Moe - TRIO
To share the personal reflection and life application on Bible reading and Bible stories. Catholic Writer
17/09/2026
တကယ်တော့ မြန်မာပြည်ကက်သလစ်သာသနာအတွင်းမှာ Catholic Church Artကို ပိုင်နိုင်ကျွမ်းကျင်တဲ့ Catholic Artistတွေက မရှိသလောက်နီးပါး ရှားပါးလွန်းလှသလို၊ ဘုရားကျောင်းတော်အသစ်တွေကို တည်ဆောက်တဲ့အခါမှာလည်း ခေတ်မီတိုးတက်ခြင်း၊ဆန်းပြားခန်းနားခြင်းတွေကိုပဲ ဦးစားပေး၊ထည့်သွင်းဆောက်လုပ်တာဖြစ်လေတော့ အစဉ်အဆက်က ဂုဏ်ယူစရာကောင်းခဲ့တဲ့ ကက်သလစ်ဘုရားကျောင်းတော်တို့ရဲ့ဗိသုကာနဲ့အနုပညာလက်ရာတွေလည်း မပါဝင်တော့သလောက်၊မတွေ့ရှိရသလောက်ပါပဲ။
အဲဒါကြောင့်လည်း ကိုလိုနီခေတ်မတိုင်မီကဆောက်လုပ်ထားခဲ့တဲ့ သမိုင်းဝင်ရှေးဟောင်းကက်သလစ်ဘုရားကျောင်းတော်တစ်ခုဖြစ်တဲ့ စိန့်ဂျိုးဇက်(ကြည့်မြင်တိုင်)ဘုရားကျောင်းမှာ ကက်သလစ်အနုပညာတွေလက်ရာတွေနဲ့ ထုံမွှန်းခြယ်သ၊ရေးဆွဲထားတဲ့ နံရံဆေးရေးပန်းချီပုံတော်ကို မြင်တွေ့လိုက်ရခြင်းမှာ “ #သပ္ပာယ်လိုက်တာ…” ဆိုတဲ့ ခံစားချက်ထက်ပိုတဲ့ ခံစားချက်မျိုးကို ရရှိခဲ့လိုက်ပါတယ်။
ဒီပန်းချီပုံတော်ကို မြင်တွေ့တွေ့ချင်းမှာ စိတ်ထဲမှာထိရှခံစားမိတဲ့အတိုင်း ကိုယ့်ဟာကိုယ် #ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရား လို့ အမည်ပေးထားတဲ့ အဲဒီပန်းချီပုံတော်ကို တွေ့ပြီးတဲ့နောက်ပိုင်းမှာတော့ နေ့စဉ်နေ့တိုင်းရဲ့ ဝတ်ပြုကိုးကွယ်ခြင်းအခမ်းအနားမှာ ပါဝင်ဆုတောင်းနေတဲ့တစ်ချိန်လုံးမှာ ဘာသာတူတစ်ယောက်အနေနဲ့ အရင်လို စိတ်ပျံ့လွင့်ဖို့နေနေသာသာ၊ မျက်လုံးတွေက တစ်ချိန်လုံး ဒီနံရံဆေးရေးပန်းချီပုံတော်ကိုပဲ တသသ စိုက်ကြည့်မိနေပါတော့တယ်။ Gazing လုပ်နေမိပါတော့တယ်။
အဲဒီလို ငေးစိုက်ကြည့်မိလေလေ၊ မျောလွင့်နေတဲ့စိတ်အာရုံတွေက သုံးပါးတစ်ဆူ ဘုရားရှင်နဲ့ ပိုပြီးတော့ ပေါင်းစပ်သွားသလိုလို ခံစားရလေလေပါပဲ။ အဲဒီလို ခံစားရမိလောက်အောင်ကိုလည်း ပန်းချီအနုပညာနဲ့ ပူဇော်ပုံဖော်ထားပေးတဲ့ #ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရား နံရံဆေးရေးပန်းချီပုံတော်လေးက သက်ဝင်လွန်း၊ရုပ်လုံးကြွလွန်း၊လက်ရာမြောက်လွန်းလှပါတယ်။ ဒီပုံတော်ကို တွေ့မြင်ကြတဲ့ တစ်ခြားဘာသာတူတွေလည်း အဲဒီလိုပဲ ထပ်တူထပ်မျှ ခံစားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒီ #ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရား နံရံဆေးရေးပန်းချီပုံတော်ကို ပုံဖော်ရေးဆွဲ၊အသက်သွင်းပေးသူကတော့ Catholic Artistတစ်ယောက်ဖြစ်တဲ့ ပဲဖြစ်ပါတယ်။ သတိပြုမိသလောက်ဆိုရင် ပန်းချီဆရာက ဒီပန်းချီပုံတော်တစ်ခုလုံးကို သုံးရက်သုံးညထဲနဲ့ အပြတ်ရေးဆွဲခဲ့တာဖြစ်ပါတယ်။
