကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး အရပ်သား ၅ဦးသေဆုံးခဲ့တာကို အာရက္ခတပ်တော် -AAရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

မနေ့က (စက်တင်ဘာလ ၁၃ရက်) နေ့လည်ပိုင်းက ပုဏ္ဏားကျွန်းမြို့မှာရှိတဲ့ သမိုင်းဝင် ဦးရာဇ်တော်ဘုရား တောင်ခြေရင်း ကြိုးတံတားအနီးတဝိုက်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာတိုက်လေယာဉ်နဲ့ ၃ကြိမ် ဗုံးကြဲခဲ့ပြီး စက်သေနတ်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း စေတီရင်းကျေးရွာနေ အသက် ၃၈နှစ်အရွယ်အမျိုးသမီးတဦး မျက်နှာ ဗုံးစထိမှန်သေဆုံးခဲ့ကာ အသက် ၉နှစ်အရွယ် မိန်းကလေးငယ်တဦးနဲ့ အသက် ၇၀ကျော်အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလည်အပါတ်ရောက်ရှိနေတဲ့ ရသေ့တောင်ဒေသခံ အမျိုးသား ၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တဦးက ဒဏ်ရာပြင်းထန်လို့ ဆေးကုသနေစဉ်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူဘဲ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်က ကျောက်ဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် သားအမိနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မိခင်ဖြစ်သူက ဆေးကုသနေစဉ်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့က သမိုင်းဝင် ဂူဝဘုရားကို စစ်တပ်က လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ဘုရားဆင်းတုတော်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ AAက ဆိုပါတယ်။

အလားတူဘဲ တောင်ကုတ်မြို့နယ်မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က ရွာသစ်ကေကျေးရွာကို ဂျက်တိုက်လေယာဉ် ၂)စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာရရှိခဲ့ကာ မွေးမြူထားတဲ့ နွားတကောင်လည်းသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၀ရက်နေ့မှာတော့ ဂွမြို့နယ်အတွင်းက ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက် နဲ့ အမှတ် (၂) ရပ်ကွက်တို့ကို စစ်တပ်က ဂျက်ဖိုက်တာတိုက်လေယာဉ်နဲ့ ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား၁ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၁၂ရက်နေ့မှာတော့ ဆမီးမြို့နယ်က ဘွေလီကျေးရွာအနီးဝန်းကျင်ကို ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားလူနေအိမ်တွေထိခိုက်ပျက်စီးခဲ့သလို ကားတစီးနဲ့ မွေးမြူထားတဲ့ ကြက်တွေသေဆုံးတာလည်း ရှိခဲ့တယ်လို့ သိရှိရပါတယ်။

Photos from Connect Burma's post 14/09/2026

ဂိမ်းပေါင်း ၅၀၀ ကျော် ဦးဆောင်လုပ်ကိုင်သူ စီနီယာ အေးဂျင့် တွေ ဖမ်းဆီးရမိတယ်လို့ စစ်အုပ်စုထုတ်ပြန်

Connect Burma၊ စက်တင်ဘာ ၁၄

စလော့ဂိမ်း ၊ ဂိမ်းပေါင်း ၅၀၀ ကျော် စတဲ့ အမည်နာမတွေ နဲ့လူသိများတဲ့ တရားမဝင် Online လောင်းကစားဂိမ်း ဦးဆောင်လုပ်ကိုင်သူ (Senior Agent) တွေဖမ်းဆီးရမိတယ်လို့ စစ်အုပ်စု ကထုတ်ပြန်ကြေညာပါတယ်။

Online အခြေပြုလောင်းကစား Website တည်ထောင်ပြီး Online လောင်းကစားဂိမ်း ဝန်ဆောင်မှုပေးတာ၊ အများပြည်သူ ဝင်ရောက်ကစားဖို့ လူမှုကွန်ရက်တွေမှာ ကြော်ငြာတာတွေ လုပ်ဆောင်နေသူတွေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့မှာ Ibet 789 Online လောင်းကစားဂိမ်း စီနီယာအေးဂျင့် ဖြိုးသိင်္ဂီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လက်ကိုင်ဖုန်း ၂ လုံးနဲ့ စတင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ စက်တင်ဘာ ၂ ရက်နေ့မှာပဲ အွန်လိုင်းလောင်းကစားဂိမ်း စီနီယာ စီနီယာ အေးဂျင့် နှင်းဝတ်ရည်ကျော် အပါအဝင် တရားခံ ၃ ဦးကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)၊ အိမ်အမှတ်(၆၇၀)မှာ လက်ကိုင်ဖုန်း ၈ လုံး၊ Laptop ၁ လုံး၊ Tablet ၁ လုံး၊ မော်တော်ယာဉ် ၁ စီး နဲ့ အတူဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လှိုင်သာယာမြို့နယ်၊ ရေအုပ်ကန်ရပ်ကွက်ရှိ Mandarin ဟိုတယ်မှာ အွန်လိုင်းလောင်းကစားဂိမ်း စီနီယာ အေးဂျင့် ကျော်စိုးလင်း ကို စက်တင်ဘာ ၄ ရက်နေ့မှာ ထမ်မံဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

