Nifty Test

Nifty Test

Share

Genetic Testing in Myanmar

19/09/2026

ကလေးငယ်များ စကားပြောနောက်ကျခြင်းအကြောင်း သိကောင်းစရာ 👶

ကလေးလေးတွေ စကားစပြောတဲ့အချိန်က တစ်ယောက်နဲ့တစ်ယောက် မတူတတ်ကြပါဘူး။ တချို့ကလေးငယ်တွေက အသက်တစ်နှစ်အရွယ်မှာ ပထမဆုံး စကားလုံးလေးတွေ စထွက်တတ်ပေမယ့် တချို့အတွက်ကျတော့ ပုံမှန်ဖွံ့ဖြိုးမှုရဲ့ အတိုင်းအတာအတွင်းမှာကို စကားပြောတာ နည်းနည်းနှေးတတ်တယ်ဆိုတာကို သိထားဖို့လိုပါတယ်။

မိဘတွေအနေနဲ့ “ငါ့ကလေး စကားပြောတာနောက်ကျနေလား”လို့ စိုးရိမ်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် ကလေးကို တခြားသူတွေနဲ့ နှိုင်းယှဥ်မကြည့်ခင်မှာ အောက်ပါအကြောင်းအရာတွေကို ဦးစွာ နားလည်ထားဖို့ အကြံပြုချင်ပါတယ်။

အပြောနှောင့်‌နှေးခြင်း (𝐒𝐩𝐞𝐞𝐜𝐡 𝐃𝐞𝐥𝐚𝐲) နဲ့ ဘာသာစကား နှောင့်နှေးခြင်း (𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐃𝐞𝐥𝐚𝐲)

သုတေသနအရ အသက် ၃ နှစ်အောက် ကလေးငယ်တွေရဲ့ ၁၇.၅% လောက်ဟာ အပြော (သို့) ဘာသာစကား နှောင့်နှေးမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒီနှစ်ခုက ဆင်တူသယောင်ရှိပေမယ့် ကွာခြားချက်လေးတွေ ရှိပါတယ်။

➡️အပြောနှောင့်နှေးခြင်း - စကားလုံးတွေကို ထွက်ရခက်တာ၊ ပြောတဲ့စကားကို သူများနားလည်ရခက်တာမျိုး ဖြစ်ပါတယ်။

➡️ဘာသာစကားနှောင့်နှေးခြင်း - စကားလုံးအရေအတွက်နည်းတာ၊ စကားလုံးနှစ်လုံးတွဲ မပြောတတ်တာမျိုး ဖြစ်ပါတယ်။

ဒီလိုကလေးတွေဟာ စကားပြောဘက်မှာ နှေးနေပေမယ့် တစ်ဖက်က သူတို့ကြားရတဲ့စကားတွေကို ကောင်းကောင်းနားလည်နိုင်တယ်၊ လက်ဝှေ့ယမ်းတာ၊ လက်ညှိုးထိုးတာစတဲ့ အချက်ပြမှုတွေကို ကောင်းကောင်းလုပ်နိုင်တယ်ဆိုရင်တော့ စကားလုံးအသစ်တွေကို နှေးနှေးလေးနဲ့ ဆက်လက်သင်ယူနိုင်ပါသေးတယ်။

ဘယ်အကြောင်းအရာတွေက ကလေးကို စကားပြောနောက်ကျစေလဲ?

▫️အကြားအာရုံ အားနည်းခြင်း - နားပိုးခဏခဏဝင်ဖူးတာ၊ ဒါမှမဟုတ် အကြားအာရုံချို့ယွင်းနေတာက စကားပြောနောက်ကျစေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

▫️ကိုယ်အလေးချိန်နည်းပြီး လမစေ့ဘဲမွေးတာ (သို့) အမွှာကလေးတွေဖြစ်တာ၊

▫️မိသားစုရာဇဝင်မှာ စကားပြောနောက်ကျတဲ့သူ ရှိဖူးတာ၊

▫️တခြားစွမ်းရည်တွေ (ဥပမာ– ခုန်တာ၊ လမ်းလျှောက်တာ) စောပြီးထူးချွန်နေတာကြောင့် စကားပြောဖို့ကို အာရုံမစိုက်မိတာ၊

▫️မိဘ (သို့) မောင်နှမတွေက ကလေးကိုစကားမပြောစေဘဲ ဘေးကနေ လိုတာအကုန်ကြိုဖြည့်ဆည်းပေးနေတာကြောင့် ကလေးက စကားပြောဖို့ မလိုအပ်တော့တာ၊

မိဘတွေ အနေနဲ့ အိမ်မှာ ဘယ်လိုကူညီပေးနိုင်မလဲ?

ဒီလိုကလေးငယ်တွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျောင်းစတက်ချိန်မှာ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာတတ်ပါတယ်။ အဲဒီအချိန်အထိ မိဘတွေ အိမ်မှာ လိုက်လုပ်ပေးလို့ရတဲ့ နည်းလမ်းတွေကတော့ -

🔹များများစကားပြောပါ - ကိုယ်လုပ်နေတဲ့အလုပ်တွေ၊ သွားနေတဲ့နေရာတွေ၊ အိမ်သုံးပစ္စည်းတွေကို အမည်တပ်ခေါ်ပြီး နေ့စဉ်ပုံမှန်ပြောပြပါ။

🔹စကားလုံးကို ချဲ့ထွင်ပေးပါ - ကလေးက "ဘော်"လို့ပြောရင် မိဘတွေအနေနဲ့ "ဟုတ်တယ်၊ ဘောလုံးနီလေး" ဒါမှမဟုတ် "ဘောလုံးပစ်မယ်နော်" လို့ ဝါကျလေးတွေနဲ့ ပြန်ဖြေပေးပါ။

🔹ရွေးချယ်ခွင့်ပေးပါ - အစပိုင်းမှာ ဟုတ်/မဟုတ် ("ကလေးလေး ပန်းသီးစားချင်လား") မေးပြီး နောက်ပိုင်းမှာ ရွေးချယ်စရာပါတဲ့ မေးခွန်းမျိုး ("ပန်းသီးလား ငှက်ပျောသီးလား ဘာစားချင်လဲ") ပြောင်းမေးပေးပါ။

🔹တုပခြင်းကို အားပေးပါ - အစက လက်ခုပ်တီးတာ၊ ခုန်တာ စတာတွေလို ကိုယ်လက်လှုပ်ရှားမှုတွေကို အတုခိုးခိုင်းပါ၊ ပြီးရင် အသံတွေကို တုပခိုင်းပါ၊ နောက်ဆုံးမှ စကားလုံးတွေကို တုပပြီး ပြောခိုင်းပါ။

🔹လူမှုဆက်ဆံရေး - ကလေးကို အခြားကလေးတွေနဲ့ ပေါင်းသင်းဆော့ကစားခွင့် ပေးပါ။

ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသင့်လဲ ?

အချို့ကလေးတွေအတွက် “စောင့်ကြည့်လိုက်ဦးမယ်” ဆိုတဲ့နည်းက မသင့်တော်ပါဘူး။ အထူးသဖြင့် အောက်ပါအချက်တွေကို တွေ့ရှိရရင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။

▪️အသက် ၁၈ လ အရွယ် - လက်ညှိုးမထိုးတတ်ဘူး၊ စကားလုံးအသစ်မရှိဘူး၊ စကားလုံး ၆ လုံးတောင် မပြောတတ်ရင်၊

▪️အသက် ၂ နှစ် အရွယ် - စကားလုံးနှစ်လုံးတွဲ ("မေမေလာ" "ဘောလုံးပေး") မပြောတတ်ဘူး၊ "ဖိနပ်ယူလာပေး" စတဲ့ ရိုးရိုးညွှန်ကြားချက်တွေကို မလုပ်တတ်ရင်၊