အရမ်းကို ဂုဏ်လည်းယူပါတယ်၊ အတိုင်းမသိလည်း ကျေးဇူးတင်မိပါတယ်။ ဒီလောက်လှပတဲ့ Art Dedicationအတွက် ဘုရားရှင်က အဲဒီArtistကို အဆပေါင်းများစွာ ကောင်းချီးပြန်ပေးမှာပါလို့လည်း ရဲရဲယုံကြည်မိတယ်။
ဒါ့ကြောင့်လည်း ပန်းချီဆရာ ရဲ့ နောက်ထပ် Catholic Church Artsတွေကို အများကြီးတွေ့မြင်ရဖို့ မျှော်လင့်ဆုတောင်းသလို၊ အခြားသော ကက်သလစ်ဘုရားကျောင်းတော်တွေမှာလည်း လူ့ရဲ့စိတ်ဝိညာဉ်ကို ဘုရားရှင်နဲ့ပိုမိုပေါင်းစပ်မိစေမယ့် ကက်သလစ်အနုပညာလက်ရာတွေကို အသုံးပြု၊အလှဆင်၊ပုံဖော်ထားတာတွေကို အများကြီးတွေ့မြင်လာရဖို့ မျှော်လင့်ဆုတောင်းမိပါတယ်လေ။
God bless you all.🙏🙏
#မိုးTRIO
အောက်က Linkလေးကတော့ ပန်းချီဆရာရဲ့ Postလေးပါပဲ။
https://m.facebook.com/story.php?story_fbid=1888456695864461&id=100041004460819
31/07/2026
👩❤️💋👨✝️👩❤️💋👨 #စတုတ္ထပညတ်တော် နှင့် #ဘာသာကြီး၅ခု၏ #သွန်သင်ချက် 👩❤️💋👨✝️👩❤️💋👨
👩❤️💋👨✝️👩❤️💋👨
ရိုသေလေးစားထိုက်သော မိဘအပေါင်းတို့၊ ချစ်လှစွာသော ဘာသာတူ၊ညီအစ်ကိုမောင်နှမအပေါင်းတို့…
ဒီကနေ့ ကျွန်ုပ်တို့ မိဘများပွဲနေ့ကို ကျင်းပတယ်။ သခင်ခရစ်တော်ရဲ့"Honour your father and your mother" ဆိုတဲ့၊ ဓမ္မဟောင်းကျမ်းမှာ ဘုရားသခင်ရဲ့ ပညတ်တော် (၁၀)ပါးထဲက စတုတ္ထပညတ်တော် "မိဘတို့အား ရိုသေခြင်းကို ပြုလော့"။ ဒီစကားကို၊ ဒီပညတ်တော်ကို သခင်ခရစ်တော်ကလည်းပဲ ကျွန်ုပ်တို့ကို ထပ်မံပြီးတော့ သတိပေး၊ဟောကြားခဲ့တယ်။"မိဘတို့အား ရိုသေခြင်းကိုပြုလော့"။အဲဒီတော့ မိဘတွေကို ရိုသေတယ်ဆိုတဲ့ စကားက လူ့ကျင့်ဝတ်လည်းဖြစ်တယ်။ ဘာသာရေးကျင့်စဉ်တစ်ခုလည်းဖြစ်တယ်။ ဒါကို ကျွန်ုပ်တို့သိရမယ်။အဲဒီတော့ Natural Lawမှာပေါ့၊ သဘာဝတရားကြီးမှာ လူ့ကျင့်ဝတ်တစ်ခုအနေနဲ့ ကျွန်ုပ်တို့ နားလည်ရမယ်။ ဒါကို ဘာသာတရားတွေကလည်းပဲ ပုံစံအမျိုးမျိုးနဲ့ပေါ့… မိဘတွေကို ရိုသေဖို့၊ကျေးဇူးသိတတ်ဖို့၊ ဂရုစိုက်ကြဖို့၊ ကျွေးမွေးပြုစုဖို့… ဒါကို သင်ကြားတာတွေ့ရတယ်။