အွန်လိုင်း လောင်းကစား စီနီယာအေးဂျင့်နောက်တစ်ဦးဖြစ်တဲ့ ယဉ်ယဉ်နု သာကေတမြို့နယ်၊ အနော်မာ(၁)ရပ်ကွက်၊ လမ်းသစ်(၁)လမ်း၊ အမှတ်(၆၆/က) နေအိမ်မှာ ဖမ်းဆီးရမိတယ်လို့ လည်း သိရပါတယ်။

ဖမ်းဆီးခံရသူ တွေဟာ Ibet 789 ၊ 555 Mix ၊ Sports Xzone ၊ Sport 899 တို့ လောင်းကစား အေးဂျင့် အဖြစ် လုပ်ဆောင်နေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ အွန်လိုင်း လောင်းကစားဂိမ်းတွေကြောင့် ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ကာ အကျင့်စာရိတ္တပျက်ပြားခြင်း၊ နောက်ဆက်တွဲ ဒုစရိုက်မှုများကျူးလွန်ခြင်း နဲ့ မိမိကိုယ်ကို အဆုံးစီရင်ခြင်းတွေ ဖြစ်ပေါ်နေတယ်လိုပ စစ်အုပ်စု ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါကြောင့် Online လောင်းကစား Agent အဖြစ် ဦးစီးဆောင်ရွက်နေသူတွေကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးအရေးယူသွားမှာဖြစ်တယ်လို့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

13/09/2026

ငွေခေတ် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ဟောင်း ဝင်းအောင် ကွယ်လွန်

Connect Burma ၊ စက်တင်ဘာ ၁၃

ငွေခေတ် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ဟောင်း ဝင်းအောင်ဟာ အသက် ၆၀အရွယ်မှာ ကွယ်လွန်သွားကြောင်း မြန်မာ ဘောလုံးအဖွဲ့ ချုပ်ကထုတ်ပြန်ပါတယ်။

မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း တိုက်စစ်မှူး ဝင်းအောင် ဟာ စက်တင်ဘာလ ၁၃ ရက်၊ ညနေ ၄ နာရီခွဲအချိန်က ရန်ကုန်မြို့ အာယုဆေးရုံမှာကွယ်လွန်သွားတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့လက်ရွေးစင်ဘောလုံးသမား ဝင်းအောင်ဟာ မြန်မာ လက်ရွေးစင်အသင်းရဲ့ ငွေခေတ်လို့ တင်စာား ပြောဆိုတဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေ မှာ လက်ရွေးအသင်းတွေ ခြေစွမ်းပြခဲ့သူတွေထဲက တစ်ဦးဖြစ်ပါတယ်။

အဆိုပါ နှစ်တွေ အတွင်း စင်ကာပူနိုင်ငံ က ဘောလုံးကလပ်အသင်းတွေမှာ သွားရောက်ကစားဖူးသူတစ်ဦးဖြစ်ပါတယ်။

ဝင်းအောင်ဟာ ၁၉၉၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲ လက်ရွေးစင်တိုက်စစ်မှူးအဖြစ် ယှဉ်ပြိုင်ခဲ့ပြီး ငွေတံဆိပ် ဆုရှိခဲ့ပါတယ်။

ဒါ့အပြင် ဆောက်လုပ်ရေး၊ ဘဏ္ဍာအခွန် စတဲ့ မြန်မာပြည်တွင်း အသင်းတွေ နဲ့ စင်ကာပူ ပရော်ဖက်ရှင်နယ် လိဂ် တွေမှာ ကစားခဲ့ပါတယ်။

ဝင်းအောင်ဟာ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်တို့ နဲ့ တိုက်စစ်မှာအတွ ညီတဲ့ အပြင် ခေါင်းတိုက် ဂိုးတွေ သွင်းယူလေ့ရှိတဲ့ တိုက်စစ်မှူး အဖြစ် လူသိများပါတယ်။

13/09/2026

၂၄ နာရီအတွင်း ယီမင်နိုင်ငံသား ၁,၄၀၀ ကျော် ဂျီဘူတီနိုင်ငံကို ထွက်ပြေးတိမ်းရှောင်

Connect Burma၊ စက်တင်ဘာ ၁၃

ဘဗ် အယ်လ်-မန်းဒက်ဗ် ရေလက်ကြားကို ဟူသီ သူပုန်တွေ ထိန်းချုပ်ဖို့ ပိုမိုကြိုးစားလာတဲ့ နောက် စစ်ပွဲပိုမိုပြင်းထန်လာပြီး ၂၄ နာရီအတွင်း ယီမင်စစ်ဘေးရှောင် ၁,၄၀၀ ကျော် ဂျီဘူတီနိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။