▪️အသက် ၃ နှစ် အရွယ် - စကားမပီဘူး၊ ဝါကျတိုတိုလေးတွေ မပြောတတ်ဘူးဆိုရင်၊

🚨 အထူးသတိထားရမည့် အော်တစ်ဇင် (Autism) ၏ ရှေးဦးလက္ခဏာများ -

အောက်ပါလက္ခဏာများကို တွေ့ရပါက အော်တစ်ဇင် (𝐀𝐮𝐭𝐢𝐬𝐦 𝐒𝐩𝐞𝐜𝐭𝐫𝐮𝐦 𝐃𝐢𝐬𝐨𝐫𝐝𝐞𝐫) ဒါမှမဟုတ် အခြားသော ဖွံ့ဖြိုးမှုဆိုင်ရာ နှောင့်နှေးခြင်းများရဲ့ ရှေးဦးလက္ခဏာတွေ ဖြစ်နိုင်တဲ့အတွက်ကြောင့် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။

🔸အရင်ပြောဖူးတဲ့စကားလုံး၊ အသံတွေ ပြန်ပျောက်သွားတာ၊

🔸မျက်လုံးချင်းဆုံအောင် နည်းနည်းပဲကြည့်တာ၊ လူမှုဆက်ဆံရေးမှာ အားနည်းတာ၊

🔸လက်ညှိုးထိုးတာ၊ လက်လှမ်းယူတာလို အမူအရာတွေ မလုပ်တာ၊

🔸နာမည်ခေါ်ရင် ပြန်မထူးတာ၊ လမ်းညွှန်ချက်တွေကို နားမလည်တာ၊

စောစီးစွာ ကုသမှုခံယူခြင်း (𝐄𝐚𝐫𝐥𝐲 𝐈𝐧𝐭𝐞𝐫𝐯𝐞𝐧𝐭𝐢𝐨𝐧) ၏ အရေးပါပုံ -

ဆရာဝန်နဲ့ ပြသတဲ့အခါ ကလေးရဲ့ စကားပြောနောက်ကျခြင်းဟာ နားကြားရမှု အားနည်းခြင်းကြောင့် ဟုတ်၊ မဟုတ်ကို ပထမဆုံး အကြားအာရုံစစ်ဆေးမှု (Hearing Test) လုပ်ပြီး အတည်ပြုလေ့ရှိပါတယ်။

ကလေးတိုင်း ဖွံ့ဖြိုးမှုနှုန်း မတူညီတတ်ပေမယ့် ကိုယ့်ကလေးရဲ့ အပြုအမူကို အသေအချာ စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။ လိုအပ်ပါက Speech Therapy (စကားပြောကုထုံး) တွေကို အချိန်မီ စတင်ခြင်း (Early Intervention) က ကလေးရဲ့ အနာဂတ်အတွက် များစွာအကျိုးရှိစေပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ "စောင့်ကြည့်လိုက်ဦး" ဆိုတဲ့ အယူအဆထက် သံသယရှိရင် "စစ်ဆေးကြည့်လိုက်ဦး" ဆိုတာက အကောင်းဆုံးဖြစ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်နော်။

အခုဆိုရင်တော့ မေမေတို့အတွက် ကလေးငယ်တွေ စကားပြောနောက်ကျရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ သိသွားလောက်ပြီလို့ ထင်ပါတယ်နော်။ နောက်ထပ်လည်း မေမေတို့အတွက် ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်….

📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞
https://www.whattoexpect.com/toddler/ask-heidi/late-talker.aspx

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#စကားပြောနောက်ကျခြင်း #ကိုယ်ဝန်ဆောင်မိခင်

14/09/2026

𝐎𝐦𝐞𝐠𝐚-𝟑𝐬 က သင့်ကလေးအတွက် ဘာတွေအထောက်အကူပြုလဲ?

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်လောင်းတိုင်း စားသုံးလိုက်တဲ့ အစားအစာတိုင်းက ရင်သွေးလေးအတွက် အလွန်အရေးပါပါတယ်။ ဖောလစ်အက်ဆစ်၊ သံဓာတ်တို့အပြင် Omega 3 က ကလေးရဲ့ ဦးနှောက်နဲ့ မျက်လုံးဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရတစ်မျိုး ဖြစ်ပါတယ်။ ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေက ရင်သွေးလေး‌တွေအတွက်ရော မေမေတို့အတွက်ပါ အကျိုးကျေးဇူးတွေများစွာ ပေးစွမ်းနိုင်ပါတယ်။

𝐎𝐦𝐞𝐠𝐚 𝟑 ဆိုတာဘာလဲ?
Omega 3s က ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တဲ့ မရှိမဖြစ် လိုအပ်တဲ့ အဆီအက်ဆစ်ဖြစ်ပြီး သူ့ကို အစားအစာ သို့မဟုတ် ဖြည့်စွက်စာတွေကနေတစ်ဆင့် ရရှိနိုင်ပါတယ်။

➡️𝐃𝐇𝐀 (𝐃𝐨𝐜𝐨𝐬𝐚𝐡𝐞𝐱𝐚𝐞𝐧𝐨𝐢𝐜 𝐀𝐜𝐢𝐝) – ကလေးရဲ့ ဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးမှုကို အဓိက အထောက်အကူပြုပါတယ်။

➡️𝐄𝐏𝐀 (𝐄𝐢𝐜𝐨𝐬𝐚𝐩𝐞𝐧𝐭𝐚𝐞𝐧𝐨𝐢𝐜 𝐀𝐜𝐢𝐝) – မိခင်ရဲ့ နှလုံးကျန်းမာရေးနဲ့ စိတ်ခံစားချက်ကိုလည်း အကျိုးပြုပေးပါတယ်။

➡️𝐀𝐋𝐀 (𝐀𝐥𝐩𝐡𝐚-𝐥𝐢𝐧𝐨𝐥𝐞𝐧𝐢𝐜 𝐀𝐜𝐢𝐝) – အပင်ကရတဲ့ Omega 3 အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ်အတွင်း ဇီဝဖြစ်ပျက်မှု နည်းပါးတဲ့အတွက် DHA အဖြစ်ရောက်ရှိနိုင်မှု နည်းပါးပါတယ်။

ကိုယ်ဝန်ဆောင်စဉ် Omega 3 ရရှိခြင်း၏ အဓိက အကျိုးကျေးဇူးများ

၁။ အာရုံစူးစိုက်နိုင်မှုနဲ့ မှတ်ဉာဏ်အား ကောင်းမွန်ခြင်း၊
၂။ လမစေ့ဘဲ ကလေးမွေးဖွားနိုင်ခြေ လျော့ကျခြင်း၊
၃။ ကလေးကိုယ်အလေးချိန်နည်းခြင်းကို လျှော့ချပေးနိုင်ခြင်း၊
၄။ သွေးတိုးရောဂါ (Preeclampsia) အန္တရာယ် လျှော့ချပေးနိုင်ခြင်း၊
၅။ စိတ်ကျန်းမာရေးကို အထောက်အကူပြုခြင်း၊ (မီးဖွားပြီးနောက်ပိုင်း စိတ်ကျရောဂါ လက္ခဏာများကို သက်သာစေနိုင်ပါတယ်)

Omega 3 ကို တစ်နေ့ ဘယ်လောက်လိုအပ်လဲ ?တခြားဘယ်ကနေရနိုင်သေးလဲ?

အကြံပြုချက်များအရ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက နေ့စဉ် အိုမီဂါ-၃ အနည်းဆုံး ၂၀၀ မီလီဂရမ် လိုအပ်ပါတယ်။ ( ဆော်လမွန်ငါး ၁၀၀ ဂရမ်မှာ ဒီလောက် ပမာဏ ပါဝင်ပါတယ်။) Omega 3 ကို အစားအစာ၊ ဖြည့်စွက်စာ သို့မဟုတ် နှစ်မျိုးပေါင်းစပ်ခြင်းဖြင့်လည်း ရယူနိုင်ပါတယ်။

1. Omega 3 ကို အစားအစာမှ ရယူခြင်း

အကောင်းဆုံး ရင်းမြစ် – ပြဒါးဓာတ်နည်းပါးပြီး အဆီများတဲ့ ငါးတွေကို စားသုံးခြင်းဖြစ်ပါတယ်။

🔹ဆော်လမွန်
🔹တူနာငါးအသေး
🔹ဟယ်ရင်း
🔹ဆာဒင်း

ဒုတိယအဆင့် ရင်းမြစ် – အောက်ပါအစားအစာများတွင်လည်း Omega 3 ပါဝင်ပါတယ်။

🔸ဥများ (အထူးသဖြင့် Omega 3 ဖြည့်စွက်ထားသော ကြက်ဥ)
🔸ကြက်သား (အနည်းငယ်မျှသာ)
🔸ဖြည့်စွက်ထားသော နို့၊ ဒိန်ချဉ်၊ ပဲနို့ (တံဆိပ်ပေါ်တွင် “omega-3 fortified” အညွှန်းပါတာကို ဖတ်ပါ)