အဲဒီတော့ သံပေါလုက ဒီကနေ့ကျမ်းစာမှာ ကျွန်ုပ်တို့ကို သတိပေးတယ်။ သားသမီးတို့တဲ့….၊ "Children, obey your parents in the Lord, for this is right." ကလေးတို့…၊ကိုယ့်ရဲ့ မိဘတွေကို ဘုရားသခင်၌ နားထောင်ကြလော့။ ဒါဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်။ အဲဒီတော့ “မိဘတို့အား ရိုသေခြင်းကိုပြုလော့”လို့ပြောတဲ့အခါမှာ ရိုသေခြင်းအပြင် မိဘတို့ကိုချစ်ဖို့၊ မိဘတို့ရဲ့ တရားဓမ္မနဲ့ ညီတဲ့စကားကို နားထောင်ဖို့၊အိုမင်းရင့်ရော်လာတဲ့ မိဘတွေကို ပြန်လည်ပြီးတော့ ပြုစုကျွေးမွေးဖို့၊ဒီသဘောတရားတွေ ပါဝင်တယ်။
👩❤️💋👨✝️👩❤️💋👨
အဲဒီတော့ ကျွန်ုပ်တို့ အနည်းငယ်ပေါ့၊… တခြားသော ဘာသာကြီးတွေ၊ ဘာသာတရားတွေမှာ မိဘတို့ကို ရိုသေခြင်းနဲ့ ပတ်သက်ပြီးတော့ ဘာပြောထားလဲ။ ကိုရမ်ကျမ်းမှာ "Kindness to parents immediately after worship of God. Be kind to your parents. Do not even say 'ugh' to them." အဲဒီတော့ မိဘတွေကို..၊ ဒါ အစ္စလာမ်ကျမ်းမှာပေါ့၊ ကိုရမ်ကျမ်းမှာ ဘုရားကို ဝတ်ပြုကိုးကွယ်ပြီးရင်တဲ့၊ မိဘတွေအပေါ်မှာ ကြင်နာတရားထားဖို့၊ ဒါ.. အရေးကြီးဆုံးဖြစ်တယ်။ သူတို့အပေါ်မှာ ငြိုငြင်တဲ့စိတ်တောင် မထားပါနဲ့တဲ့၊။ ဒီလိုမျိုး သွန်သင်တယ်။ အထူးသဖြင့် အိုမင်းရင့်ရော်လာတဲ့ မိဘတွေကိုပေါ့။
Prophet Muhammad က ဘာပြောလဲဆိုရင် "The Prophet Muhammad also taught that paradise lies under the feet of mothers, highlighting the honor due to parents." အဲဒီတော့ Prophet Muhammad က "ကောင်းကင်ဆိုတာတဲ့… မိခင်တွေရဲ့ ခြေဖဝါးအောက်မှာ ရှိတာဖြစ်တယ်"။ ဒါကြောင့်မို့လို့ ကျွန်ုပ်တို့ဟာ မိဘများကို ရိုသေထိုက်တယ်ပေါ့၊ ရိုသေထိုက်တယ်။ အဲဒီတော့ ကောင်းကင်နဲ့ နှိုင်းပြီးတဲ့နောက်…၊ ကောင်းကင်ဆိုတာတောင်မှ မိခင်တွေရဲ့ ခြေဖဝါးအောက်မှာ ရှိသေးတာ…ဆိုတော့ မိခင်တွေရဲ့ မြင့်မြတ်ပုံ၊ မိဘတွေရဲ့ မြင့်မြတ်ပုံကို နှိုင်းယှဉ်ပြောပြတာ ဖြစ်တယ်။
👩❤️💋👨✝️👩❤️💋👨
ဗုဒ္ဓဘာသာမှာ Buddhism teaches gratitude and filial piety. Parents are regarded as among the greatest benefactors because they give life and raise their children. The Buddha encourages the children to support their parents, to care for them in old age, to honor their family, to continue good family traditions.