၂၄ နာရီ အတွင်း လူပေါင်း ၁,၄၀၀ ကျော်ဟာ ယီမင်နိုင်ငံကနေ ဂျီဘူတီနိုင်ငံကို ထွက်ပြေးခဲ့ကြောင်း ဂျီဘူတီ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။

ဂျီဘူတီ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး အီလျာစ် မူဆာ ဒါဝါလက်ဟ် က ဒုက္ခသည်လှေ အများအပြား ဟာ ဘဗ် အယ်လ်-မန်းဒက်ဗ် ရေလက်ကြားကိုဖြတ်သန်းချိန် ဆီကုန်သွားတာကြောင့် ဂျီဘူတီ တာဝန်ရှိသူတွေ ကကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ကြတယ်လို့ ပြောပါတယ်။

အဆိုပါ စက်လှေတွေမှာ ဒုက္ခသည် ၅၀၀ ကျော်ပါဝင်ပြီး ကမ်းရိုးတန်း မြို့တစ်မြို့ဖြစ်တဲ့ အိုဘော့ခ်မြို့မှာ လတ်တလော နေထိုင်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်က စတင်ခဲ့တဲ့ ယီမင်အစိုးရ တပ်တွေ နဲ့ ဟူသီ သူပုန်တွေကြားတိုက်ပွဲတွေကြောင့် အနည်းဆုံး လူပေါင်း ၄၆,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာရေး ဆိုင်ရာအဖွဲ့အစည်း (IOM) က ထုတ်ပြန်ထားပါတယ်။

"မိသားစုတွေဟာ ဒီပဋိပက္ခအတွင်းမှာ ဒုတိယအကြိမ် (သို့မဟုတ်) တတိယအကြိမ်မြောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာဖြစ်ပါတယ်။ သူတို့မှာ ဘာမှမကျန်တော့ပါဘူး” လို့ IOM ညွှန်ကြားရေးမှူးချုပ် အေမီ ပုပ် က ပြောပါတယ်။

ဆက်လက်ပြီး သူမက "တိုက်ပွဲတွေ ပျံ့နှံ့လာတာနဲ့အမျှ အသက်ကယ် နိုင်ဖို့ ထောက်ပံ့ကူညီမှုတွေတွေ လိုအပ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဘေးကင်းပြီး ဟန့်တားနှောင့်ယှက်မှု မရှိတဲ့ ကူညီပံ့ပိုးခွင့် လမ်းကြောင်းကို အရေးပေါ် လိုအပ်နေပါတယ်" လို့လည်းပြောကြားခဲ့ပါတယ်။

Photos from Connect Burma's post 13/09/2026

စစ်အုပ်စုတပ်က ဒရုန်းနဲ့ တိုက်ခိုက် လို့ မူးမြို့နယ်မှာ တစ်နှစ်အရွယ် ကလေးအပါ အဝင် ၆ ဦးသေဆုံး

Connect Burma၊ စက်တင်ဘာ ၁၃

ကရင်အမျိုးသားအစည်းအရုံးKNU ရဲ့ ၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်း(မူး)မြို့နယ် မှာ စစ်အုပ်စုတပ် ဒရုန်းနဲ့ တိုက်ခိုက် လို့ အသက် တစ်နှစ်အရွယ် ကလေးအပါ အဝင် ၆ ဦးသေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

မုန်းမြို့နယ် တံခွန်တိုင်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စု တပ်က ဘုတ်ဆုတ်ခင်ကျေးရွာအတွင်းကို စက်တင်ဘာလ (၅)ရက်နေ့မှာ ဒရုန်းနဲ့ (၂) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဦးရာဇာတ် (၅၂)နှစ်၊ ရာမာဒေရီ (၄၂)နှစ်၊ ဦးစာစစ်ထရီး (၃၂)နှစ်၊ စုဂနီ (၂၄)နှစ်၊ (၅)ဟီးရိုး (၁)နှစ်နဲ့ ဦးဆူနီးကူးမား (၅၅)နှစ်စုစုပေါင်း (၆)ဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဦးဘရာဂျူး (၂၅)နှစ်၊ မူနား (၇)နှစ်၊ စူလာဂျူရီယာ (၃၅)နှစ်၊ ကိုပါဂျန် (၁၃)နှစ်၊ မောင်ကိုရီဘင် (၃၈)နှစ်၊ ရာကူမာ (၃၈)နှစ်၊ ဘိုလူ (၁၆)နှစ်၊ ဒေါ်ရာမာဂေရီ (၄၂)နှစ် စုစုပေါင်း (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အာဆီယံ ဘုံသဘောတူညီချက် (Five-Point Consensus)ကို လိုက်နာဆောင်ရွက်တာ မရှိပဲ နိုင်ငံတစ်၀န်းရှိ အပြစ်မဲ့ အရပ်သားပြည်သူတွေကို လေယာဉ်တွေ၊ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်နေကြောင်း KNU ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။

Address


Kamayut Township
Yangon