အပင်ရင်းမြစ်များ – ဖော်ပြထားတဲ့ အပင်များမှာ Omega 3 ရဲ့ ALA ပုံစံပါဝင်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်က ALA ကို DHA အဖြစ် ပြောင်းလဲအသုံးပြုနိုင်ပေမယ့်လည်း ထိရောက်စွာ ပြောင်းနိုင်စွမ်းတော့ မရှိပါဘူး။

▫️သစ်ကြားသီး
▫️နှမ်းစေ့
▫️ကနိုလာဆီ
▫️ပဲပိစပ်

2. Omega 3 ကို ဖြည့်စွက်စာမှ ရယူခြင်း

ငါးမစားနိုင်သူများ (သို့မဟုတ် စားချင်စိတ်မရှိသူများ)၊ သို့မဟုတ် အစားအစာမှ လုံလောက်စွာ မရနိုင်သူများအတွက် ဖြည့်စွက်စာက ကောင်းမွန်တဲ့ အရန်နည်းလမ်းတစ်ခုဖြစ်ပါတယ်။

➡️ပုံစံအမျိုးမျိုး – ဖြည့်စွက်စာများကို အရည်၊ ဝါးစားနိုင်တဲ့ ပျော့ဆေးပြား (soft chews)၊ နဲ့ ပျော့ဆေးတောင့် (soft gel) ပုံစံများနဲ့ အလွယ်တကူ တွေ့ရှိနိုင်ပါတယ်။ Gummy ပုံစံများလည်း ရှိပြီး အရသာရှိရှိနဲ့ မျိုချရလွယ်ကူတဲ့အတွက် လူကြိုက်များပါတယ်။

➡️သတ်သတ်လွတ်စားသူများအတွက် ရေညှိ (algae) မှ ထုတ်လုပ်တဲ့ Omega 3 ဖြည့်စွက်စာများလည်း ရှိပါတယ်။

Omega 3 က ကလေးရဲ့ အနာဂတ်ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ ဖြစ်ပါတယ်။ ငါးတွေကို မျှတစွာစားသုံးဖို့ ၊ လိုအပ်တဲ့ အာဟာရဓာတ်ကို အပြည့်အဝ ရယူပြီး စားသောက်ဖို့ ဒါမှမဟုတ် ယုံကြည်ရတဲ့ ဖြည့်စွက်စာတစ်မျိုးကို ဆရာဝန်နဲ့တိုင်ပင်ပြီး ဖြည့်စွက်ဖို့ လုံးဝမမေ့ပါနဲ့နော်။

အခုဆိုရင်တော့ မေမေတို့ Omega 3s ရဲ့ ကောင်းကျိုးနဲ့ ပတ်သက်ပြီး သေချာနားလည်သွားပြီလို့ ထင်ပါတယ်။

နောက်ထပ်လည်း ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဒီလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်….

📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞
https://www.babycenter.com/pregnancy/diet-and-fitness/is-it-safe-to-take-fish-oil-or-other-omega-3-supplements-dur_10336998

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#အိုမီဂါ3 #ကိုယ်ဝန်ဆောင်မိခင်

11/09/2026

Omega 3 က ကလေးအတွက် ဘာတွေ အထောက်အကူပြုနိုင်လဲ ?

A. ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးလာစေရန်
B. အရိုးတွေ သန်မာလာစေရန်
C. အရပ်ရှည်လာစေရန်

09/09/2026

ကိုယ်ဝန်ဆောင်စဉ် ရှောင်ကြဉ်ရမည့် အစားအစာနှင့် ဖျော်ရည် ၁၁ မျိုး 🥗🥙

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝအောင် စားသုံးဖို့ လိုအပ်ရုံသာမက မိခင်နဲ့ ကလေးအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစားအစာတချို့ကိုလည်း ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ဒီကာလဟာ မိခင်နဲ့ ကလေးရဲ့ ကျန်းမာရေးအတွက် အာဟာရအပြည့်အဝရရှိရေးသာမက၊ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကိုပါ ရှောင်ရှားဖို့ အလွန်အရေးကြီးတဲ့အချိန်လည်းဖြစ်ပါတယ်။ တစ်ခါတလေမှာ ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ ထင်ရတဲ့ အစားအစာတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ မစားသင့်တဲ့ အစားအစာတွေ ဖြစ်နေတတ်ပါတယ်။

ဒီနေ့မှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်သင့်တဲ့ အစားအစာနဲ့ ဖျော်ရည် (၁၁) မျိုးအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

၁. အစိမ်း (သို့) မကျက်သေးတဲ့ အသား၊ ပင်လယ်စာနဲ့ ကြက်သား

အကြောင်းရင်းကတော့Toxoplasma ကပ်ပါးကောင်နဲ့ အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားတွေ ပါနိုင်ပါတယ်။
ဘေးကင်းစေဖို့အတွက် အသား၊ ပင်လယ်စာတွေကို ကျက်အောင် ချက်ပေးပါ။ ဆူရှီ၊ ဂုံးစိမ်းတို့ကို ရှောင်ပေးပါ။

၂. ကြက်ဥအစိမ်း

ကြက်ဥအစိမ်းမှာ Salmonella ဘက်တီးရီးယား ပါဝင်နိုင်ပါတယ်။ ဒီဘက်တီးရီးယားကြောင့် ဖျားတာ၊ ပျို့အန်တာ၊ ဗိုက်အောင့်တာ၊ ဝမ်းသွားတာ စတာတွေ ဖြစ်နိုင်ပါတယ်။ တချို့အခြေအနေတွေမှာဆိုရင် လမစေ့ခင် မွေးတာ ဒါမှမဟုတ် ကလေးအသေမွေးတာတို့ထိပါ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ကြက်ဥအနှစ်ကို ကျက်တဲ့အထိ သေချာ ကျက်အောင်ချက်ပါ။ Homemade mayonnaise, salad dressings, homemade ice-cream စတာတွေထဲမှာလည်း ကြက်ဥအစိမ်း ပါဝင်နေနိုင်တဲ့အတွက် ရှောင်ပေးသင့်ပါတယ်။

၃. အဆင်သင့်လုပ်ထားသော အသုပ်များ (Deli meats, prepared salads)

အအေးခံထားတဲ့ အသားတွေ၊ salads တွေမှာ Listeria လို့ခေါ်တဲ့ ဘက်တီးရီးယား ပါနေနိုင်တဲ့အတွက် Sandwich, Potato salad တို့ကို သေချာအပူပေးပြီးမှသာ စားသုံးသင့်ပါတယ်။

နောက်ပြီး စည်သွပ်ထားတဲ့ အသားနဲ့ပင်လယ်စာတွေကို စားလို့ရတယ်ဆိုပေမယ့် ဆိုဒီယမ်ပါဝင်မှု များတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့အနေနဲ့ အနည်းငယ်ပဲ စားသုံးပေးသင့်ပါတယ်။

၄. မာကျူရီဓာတ်မြင့်မားသော ငါး

မာကျူရီဓာတ်က အာရုံကြောစနစ်၊ ကိုယ်ခံအားစနစ်နဲ့ ကျောက်ကပ်တို့ကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ်ကိုလည်း ပြင်းထန်တဲ့သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် မာကျူရီ ပါဝင်မှုနှုန်းများတဲ့ ငါးတွေကို မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာရော နို့တိုက်နေချိန်မှာပါ ရှောင်ပေးသင့်ပါတယ်။ ဥပမာအားဖြင့် - ငါးမန်း (Shark)၊ ဓားရှည်နှုတ်သီးငါး (Swordfish)၊ ကင်းမက်ကရယ် (King Mackerel) နှင့် တူနာငါးကြီးများ (Bigeye Tuna) ကဲ့သို့သော ပင်လယ်ငါးကြီးများကို ရှောင်ကြဉ်သင့်ပါတယ်။