အဲဒီတော့ ဗုဒ္ဓဘာသာမှာ ကျေးဇူးတရားသိတတ်ဖို့ပေါ့။ မိဘတွေရဲ့ ကျေးဇူးတရားကို သိတတ်ဖို့ အဓိကထားပြီးတော့ သွန်သင်တယ်။ မိဘတွေဆိုတာဟာ ဒီသားသမီးတွေအတွက် အဓိက ကျေးဇူးရှင်တွေဖြစ်တယ်။သူတို့ဟာ သားသမီးတွေရဲ့ အသက်ကိုပေးတာ။ ဒီသားသမီးတွေကို ပြုစုကျွေးမွေး၊စောင့်ရှောက်တာ ဖြစ်တာ။ ဒါကြောင့်မို့လို့ ဗုဒ္ဓက သားသမီးတွေကို “ကိုယ့်ရဲ့ မိဘတွေကို ပြုစုစောင့်ရှောက်ကြ။ အထူးသဖြင့် အသက်ကြီးတဲ့အချိန်မှာ သူတို့ကို အရိုအသေပေးကြ။ ကိုယ့်ရဲ့မိသားစုကို ဂုဏ်ပြုကြ။ မိသားစုရဲ့ ဓလေ့ထုံးစံတွေ၊ မျိုးရိုးဂုဏ်တွေကို လိုက်နာစောင့်ထိန်းကြ” တဲ့။ ဒီလိုမျိုး သွန်သင်တယ်။
အဲဒီတော့… မိဘမျိုးရိုးရဲ့ ဂုဏ်တွေကို စောင့်ထိန်းဖို့၊ မိဘဆိုတာဟာ အကြီးမြတ်ဆုံးသော ကျေးဇူးရှင်တွေ ဖြစ်တယ်။ #ကျေးဇူးရှင်တွေဖြစ်တယ်။ ဒါကြောင့်မို့လို့ ဗုဒ္ဓက နို့တစ်လုံးဖိုးတောင်မှ၊ သူ့အမေရဲ့ နို့တစ်လုံးဖိုးတောင်မှ သူ ဆပ်လို့မကျေနိုင်ဘူးပေါ့။ ဒီလိုမျိုး တင်စားပြောတာ တွေ့ရတယ်။
👩❤️💋👨✝️👩❤️💋👨
အဲဒီတော့… ဟိန္ဒူဘာသာမှာ မိဘတွေကို ရိုသေဖို့အတွက် ဘာပြောလဲ။ Parents are revered almost as earthly representatives of God and ancient teachings tell us "Mathru devo bhava, Pithru devo bhava." So treat your mother as God and treat your father as God.
ဆိုတော့….ဟိန္ဒူဘာသာမှာ အဖေ၊ အမေတွေကို ဘယ်လို ဆက်ဆံရမလဲဆိုတာကို၊ ဘယ်လို အရိုအသေပေးရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း သင်တယ်။ ကိုယ့်ရဲ့အမေကို ဘုရားကဲ့သို့ ဆက်ဆံပါ။ ကိုယ့်ရဲ့အဖေကို ဘုရားကဲ့သို့ ဆက်ဆံပါ။ ဆိုတော့… ဗုဒ္ဓဘာသာနဲ့ … ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ... ၊ မိဘနဲ့ ဘုရား တစ်ဂိုဏ်တည်းထားတယ်ဆိုတဲ့ သင်ကြားချက်နဲ့ တူတာပေါ့။ အဲဒီတော့ ဟိန္ဒူတွေဟာ မိဘတွေကို လုပ်ကျွေးပြုစုရခြင်းကို သန့်ရှင်းမြင့်မြတ်တဲ့ တာဝန်ဝတ္တရားတစ်ခုအနေနဲ့ သတ်မှတ်ပြီးတော့ သင်ကြားတာတွေ့ရတယ်။
ဂျူးဘာသာမှာ The fifth commandment states, "Honor your father and your mother." So, honoring parents is a way of honoring God, since parents share in God's works of giving life. So, you might be a person. ဆိုတော့… ဂျူးတွေမှာ ပဉ္စမပညတ်တော်လို့ ပြောတာပေါ့၊ သူတို့ရဲ့ပညတ်တော်(၁၀)ပါးမှာ။ အဖေ၊ အမေတို့ကို ရိုသေလေးစားကြလော့။ အဲဒီတော့ မိဘတွေကို ရိုသေလေးစားခြင်းဟာ ဘုရားသခင်ကို ရိုသေလေးစားခြင်းဖြစ်တယ်။ရိုသေလေးစားခြင်း ဖြစ်တယ်။
အဲဒီတော့ ဂျူးဘာသာမှာ မိဘတွေကို ဘုရားနဲ့ တစ်ဂိုဏ်းထဲ မထားသော်လည်းပဲ၊ ရိုသေခြင်းအမှုမှာတော့ မိဘတွေကို ရိုသေတယ်ဆိုရင် မင်းက ဘုရားကိုရိုသေတာပဲပေါ့။ ဒီလိုမျိုး Categoryထဲမှာ ထည့်ထားတာ။ လူတိုင်းကို ရိုသေတာကို ပြောတာမဟုတ်ဘူး။ လူတိုင်းကို ရိုသေတာကို ပြောတာမဟုတ်ဘူး။ ကြီးတဲ့သူတွေကို ရိုသေတာ၊ ဆရာတွေကို ရိုသေတာ၊ ကိုယ့်ရဲ့အလုပ်ရှင်ကို ရိုသေတာကို ဒီမှာ ပြောတာမဟုတ်ဘူး။ မိဘတွေကို ရိုသေတာတော့.. မင်းက ဒါ ဘုရားကိုရိုသေတာပဲ။ ဒီလိုမျိုး ယူဆ၊သွန်သင်တယ်။ ဘာကြောင့်လဲဆိုတော့ မိဘတွေဟာ ကိုယ့်ရဲ့အသက်ကိုပေးသော ပုဂ္ဂိုလ်များဖြစ်တာပေါ့။ ဘုရားရဲ့ဖန်ဆင်းခြင်းအသက်ကို ပါဝင်ပူးပေါင်းတဲ့သူတွေအဖြစ်နဲ့ မိဘတွေကိုမြင်တယ်။
ဆိုတော့… ကျွန်ုပ်တို့ လူဖြစ်လာတဲ့အခါမှာ မိဘနှစ်ပါးက… သူတို့ရဲ့ ပါဝင်ပတ်သက်မှုရှိတာ ကျွန်ုပ်တို့သိတယ်။ ဒါပေမဲ့ ဒီနေရာမှာ မိဘတွေက ကျွန်ုပ်တို့ကို အသက်ပေးတယ်ဆိုပေမဲ့ တကယ့်အသက်ပိုင်ရှင်က၊အသက်ပေးသောပုဂ္ဂိုလ်က ဘုရားသခင်ဖြစ်တယ်။ သူတို့က ဘုရားသခင်ရဲ့ အသုံးချခံအဖြစ် ပါဝင်ပူးပေါင်းပြီးတဲ့နောက် လူသားမျိုးနွယ်ဆက်ကို ပျံ့ပွားစေတာ။ ဒါ..ဂျူးတွေရဲ့ခံယူပုံနဲ့ ကျွန်ုပ်တို့ ခရစ်ယာန်တွေရဲ့ခံယူပုံဟာ တူညီတာပဲ။ တူညီတာပဲ။ ဆိုတော့… ဘုရားသခင်ဟာ အဓိက ကျွန်တော်တို့ရဲ့ အသက်ပိုင်ရှင်ဖြစ်တယ်။ကျွန်ုပ်တို့ကို ဖန်ဆင်းသောဘုရား၊ အသက်ပေးသောဘုရား ဖြစ်တာ။ ဒီလိုပြောလို့ ကျွန်ုပ်တို့က မိဘတွေရဲ့ကဏ္ဍကို လျစ်လျူရှုတာမဟုတ်ဘူး။ မိဘတွေဟာ ဘုရားသခင်ရဲ့ဖန်ဆင်းခြင်းမှာ အဓိကနေရာကနေ ဆက်လက်ပါဝင်နေတယ်။ ဒါကို အသိအမှတ်ပြုပြီးတဲ့နောက် မိဘကိုရိုသေခြင်းဟာ ဘုရားကို ရိုသေခြင်းဖြစ်တယ်။ မိဘကို နားထောင်ခြင်းဟာ ဘုရားသခင်ကို နားထောင်ခြင်းဖြစ်တယ်။ ဒီလိုမျိုး ကျွန်ုပ်တို့ နားလည်တယ်။