၅. Unpasteurized နို့၊ Cheese နဲ့ ဖျော်ရည်များ

Pasteurization မပြုလုပ်ထားတဲ့ နို့၊ cheeseနဲ့ ဖျော်ရည်တွေမှာဆိုရင် Listeria, Salmonella အပါအဝင် အခြားကူးစက်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ပါဝင်နေနိုင်ပြီး အသက်အန္တရာယ်အတွက်ပါ စိုးရိမ်ရစေပါတယ်။

Pasteurization ဟာ အစားအစာတွေရဲ့ အာဟာရတန်ဖိုးကို လျော့ကျသွားစေတာမျိုးမရှိသလို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်တဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ pasteurized ပြုလုပ်ထားတဲ့ နို့၊ cheese နဲ့ ဖျော်ရည်တွေကိုသာ သောက်သုံးပေးသင့်ပါတယ်။

၆. ပူတဲ့နေရာ သို့မဟုတ် အေးတဲ့နေရာတွင် ကြာရှည်ထားသော အစားအစာများ

အကြောင်းရင်းကတော့ အပူချိန် အလယ်အလတ်မှာ ဘက်တီးရီးယား လျင်မြန်စွာ ပွားနိုင်ပါတယ်။

ဘေးကင်းစေဖို့အတွက် အနိမ့်ဆုံး အပူချိန် (Minimum Hot Holding Temperature) တွင်ထားပါ။ ဒါပေမယ့် ၂ နာရီကျော်တဲ့ထိ မစားဘဲ ပစ်ထားတဲ့ အစားအစာတွေကိုတော့ ဆက်ပြီးမစားသုံးသင့်ပါဘူး။

၇. အညှောက်ပေါက်စေ့များ (Raw sprouts)

Raw sprouts တွေမှာဆိုရင် Salmonella ဘက်တီးရီးယားတွေ ပါဝင်နေနိုင်ပါတယ်။ နောက်ပြီးတော့ ဘက်တီးရီးယားတွေက စိုစွတ်နွေးထွေးတဲ့ ပတ်ဝန်းကျင်မှာ လွယ်လွယ်ကူကူ ပွားနိုင်ပါတယ်။ ရေနဲ့ဆေးကြောရုံနဲ့လည်း ဒီဘက်တီးရီးယားတွေကို အလွယ်တကူဖယ်ရှားလို့ မရနိုင်တဲ့အတွက် မေမေတို့အနေနဲ့ သေချာချက်ပြုတ်ပြီးမှသာ စားပေးသင့်ပါတယ်နော်။

၈. မဆေးရသေးသော သစ်သီး၊ ဟင်းသီးဟင်းရွက်

မဆေးကြောရသေးတဲ့ ဟင်းသီးဟင်းရွက်တွေ ဒါမှမဟုတ် အခွံမခွာရသေးတဲ့ သစ်သီးတွေမှာ Toxoplasma, Listeria, Salmonella အစရှိတဲ့ ဘက်တီးရီးယားတွေ ကပ်နေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေကနေတစ်ဆင့် Toxoplasma ဘက်တီးရီးယားကူးစက်ခံရတဲ့ ကလေးတွေမှာဆိုရင် မွေးခါစမှာတော့ ချက်ချင်းလက္ခဏာမပြတတ်ပေမယ့် နောက်ပိုင်းမှာ မျက်စိကွယ်တာ ဒါမှမဟုတ် ဥာဏ်ရည်ဖွံ့ဖြိုးမှု ချို့ယွင်းတာ စတဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ သေချာဆေးကြော၊ အခွံခွာပြီးမှသာ စားသုံးသင့်ပါတယ်။

၉. အရက်ယမကာ

အရက်က အချင်းကနေတစ်ဆင့် ကလေးဆီရောက်နိုင်ပြီး ကလေးရဲ့ရုပ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ နောက်ပြီးတော့ ကိုယ်ဝန်ပျက်ကျနိုင်ခြေနဲ့ ကလေးအသေမွေးနိုင်ခြေလည်း များတာကြောင့် မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အရက်ကို လုံးဝရှောင်ကြဥ်သင့်ပါတယ်နော်။

၁၀. Fresh-squeezed juice

Fresh-squeezed juice တွေမှာဆိုရင် ဘက်တီးရီးယားတွေ ပါဝင်နေနိုင်ပြီး အစာအဆိပ်သင့်တာမျိုးတွေလည်း ဖြစ်နိုင်ကြောင်း တွေ့ရှိရပါတယ်။

ဒါကြောင့် မေမေတို့အနေနဲ့ အသီးဖျော်ရည်သောက်ချင်တဲ့အခါ အိမ်မှာ သေချာဆေးကြောပြီး ဖျော်သောက်တာမျိုးက ပိုပြီး စိတ်အချရဆုံးပါပဲနော်။ အိမ်မှာ သစ်သီးတွေကို သေချာဆေးကြောပြီး ကိုယ်တိုင်ညှစ်သောက်ပါ။ အအေးဆိုင်၊ ကော်ဖီဆိုင်တွေက ဖျော်ရည်စိမ်းတွေကို ရှောင်ပေးပါ။

၁၁. ကဖိန်းဓာတ် အလွန်အကျွံသောက်ခြင်း

ကဖိန်းဓာတ်အလွန်အကျွံသောက်သုံးတဲ့အခါ ကလေးမှာဆိုရင် လမစေ့ဘဲမွေးခြင်း၊ ကိုယ်အလေးချိန်နည်းခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ မိခင်မှာဆိုရင်တော့ စိတ်လှုပ်ရှားတာ၊ ညဘက်အိပ်မပျော်တာ၊ ရေဓာတ်ခန်းခြောက်တာ၊ အစာမကြေတာ၊ ပျို့အန်တာ စတာတွေ ခံစားရတတ်ပါတယ်။

တစ်နေ့ကို ကဖိန်း ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ လက်ဖက်ရည်၊ ချောကလက်နဲ့ Energy drinks တို့မှာလည်း ကဖိန်းဓာတ်ပါတာမလို့ ကိုယ်ဝန်ဆောင်မေမေတို့ ရှောင်ကြဥ်သင့်ပါတယ်။

အခုဆိုရင်ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ကြဉ်ရမယ့် အစားအစာနဲ့ ဖျော်ရည် (၁၁) မျိုး ကို သိသွားလောက်ပြီ ထင်ပါတယ်နော်။
နောက်ထပ်လည်း မေမေတို့အတွက် ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်….

📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞

https://www.babycenter.com/pregnancy/diet-and-fitness/foods-and-beverages-to-avoid-during-pregnancy_10348544

https://www.vinmec.com/eng/blog/11-foods-and-drinks-to-avoid-during-pregnancy-en

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#ကိုယ်ဝန်ဆောင်မိခင်

03/09/2026

ကလေးမွေးပြီး (၆)ပတ်အတွင်း မိခင်တိုင်း ဂရုစိုက်ရမယ့် အချက်များ ❕

22/08/2026

ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်ခြင်းက ပုံမှန်ပဲလား ?

18/08/2026

ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးလှုပ်ရှားတာကို ဘယ်အချိန်ကစပြီး ခံစားရလဲ ?
မေမေတို့ ဖြေပေးခဲ့ကြပါဦးနော် 🤍

𝐀. 𝟖-𝟏𝟎 𝐰𝐞𝐞𝐤𝐬
𝐁. 𝟏𝟔-𝟐𝟒 𝐰𝐞𝐞𝐤𝐬
𝐂. 𝟐𝟖-𝟑𝟎 𝐰𝐞𝐞𝐤𝐬

14/08/2026

ကလေးငယ်တွေ ဝမ်းချုပ်ခြင်းကို သက်သာစေမယ့် လျင်မြန်ထိရောက်တဲ့ နည်းလမ်း( ၄ )ခု

ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမွေးဖွားပြီးချိန်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောပြပြီးတဲ့နောက်မှာ မိခင်တော်တော်များများ စိုးရိမ်ရတဲ့ ကလေးငယ်တွေ ဝမ်းချုပ်တာနဲ့ပတ်သက်ပြီး ဆက်လက်ပြောပြပေးချင်ပါတယ်။

ဝမ်းချုပ်တာက ကလေးငယ်တွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အထူးသဖြင့် ဖြည့်စွက်စာ စစားတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ ကလေးလေးတွေ ဝမ်းချုပ်တာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေ၊ သက်သာအောင်လုပ်ပေးနိုင်မယ့် နည်းလမ်းလေးတွေနဲ့ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်လဲဆိုတာကို ဒီနေ့မှာ knowledge sharing လေး လုပ်ပေးချင်ပါတယ်။

ကလေးက ဝမ်းချုပ်နေတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ?

ကလေးက ဝမ်းသွားရခက်နေမယ် ဒါမှမဟုတ် ဝမ်းသွားဖို့အခက်အခဲရှိနေမယ်ဆိုရင် ဒါက ဝမ်းချုပ်တာပါ။

လက္ခဏာတွေအနေနဲ့ -

▫️ပုံမှန်ထက် ဝမ်းသွားတာ နည်းလာခြင်း (အထူးသဖြင့် ၃ ရက်နဲ့အထက် ဝမ်းမသွားခြင်း၊ ဝမ်းသွားရင်လည်း အဆင်မပြေခြင်း)၊
▫️ဝမ်းခဲမာမာများသွားခြင်း၊
▫️၁၀ မိနစ်ကျော် အားစိုက်ပြီးတာတောင် ဝမ်းမသွားခြင်း၊
▫️ပုံမှန်ထက် ပိုမအီမသာဖြစ်နေခြင်း (သို့) နို့ပြန်အန်တာ များလာခြင်း၊

သတိပြုရမှာကတော့ ကလေးငယ်တွေ ဝမ်းသွားခါစမှာ အော်ငိုတာ၊ မျက်နှာနီတာတွေက ပုံမှန်ပါပဲ။ ဝမ်းပျော့ပျော့သွားနေသရွေ့တော့ စိတ်ပူစရာမလိုပါဘူး။ ဒါက ကလေးအသက် ၆ လဝန်းကျင်မှာ အဆင်ပြေသွားတတ်ပါတယ်။

အထူးသိထားရမှာက မိခင်နို့တစ်မျိုးတည်း သောက်တဲ့ကလေးငယ်တွေမှာ ဝမ်းချုပ်တာ အလွန်ရှားပါတယ်။ တစ်ပတ်ကို တစ်ခါပဲ ဝမ်းသွားပေမယ့် ဝမ်းပျော့နေရင် ဝမ်းမချုပ်ပါဘူး။

ကလေးတွေ ဝမ်းချုပ်ရတဲ့ အကြောင်းအရင်းတွေကတော့ -

➡️ဖြည့်စွက်စာ – အမျှင်ဓာတ်နည်းတဲ့ ဆန်မှုန့်ကိုစကျွေးခြင်း ( အုတ်ဂျုံမှုန့်လို အမျှင်ဓာတ်များတဲ့အစားအစာတွေကို ပြောင်းကျွေးပေးပါ။)
➡️ဖော်မြူလာနို့မှုန့် – ဖော်မြူလာနို့မှုန့်မှာပါတဲ့ ပရိုတင်းဓာတ်က တချို့ကလေးတွေအတွက် ဝမ်းချုပ်စေနိုင်ပါတယ် (လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး တခြားနို့မှုန့် brand တစ်ခု ပြောင်းတိုက်တာမျိုး လုပ်ကြည့်ပေးပါ။)
➡️နွားနို့ – ကလေးအသက် ၁ နှစ်မပြည့်မချင်း မတိုက်သင့်ပါဘူး။ ၁နှစ်ကျော်သွားလို့ တိုက်တဲ့အခါမှာလည်း တစ်နေ့ကို ၁၆-၂၄ အောင်စ (၀.၅-၀.၇ လီတာ) ထက် ပိုမတိုက်သင့်ပါဘူး။
➡️သံဓာတ်ဖြည့်စွက်ဆေး – ဖော်မြူလာထဲပါတဲ့ သံဓာတ်က ဝမ်းမချုပ်စေနိုင်ပေမယ့် သံဓာတ်အားဆေးကတော့ ဝမ်းချုပ်စေနိုင်ပါတယ်။
➡️ရေဓာတ်ခန်းခြောက်ခြင်း – ရေဓာတ်မလုံလောက်ရင်လည်း ဝမ်းချုပ်တတ်ပါတယ်။
➡️နို့ဖြတ်ခြင်း – မိခင်နို့ပမာဏ လျှော့လိုက်တာနဲ့ ရေဓာတ်ခန်းခြောက်ပြီး ဝမ်းချုပ်နိုင်ပါတယ်။
➡️တခြားရောဂါအခြေအနေများ - ရှားပါးပေမယ့် သိုင်းရွိုက်ဟော်မုန်းနည်းပါးခြင်း၊ Cystic Fibrosis၊ Botulism၊ အစားအစာဓာတ်မတည့်ခြင်းနဲ့ ဇီဝဖြစ်ပျက်မှုဆိုင်ရာ ရောဂါအခြေအနေတွေကြောင့်လည်း ဝမ်းချုပ်တတ်ပါတယ်။ ကလေးဝမ်းချုပ်ရတဲ့ အကြောင်းအရင်းကို ရှာမတွေ့ဘူးဆိုရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

ဒါဆိုရင် ကလေးလေးတွေ ဝမ်းချုပ်တာကို သက်သာအောင် ဘယ်လိုလုပ်ပေးလို့ရမလဲ?

အခုပြောပြပေးသွားမယ့် နည်းလမ်း (၄)ခုကို လိုက်လုပ်ကြည့်ပေးလို့ ရပါတယ်။

🔹လေ့ကျင့်ခန်း လုပ်ပေးပါ။
ကလေးကတွားသွားတတ်ပြီဆိုရင် အခန်းထဲ တွားသွားဖို့ အားပေးပါ။
တွားမသွားတတ်သေးဘူးဆိုရင်လည်း ကလေးကို ပက်လက်အိပ်ခိုင်းပြီး ခြေထောက်လေးတွေကို စက်ဘီးနင်းသလို ရှေ့ကိုဝိုင်းပြီး ညင်ညင်သာသာလေး လှုပ်ရှားပေးပါ။ ဒီအလေ့အကျင့်က အူလမ်းကြောင်းကို ကောင်းမွန်အောင် လှုံ့ဆော်ပေးပါတယ်။

🔹ကလေးရဲ့ဝမ်းဗိုက်ကို နှိပ်နယ်ပေးပါ။
ကလေးရဲ့ဗိုက်ကို ညင်ညင်သာသာ နှိပ်နယ်ပေးတာကလည်း အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

🔹အစားအစာတွေကို ပြောင်းကျွေးပါ။
ကလေးက အစားအစာ အမျိုးမျိုးကို သေချာစားနိုင်တဲ့အရွယ်ရောက်ပြီဆိုရင် ဝမ်းချုပ်စေတဲ့ အစားအစာတွေ (ဆန်၊ ငှက်ပျောသီး)ကို လျှော့ကျွေးပါ။ ဝမ်းပျော့စေဖို့ အမျှင်ဓာတ်ပါတဲ့ ဆီးသီးအနှစ်၊ ပဲစေ့အနှစ်၊ သင်္ဘောသီးအနှစ်၊ သစ်တော်သီးအနှစ်စတာတွေကို ကျွေးပေးပါ။

အိမ်မှာ ကလေးအစားအစာလုပ်တဲ့အခါ အသီးအနှံအခွံပါ ရောကြိတ်ပေးပါ၊ ဘာလို့လဲဆိုတော့ အခွံမှာ အမျှင်ဓာတ်အများဆုံးပါဝင်လို့ပါ။ ကလေးငယ်လေး သီးခြင်း/နင်ခြင်း (Choking Hazard) မဖြစ်စေဖို့အတွက် သေသေချာချာညက်နေအောင် ကြိတ်ပေးဖို့လည်း လိုအပ်ပါတယ်။

ဖျော်ရည် (သို့မဟုတ်) ရေအနည်းငယ် တိုက်ကျွေးခြင်း

ကလေးလေးတွေ ဝမ်းချုပ်တဲ့အခါ ရေ ဒါမှမဟုတ် သစ်သီးဖျော်ရည် အနည်းငယ်တိုက်ပေးတာက ဝမ်းပျော့စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် ကလေးအသက်အရွယ်အလိုက် တိုက်ကျွေးရမယ့် ပမာဏနဲ့ သတိပြုရမယ့် အချက်လေးတွေ ရှိပါတယ်။