👩❤️💋👨✝️👩❤️💋👨
အဲဒီတော့ Confuciusက၊ ဒီတရုတ်ပြည်က အတွေးအခေါ်ပညာရှင်ကြီးက ဘာပြောလဲဆိုတော့ "The respect, obedience, gratitude and life long care for parents and ancestors is considered the foundation of a good family and harmonious society." တဲ့။ အဲဒီတော့ Confuciusတို့က ဘာသာတရားတွေ သိပ်ပြီးတော့ မထွန်းကားခင်ကတည်းက လူတစ်ယောက်အနေနဲ့ ဒီအတွေးအခေါ်ကို တင်ပြခဲ့တာဖြစ်တယ်။ လူ့လောက၊လူ့အဖွဲ့အစည်းမှာ မိဘတွေကို ရိုသေတာ၊ နားထောင်တာ၊ သူတို့ရဲ့ကျေးဇူးကို သိတတ်တာ၊သူတို့ကို ပြန်လည်ပြီးတော့၊ဘိုးစဉ်ဘောင်ဆက်၊ ဘိုးဘွားတွေကို ပြန်လည်ကြည့်ရှုစောင့်ရှောက်တာဟာ ကျွန်ုပ်တို့ လူ့လောကကြီး ဖြစ်နေဖို့ပေါ့၊ သဟဇာတဖြစ်နေဖို့အတွက် အရေးကြီးတယ်။ မိသားစုတွေရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်။ #အခြေခံအုတ်မြစ်ဖြစ်တယ်။
ဆိုတော့… မိဘနဲ့ သားသမီးကြားထဲမှာ ဆက်နွှယ်မှုမှာ မိဘတွေကိုရိုသေခြင်းဟာ foundationတစ်ခုပဲ။ မိဘတွေကိုရိုသေတဲ့ မိသားစုတွေဟာ ကိုယ့်ရဲ့မိသားစုကို သဟဇာတဖြစ်စေသလိုပေါ့၊ လူ့အဖွဲ့အစည်းကိုလည်း သဟဇာတဖြစ်စေတာ။ အရေးကြီးတယ်။ မိသားစုအတွင်းမှာကိုက မိဘကို မရိုသေတတ်ဘူး၊ မလေးစားတတ်ဘူး၊ ဆိုးသွမ်းတဲ့၊ မိုက်ရိုင်းတဲ့၊ ကျေးဇူးမသိတတ်တဲ့ သားသမီးတွေကို မွေးထုတ်ပေးလိုက်ရင် အဲဒါက အဲဒီမိသားစုကို ပျက်စီးစေရုံသာမကဘူး၊ လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ ဒုက္ခပေးတာကိုလည်း တွေ့ရတယ်။ ဒါကြောင့်မို့လို့ သားသမီးမကောင်း မိဘခေါင်းပေါ့။ ဆိုတော့… ကိုယ့်သားသမီးဟာ မိဘတွေက ဘယ်လိုဆုံးမတယ်၊ သွန်သင်တယ်၊ ကိုယ့်မိသားစုက ဘယ်လိုမျိုး ရှင်သန်ခြင်းဟာ လူ့အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းကို အများကြီး အကျိုးသက်ရောက်တာကို Confuciusက ပြောပြတယ်။ ဒါကြောင့်မို့လို့ ကျွန်ုပ်တို့ ဘာသာတရားတွေကပဲဖြစ်ဖြစ်၊ လူ့အတွေးအခေါ် ၊လူ့ Philosophyတွေကပဲ ဖြစ်ဖြစ်ပေါ့၊ သူတို့က ဘာပြောလဲ။ မိဘတွေကို ရိုသေထိုက်တယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်ပေါ့၊ မိဘတွေကို ရိုသေထိုက်တယ်၊ မိဘတွေကို ချစ်ခင်ထိုက်တယ်။