- အသက် (၁) လမှ (၄) လအထိ
ဒီအရွယ်ကလေးငယ်တွေကို ဖျော်ရည်မတိုက်ခင်မှာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

- အသက် (၄) လနဲ့အထက်
သစ်တော်သီး၊ ပန်းသီး (သို့မဟုတ်) ဆီးသီး ဖျော်ရည်ကို တစ်နေ့လျှင် ၂ အောင်စမှ ၄ အောင်စ (၆၀-၁၂၀ မီလီလီတာ) ခန့် တိုက်ကျွေးနိုင်ပါတယ်။

မှတ်ချက်။ ၁ ပတ်မှ ၂ ပတ်ခန့်သာ တိုက်ကျွေးသင့်ပါတယ်။ ဒါ့အပြင် ၁၀၀% သဘာဝသစ်သီးစစ်စစ် ဖြစ်ဖို့လိုအပ်ပြီး သကြားလုံးဝ (လုံးဝ) ထပ်မံဖြည့်စွက်ထားခြင်း မရှိတဲ့ ဖျော်ရည်ဖြစ်ဖို့လည်း အလွန်အရေးကြီးပါတယ်။

- အသက် (၆) လမှ (၁၂) လအထိ
ဒီအရွယ်ရောက်ပြီဆိုရင်တော့ ဝမ်းပျော့စေဖို့အတွက် တစ်နေ့လျှင် ၄ အောင်စမှ ၆ အောင်စ (၁၂၀-၁၈၀ မီလီလီတာ) ပမာဏရှိတဲ့ ရေနွေးနွေးလေးကို တိုက်ပေးနိုင်ပါပြီ။

⚠️ အထူးသတိပြုရန် (ရေတိုက်ခြင်း ကန့်သတ်ချက်)

အသက် (၆) လအောက် ကလေးငယ်လေးတွေဟာ မိခင်နို့တမျိုးတည်းသာ တိုက်ရမယ့် ကာလဖြစ်ပါတယ်။ ဆရာဝန်မညွှန်ကြားဘဲ ရေတိုက်ခြင်းဟာ ရေဆိပ်တက်ခြင်း (Water Intoxication) ဆိုတဲ့ အန္တရာယ်ရှိတဲ့ အခြေအနေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်က လိုအပ်လို့ ဖျော်ရည်တိုက်ဖို့ ညွှန်ကြားတာမျိုးကလွဲရင် ကိုယ့်သဘောနဲ့ကိုယ် ရေတိုက်တာမျိုးကို အထူးသတိပြု ရှောင်ကြဉ်ရပါမယ်။

ဝမ်းနှုတ်ဆေးတိုက်လို့ရလား?
ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ကလေးကို ဝမ်းနှုတ်ဆေး မတိုက်သင့်ပါဘူး။ လိုအပ်တဲ့အခါမှသာ ဆရာဝန်က ဝမ်းပျော့ဆေး (Stool softeners)၊ Glycerin suppositories တို့ကို ညွှန်ပေးပါလိမ့်မယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ?
အသက် ၄ လအောက် ကလေးမှာ ဒီလိုလက္ခဏာတွေ ဖြစ်နေရင် ဆရာဝန်နဲ့ ချက်ချင်းပြပေးပါ။

➡️ဝမ်းမာမာတွေ သွားနေရင်၊
➡️ပုံမှန်သွားလေ့သွားထရှိတဲ့ အချိန်အတိုင်း ၂၄ နာရီအတွင်း ဝမ်းမသွားရင်၊

ကလေးဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် ဒီလိုလက္ခဏာတွေ ဖြစ်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြပေးပါ။

➡️အစာမစားချင်ဖြစ်နေရင်၊
➡️ကိုယ်အလေးချိန်ကျနေရင်၊
➡️အော့အန်နေရင်၊
➡️ဝမ်းဗိုက်ဖောင်းကားနေရင်၊
➡️ဝမ်းထဲမှာ သွေးပါနေရင်၊
➡️အားစိုက်ပေမယ့်လည်း ဝမ်းဆက်ချုပ်နေရင်၊
➡️အစားအသောက်ပြောင်းတာမျိုးလို အခြေခံကုသနည်းတွေနဲ့ မထူးခြားရင်၊

မေမေတို့အနေနဲ့ သတိထားရမှာက ကလေးဝမ်းအရမ်းချုပ်လို့ စအိုဝအနီးတစ်ဝိုက် နူးညံ့တဲ့အရေပြားမှာ အက်ကွဲတာမျိုး (fissures) ဖြစ်ပြီး သွေးအနည်းငယ်ပါလာရင် Petroleum Jelly အနည်းငယ်လိမ်းပေးပြီး သန့်ရှင်းခြောက်သွေ့ အောင်ထားပေးပါ။ ဆရာဝန်ကိုလည်း ပြောပြပေးပါ။

အခုဆိုရင်တော့ ကလေးငယ်လေးတွေ ဝမ်းချုပ်တာနဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေရယ် ဘယ်လိုသက်သာအောင် လုပ်ပေးရမလဲဆိုတဲ့ နည်းလမ်းလေးတွေရယ်ကို မေမေတို့ သိသွားလောက်ပြီ ထင်ပါတယ်နော်။

နောက်ထပ်လည်း မေမေတို့အတွက် ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေ ကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော် ….

📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞
4 quick ways to relieve constipation in babies | BabyCenter

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#ဝမ်းချုပ်ခြင်း #ကလေးငယ်များ

10/08/2026

ကိုယ်ဝန်ဆောင်ချိန် လေ့ကျင့်ခန်းလုပ်ခြင်း၏ ကောင်းကျိုးများ

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်တိုင်း လိုက်နာသင့်တဲ့ အလေ့အကျင့်ကောင်းတစ်ခုက ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ တချို့က ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အနားယူသင့်တယ်၊ မလှုပ်ရှားသင့်ဘူးလို့ ထင်နေတတ်ပေမယ့် တကယ်တမ်းမှာတော့ နိုင်ငံတကာ သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်များရဲ့ လမ်းညွှန်ချက်တွေအရ "ကိုယ်ဝန်ဆောင်စဉ် သင့်တင့်မျှတတဲ့ လေ့ကျင့်ခန်းလုပ်ခြင်းက မိခင်ရော ကလေးအတွက်ပါ အထူးကောင်းမွန်တယ်" ဆိုတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကိုယ်ဝန်ဆောင်ချိန် လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ကောင်းကျိုးတွေနဲ့ မေမေတို့ သတိပြုရမယ့် အချက်လေးတွေကိုပါ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူး (၈) ချက်

🔹စွမ်းအင်ကို တိုးပွားစေနိုင်ခြင်း
ကိုယ်ဝန်ရှိလာချိန်မှာ ခန္ဓာကိုယ်အပြောင်းအလဲတွေကြောင့် မောပန်းလွယ်တတ်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်းက နှလုံးနဲ့ အဆုတ်ကို သန်စွမ်းစေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတာကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အားအင်မကုန်ဘဲ လန်းလန်းဆန်းဆန်း လုပ်နိုင်စေပါတယ်။

🔹အိပ်ရေးဝဝအိပ်စေနိုင်ခြင်း
မကြာခဏ ဆီးသွားချင်တာ၊ ရင်ပူတာတွေက ညဘက်အိပ်ရေးပျက်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်ကို ပေါ့ပါးစေပြီး ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

🔹ကိုယ်ဝန်ဆောင်ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း
လေ့လာမှုများအရ လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းက ကိုယ်ဝန်ဆောင်ဆီးချို (Gestational Diabetes) နဲ့ ကိုယ်ဝန်ဆောင်သွေးတိုး/အဆိပ်တက်ခြင်း (Preeclampsia) ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း အတည်ပြုထားပါတယ်။

🔹ကိုယ်ဝန်ဆောင်စဉ် မသက်မသာဖြစ်မှုများကို လျှော့ချပေးခြင်း
လမ်းလျှောက်ခြင်းက သွေးလည်ပတ်မှုကောင်းစေပြီး၊ ဆန့်တန်းလေ့ကျင့်ခန်း (Stretching) နဲ့ ယောဂလေ့ကျင့်ခန်းတို့က ခါးနာခြင်းနဲ့ ကြွက်သားတင်းမာမှုတွေကို သက်သာစေပါတယ်။ ရေကူးခြင်းကလည်း ဝမ်းဗိုက်နဲ့ ခါးကြွက်သားတွေကို သန်စွမ်းစေပါတယ်။