👩❤️💋👨✝️👩❤️💋👨
မိဘတွေ အသက်ကြီးလာတဲ့အခါ၊ အားနည်းလာတဲ့အခါ ပြန်ပြီးတော့ ကြည့်ရှုစောင့်ရှောက်သင့်တာပေါ့။ မိဘတွေ ပေးဆပ်ခဲ့တဲ့အရာတွေကို ကျွန်ုပ်တို့က ကျေးဇူးမမေ့သင့်ဘူးပေါ့။ ဒီလိုမျိုးပဲ ဘာသာတရားတွေက၊သဘာဝတရားက ကျွန်ုပ်တို့ကို သွန်သင်တာ။ ဒါဟာ Universal Truth လို့ ခေါ်တာပေါ့။ စကြဝဠာကြီးတစ်ခုလုံးနဲ့ဆိုင်သော အမှန်တရားတစ်ခုဖြစ်တယ်။ ဘယ်နေရာ ဘယ်ဒေသမှာပဲ နေနေ၊ ဒီအမှန်တရားကို ကျွန်ုပ်တို့က "မဟုတ်ပါဘူး"လို့ ငြင်းဆန်လို့မရဘူး၊ ငြင်းပယ်လို့မရဘူး။ ငြင်းပယ်ခဲ့မယ်ဆိုရင်လည်း အဲဒီ Society၊ အဲဒီမိသားစုတွေဟာ ဘယ်လိုမှ ငြိမ်းချမ်းခြင်း မရှိနိုင်သလို၊ အေးချမ်းသာယာခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ သဟဇာတဖြစ်ခြင်းတွေ ရှိမှာမဟုတ်ဘူး။
ကျွန်ုပ်တို့က များသောအားဖြင့် မိသားစုတွေရဲ့ စည်းလုံးညီညွတ်ခြင်းဟာ မိခင်ကြီးရဲ့ အတောင်၊အရိပ်အာဝါသအောက်မှာ အများအားဖြင့် မှီခိုနေတာ တွေ့ရတယ်။ ကြက်မကြီးက သူ့ရဲ့ ကြက်ကလေးတွေကို အတောင်ပံတစ်ခုနဲ့ ကာကွယ်ပေးသလို၊ အုပ်မိုးပေးသလိုမျိုး။အဲဒီတော့ မိခင်ရဲ့ကဏ္ဍဟာ မိသားစုတွေမှာ အရမ်းအရေးပါတာကို ကျွန်ုပ်တို့ ငြင်းပယ်လို့မရဘူး။
👩❤️💋👨✝️👩❤️💋👨
ချစ်စွာသော၊ လေးစားထိုက်သော မိဘအပေါင်းတို့….၊ ဒီနေ့ သင်တို့ဟာ မိဘတွေဖြစ်ပေမဲ့ တစ်ချိန်တုန်းက သားသမီးတွေဖြစ်ကြတာပဲ။ယောက္ခမဆိုတာလည်း တစ်ချိန်တုန်းက ချွေးမပါပဲ။ မိဘဆိုတာလည်း တစ်ချိန်တုန်းက သားသမီးပါပဲ။ ဒီသံသရာမှာ ကျွန်ုပ်တို့က လူ့လောကမှာ လည်ပတ်နေတာ။ အဲဒီတော့ ကိုယ်သားသမီးဖြစ်နေတဲ့အချိန်ကာလမှာ သားသမီးပီသဖို့ လိုတာပဲ။ ကိုယ် မိဘဖြစ်လာတဲ့အခါမှာ မိဘပီသဖို့ လိုတာပဲ။