🔹ကလေးမီးဖွားရန်အတွက် ပြင်ဆင်ပေးခြင်း
ကလေးမွေးဖွားခြင်းက ခံနိုင်ရည်၊ ဇွဲနဲ့ အာရုံစူးစိုက်မှု အများကြီးလိုအပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ထားလို့ ကြံ့ခိုင်နေတဲ့ မိခင်ဟာ သက်လုံပိုကောင်းသဖြင့် ကလေးမွေးဖွားချိန် (Labor) ဝေဒနာကို ပိုမိုမြန်ဆန်လွယ်ကူစွာ ဖြတ်သန်းနိုင်ပါတယ်။

🔹စိတ်ဖိစီးမှုကို လျှော့ချပေးပြီး စိတ်ကျန်းမာရေးကို ကောင်းမွန်စေခြင်း
လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ ဆီရိုတိုနင် (Serotonin) နဲ့ အင်ဒိုဖင် (Endorphins) ဓာတ်တွေကို မြှင့်တင်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

🔹မိမိကိုယ်ကို ယုံကြည်မှု တိုးပွားစေခြင်း
ကိုယ်အလေးချိန်တက်လာတာကို မြင်ရတာ စိတ်ညစ်စရာကောင်းနိုင်ပေမယ့်၊ လေ့ကျင့်ခန်းလုပ်ခြင်းက “ကိုယ်နဲ့ကလေးအတွက် အကောင်းဆုံး ပြင်ဆင်နေတယ်” ဆိုတဲ့ အသိကို ရရှိစေပြီး မိခင်ကို ပိုမိုယုံကြည်မှု ရှိလာစေပါတယ်။

🔹မီးဖွားပြီးနောက် မြန်မြန်ဆန်ဆန် ပြန်လည်နာလန်ထူခြင်း
ကိုယ်ဝန်ဆောင်ချိန် ကြွက်သားသန်စွမ်းအောင် လုပ်ထားခြင်းက ကလေးမွေးဖွားပြီးနောက် (Postpartum) ခန္ဓာကိုယ် ပုံမှန်အနေအထားကို အမြန်ဆုံးပြန်ရောက်ဖို့နဲ့ မွေးကင်းစကလေးကို ပြုစုရတာ ပိုမိုလွယ်ကူစေပါတယ်။

လေ့ကျင့်ခန်းမလုပ်ခင် မေမေတို့ သတိပြုရမယ့် အချက်တွေကတော့ -

ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ရက်ကို မိနစ် ၂၀-၃၀ ခန့် (တစ်ပတ်လျှင် စုစုပေါင်း မိနစ် ၁၅၀ ခန့်) လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ယောဂကျင့်ခြင်းစတဲ့ သင့်တင့်တဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အောက်ပါအခြေအနေတွေ ရှိနေရင်တော့ အထူးသတိပြုရပါမယ်။

➡️ လေ့ကျင့်ခန်း လုံးဝမလုပ်သင့်သော အခြေအနေများ (𝐂𝐨𝐧𝐭𝐫𝐚𝐢𝐧𝐝𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬):
အချင်းရှေ့ရောက်နေခြင်း (Placenta Previa)၊ လမစေ့ဘဲ မွေးဖွားနိုင်ခြေရှိခြင်း (Risk of Preterm Labor)၊ သားအိမ်ခေါင်းမလုံခြင်း၊ ရေမြွာပေါက်နေခြင်းနဲ့ ပြင်းထန်တဲ့ နှလုံး/အဆုတ်ရောဂါ ရှိသူများအနေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

➡️ ချက်ချင်းရပ်တန့်ပြီး ဆရာဝန်ပြသရမယ့် လက္ခဏာများ:
လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ မူးဝေခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း သို့မဟုတ် သားအိမ်ပုံမှန်မဟုတ်ဘဲ ညှစ်ခြင်းများ ခံစားရပါက လေ့ကျင့်ခန်းကို ချက်ချင်းရပ်တန့်ပြီး ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

မေမေတို့အနေနဲ့ မိမိရဲ့ ကိုယ်ဝန်အခြေအနေဟာ ဆေးဘက်ဆိုင်ရာ အတားအဆီးမရှိဘူးဆိုရင် လေ့ကျင့်ခန်းလုပ်ဖို့ တွန့်ဆုတ်မနေပါနဲ့နော်။ လုံခြုံစိတ်ချရမှုရှိစေဖို့ မိမိရဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးတာနဲ့ ပုံမှန်လေ့ကျင့်ခန်း အနည်းငယ်လောက်ကို စလုပ်ပေးလို့ ရပါတယ်ရှင်။

ကိုယ်ဝန်ဆောင် မေမေတို့အားလုံး ဘေးကင်းကျန်းမာပြီး တက်ကြွလန်းဆန်းတဲ့ ကိုယ်ဝန်ဆောင်ဘဝကို ပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

နောက်ထပ်လည်း ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဒီလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို ဆက်တိုက်တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်……..

📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞
https://www.babycenter.com/pregnancy/diet-and-fitness/eight-great-benefits-of-pregnancy-exercise_7864

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#ကိုယ်ဝန်ဆောင်စဥ်လေ့ကျင့်ခန်းလုပ်ခြင်း #ကိုယ်ဝန်ဆောင်မိခင်

07/08/2026

ကိုယ်ဝန်ဆောင်ချိန် ခြေထောက်မငြိမ်မသက်ဖြစ်ခြင်း (Restless Legs Syndrome) အတွက် သက်သာစေမယ့် နည်းလမ်း (၁၀) ခု

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်တိုင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် တချို့မေမေတွေအနေနဲ့ ညအချိန် ခြေထောက်ထဲမှာ တစ်ခုခု တွားသွားသလို၊ ယားယံသလိုမျိုး ခံစားရတတ်ပြီး မလှုပ်ရမနေနိုင်အောင် စိတ်တိုဒေါသထွက်စရာမျိုး ကြုံရတတ်ပါတယ်။ ဒါကို ခြေထောက်မငြိမ်မသက်ဖြစ်ခြင်း (𝐑𝐞𝐬𝐭𝐥𝐞𝐬𝐬 𝐋𝐞𝐠𝐬 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 - 𝐑𝐋𝐒) လို့ ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေအဖြစ်များတဲ့ ဝေဒနာတစ်ခုပါ။

လေ့လာမှုများအရ ကိုယ်ဝန်ဆောင် အမျိုးသမီး ၃ ဦးမှာ ၁ ဦးက RLS ခံစားရတတ်ပြီး အထူးသဖြင့် ကိုယ်ဝန် ဒုတိယနဲ့ တတိယသုံးလပတ်တွေမှာ ပိုဆိုးရွားတတ်ပါတယ်။ ဒီဝေဒနာက ကလေးကိုဖြစ်စေ၊ အမေကိုဖြစ်စေ ဘေးအန္တရာယ်မရှိဘဲ ကလေးမွေးဖွားပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အလိုအလျောက် ပျောက်ကင်းသွားတတ်ပါတယ်။ ဒီဝေဒနာကို သက်သာအောင် လုပ်ရမယ့်နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။

(၁) ညင်သာစွာ လေ့ကျင့်ခန်းလုပ်ခြင်း
တစ်နေ့တာအတွင်း ပုံမှန်‌လေ့ကျင့်ခန်းတွေ (ဥပမာ - လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ထိုင်ထပြုလုပ်ခြင်း) လုပ်ပေးတာက ကြွက်သားတင်းမာတာကို ပြေလျော့စေပါတယ်။ အိပ်ရာမဝင်ခင် ၃-၄ နာရီအတွင်း ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်တာကိုတော့ ရှောင်ပေးပါ။

(၂) ဆန့်တန်းလေ့ကျင့်ခန်း(Stretching exercise) နဲ့ ယောဂ
အိပ်ရာမဝင်ခင် မိနစ် ၂၀ လောက် ညင်သာစွာ Stretching exercise သို့မဟုတ် ကိုယ်ဝန်ဆောင်ယောဂ ပြုလုပ်ပေးခြင်းက ကြွက်သားတင်းမာမှုကို လျှော့ချပေးနိုင်ပါတယ်။ အထူးသဖြင့် ခြေသလုံး၊ ပေါင်နောက်ဘက်နဲ့ ပေါင်ရင်းတစ်ဝိုက်ကို ဆန့်တန်းပေးတာက အကောင်းဆုံးဖြစ်ပါတယ်။

(၃) နှိပ်နယ်ပေးခြင်း
ညဘက်အိပ်ရာမဝင်ခင် ခြေထောက်၊ ခြေဖဝါးနဲ့ ပေါင်တွေကို အုန်းဆီ သို့မဟုတ် ဗာဒံဆီနဲ့ ညင်သာစွာ နှိပ်နယ်ပေးမယ်ဆိုရင် သွေးလည်ပတ်မှုကောင်းစေပြီး မငြိမ်မသက်ဖြစ်မှုကိုလည်း သက်သာစေပါတယ်။ အိမ်သုံးလက်နှိပ်စက် (massager) ကိုလည်း အသုံးပြုနိုင်ပါတယ်။

(၄) အပူပေးခြင်း
ရေနွေးနွေးနဲ့ ရေချိုးခြင်း၊ ရေနွေးအိတ် သို့မဟုတ် အပူပေးခေါင်းအုံးကို ခြေသလုံး သို့မဟုတ် ပေါင်ပေါ်တင်ထားပေးခြင်းကလည်း ကြွက်သားတွေကို ပြေလျော့စေပြီး ဝေဒနာကိုလည်း သက်သာစေပါတယ်။ ( ရေတအားပူတာကိုတော့ ရှောင်ပေးပါ )

(၅) အအေးခံခြင်း
တချို့မိခင်တွေအတွက် အအေးက ပိုသက်သာစေပါတယ်။ ခြေထောက်ကို ရေအေးအေးနဲ့ စိမ်တာ၊ ရေခဲအိတ်ကို ခြေဖဝါးအောက် ၅-၁၀ မိနစ်လောက် ထားပြီး ကပ်ပေးတာ သို့မဟုတ် menthol ပါတဲ့ လိမ်းဆေးကို ခြေသလုံးမှာ လိမ်းပေးတာက အာရုံကြောကို ပြောင်းလဲစေနိုင်ပါတယ်။

(၆) အပန်းဖြေနည်းနဲ့ အသက်ရှူလေ့ကျင့်ခန်း
စိတ်တည်ငြိမ်အောင်ထားခြင်းက RLS ကို အနိုင်ယူနိုင်ပါတယ်။ ဒီအတိုင်း လုပ်ကြည့်ပါ။
➡️ခြေချောင်းတွေကို ကွေးထားပြီး အသက်ရှူသွင်း၊ ၅-၁၀ စက္ကန့်ထား၊ ပြေလျော့လိုက်ပါ။
➡️ခြေဖဝါးကနေစပြီး မျက်နှာအထိ တစ်ကိုယ်လုံးကို အလားတူ လုပ်ပါ။
➡️မျက်လုံးပိတ်ပြီး ၁၀ ကနေ ၁ ကို ရေတွက်ပါ။ ဂဏန်းတိုင်းမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ အိပ်ရာနဲ့ တစ်သားတည်းဖြစ်သွားပြီလို့ တွေးပေးပါ။

(၇) အိပ်ရာဝင်ချိန် ပြုလုပ်နိုင်တဲ့ ကုထုံးများ
အိပ်ရာမဝင်ခင် နှစ်နာရီအလို ခြေထောက်ကို Epsom ဆားနဲ့ ရေနွေးနွေးစိမ်ပါ။ ခြောက်အောင် သုတ်ပြီး ဆေးပရုတ်ဆီကို ခြေဖဝါးနဲ့ ခြေချင်းဝတ်မှာ လိမ်းပေးပါ။

(၈) အိပ်ရာမဝင်မီ အစာအနည်းငယ်စားခြင်း
Magnesium ကြွယ်ဝသောအစားအစာ – ရွှေဖရုံစေ့၊ ဗာဒံစေ့၊ ဟင်းနုနွယ်ရွက်တို့ကိုလည်း စားသုံးနိုင်ပါတယ်။

(၉) လိင်ပိုင်းဆိုင်ရာ ကျေနပ်မှု ရရှိခြင်း
လိင်ပိုင်းဆိုင်ရာ ကျေနပ်မှု ရရှိချိန်တွင် ခန္ဓာကိုယ်ကနေ "အင်ဒိုဖင် (endorphins)" လို့ ခေါ်တဲ့ သဘာဝ ပျော်ရွှင်စေတဲ့ ဓာတုပစ္စည်းကို ထုတ်လွှတ်ပေးပါတယ်။ ဒီ Endorphins ဓာတ်က ကြွက်သားတွေကို ပြေလျော့စေပြီး ခန္ဓာကိုယ်တစ်ခုလုံး အေးချမ်းစေကာ RLS လက္ခဏာတွေကို လျှော့ချပေးနိုင်ပါတယ်။

(၁၀) ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖြည့်စွက်စာသောက်ပါ
သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ် ဖြည့်စွက်စာတွေက RLS ကို သက်သာစေနိုင်ပါတယ်။ ဆရာဝန်ခွင့်ပြုမှသာ သောက်ပါ။

❕သတိပြုရန် အချက်များ (RLS ရှိလျှင် ရှောင်ရန် )
➡️ ကဖိန်းဓာတ် – လက်ဖက်ရည်၊ ကော်ဖီ၊ ကိုလာ၊ ချောကလက်
➡️ ဆေးလိပ် နဲ့ အရက်
➡️ ဓာတ်မတည့်မှုတိုက်ဖျက်ဆေး (Antihistamines) – အထူးသဖြင့် diphenhydramine (Benadryl) ပါတဲ့ဆေးများ
➡️ အိပ်ရာပေါ်တွင် နိုးနိုးကြားကြားလှဲနေခြင်း – အိပ်ချင်မှ အိပ်ရာဝင်ပေးပါ

ခြေထောက်မငြိမ်မသက်ဖြစ်ခြင်းက ကိုယ်ဝန်ဆောင်စဉ် အလွန်အဖြစ်များပြီး အိပ်ရေးပျက်စေပေမယ့်လည်း ခဏယာယီဖြစ်ပြီး ကလေးမွေးဖွားပြီးတဲ့နောက် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ပျောက်ကင်းသွားတတ်ပါတယ်။ အရေးကြီးဆုံးကတော့ မိခင်တိုင်း စိတ်ရှည်သည်းခံပြီး ကိုယ်နဲ့ အသင့်တော်ဆုံး နည်းလမ်းကို ရှာဖွေဖို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ ရောဂါလက္ခဏာက ပိုပြီးပြင်းထန်လာမယ်ဆိုရင် ဆရာဝန်နဲ့ ပြသပြီး သွေးအားနည်းခြင်း၊ သံဓာတ်ချို့တဲ့ခြင်း စတာတွေကို စစ်ဆေးသင့်ပါတယ်။

အခုဆိုရင်တော့ မေမေတို့ ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်မငြိမ်မသက်ဖြစ်ခြင်း (𝐑𝐞𝐬𝐭𝐥𝐞𝐬𝐬 𝐋𝐞𝐠𝐬 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞) အတွက် သက်သာစေမယ့် နည်းလမ်းလေးတွေကို သေချာသိသွားလောက်ပြီလို့ထင်ပါတယ်နော်။ ကိုယ်ဝန်ဆောင် မေမေတို့အားလုံး တက်ကြွလန်းဆန်းတဲ့ ကိုယ်ဝန်ဆောင်ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်

နောက်ထပ်လည်း ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဒီလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်……..

📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞
https://www.babycenter.com/pregnancy/your-body/sleep-problem-restless-legs-syndrome-during-pregnancy_7549

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#ခြေထောက်မလှုပ်ရမနေနိုင်ခြင်း # #ကိုယ်ဝန်ဆောင်မိခင်

Address


#106, Maha Land Business Center, 56 Kabar Aye Pagoda Road, Yankin Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Nifty Test posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.