ဒီကနေ့ "မိဘတွေကို ရိုသေခြင်းကို ပြုလော့" လို့ ပြောတဲ့အခါမှာ "ငါ့ကို ငါ့သားသမီးတွေက ရိုသေရမယ်" လို့ ဘုန်းကြီးဟောတယ်...။ ဒီလိုမျိုးပဲ တစ်ဖက်သတ်တော့ မတွေးစေချင်ဘူး။ "ငါ့ရဲ့ သားသမီးတွေ ရိုသေထိုက်အောင် ငါရော ပြုမူနေထိုင်ရဲ့လား"။ အဲဒါလည်း ထည့်စဉ်းစားစေချင်တာ။ မိဘတွေကို ချစ်ရမယ်လို့ ဘာသာတရားတွေက ဆုံးမတဲ့အခါမှာ မိဘတွေက စဉ်းစားရမှာက "ငါ့သားသမီးတွေချစ်အောင် ငါ နေထိုင်တတ်ရဲ့လား။ ငါ့သားသမီးတွေ ငါ့ကို ကျွေးမွေးပြုစုအောင် ငါ ထိုက်တန်ရဲ့လား"။ ကျေးဇူးတရားဆိုတာက အသွားအပြန်ရှိတာပဲ။ အပြန်အလှန် ရှိတာပဲ။ မေတ္တာတရားဆိုတာ အပြန်အလှန်ရှိတာပဲ။ ဒါပေမဲ့ ခြွင်းချက်တော့ရှိတာပေါ့။
ဆိုတော့… မိဘနဲ့ သားသမီးကြားမှာ တစ်ခါတလေ ရင်နာစရာ အဖြစ်ဆိုးတွေရှိတယ်။ #ရင်နာစရာအဖြစ်ဆိုးတွေ ရှိတယ်။ တိရစ္ဆာန်လောကမှာ အဲဒါကို တွေ့ရတယ်။ တလောတုန်းက YouTube လေးကြည့်ပြီးတော့… တိရစ္ဆာန်လောကမှာ ခြင်္သေ့လေးတစ်ကောင်က... ခြင်္သေ့လေး လေး၊ငါး၊ခြောက်ကောင် ပေါက်လာတဲ့အခါကျတော့ ခြင်္သေ့ပေါက်လေးတစ်ကောင်ဟာ အမေရဲ့ စွန့်ပစ်ခြင်းကိုခံရတာ။ အမေအနားကို ပေးမကပ်ဘူး။ အမေနို့ကို စို့ခွင့်မရအောင်.. အမေရဲ့ ရက်စက်ခြင်းကို၊ ရက်စက်စွာနဲ့ ဆက်ဆံခြင်းကိုခံရတာ။ အဲဒီ မွေးခါစခြင်္သေ့လေးဟာ မိခင်ရဲ့နို့ကိုမှ မသောက်ရရင် ဘယ်လိုလုပ်ပြီး အသက်ရှင်မှာလဲ။ မိခင်ရဲ့ရင်ငွေ့ကိုမှ မခိုလှုံရရင် ဘယ်လိုလုပ်ပြီး သူနွေးထွေးမှုကိုရမှာလဲ။ ဒါပေမဲ့ မိခင်ကြီးက ဒီခြင်္သေ့လေးကို လုံးဝစွန့်ပစ်လိုက်တာကို တွေ့ရတယ်။ ဘာကြောင့်လဲ။ ကျန်သောခြင်္သေ့လေးတွေ အသက်ရှင်ဖို့အတွက်…။ သူပေးနိုင်တဲ့ နို့ရည်ပမာဏ၊ သူပေးနိုင်တဲ့ စောင့်ရှောက်ခြင်းဟာ Limited ပေါ့။ အကန့်အသတ်ရှိတဲ့အတွက်ကြောင့် ကျန်တဲ့ခြင်္သေ့လေးတွေ ရှင်သန်ဖို့အတွက်ကို ခြင်္သေ့တစ်ကောင်ကို မိခင်ကြီးက ရက်စက်စွာနဲ့ စွန့်ပစ်တာကို တွေ့ရတယ်။
👩❤️💋👨✝️👩❤️💋👨
အဲဒီတော့ ကျွန်ုပ်တို့ရဲ့ လူ့လောက၊ မိသားစုအသိုင်းအဝိုင်းမှာလည်း တစ်ခါတလေ ဒီလို အဖြစ်အပျက်မျိုးတွေ ရှိတယ်။ "ငါ့ကို ဘာလို့ သူများကို ပေးပစ်လိုက်တာလဲ။ ငါက ဘာဖြစ်လို့ မိဘနဲ့ ရှင်သန်ခွင့်မရတာလဲ" ပေါ့။ တကယ်တော့ မိသားစုအသိုင်းအဝိုင်းမှာ၊ သားသမီးတွေကြားထဲမှာ ရင်နာစရာတွေ ဖြစ်တတ်တာပေါ့။ ဒါပေမဲ့ တစ်ခါတလေ လူ့လောကကြီးဟာ မိဘတွေအနေနဲ့ မလုပ်ချင်သော်လည်းပဲ လုပ်ခဲ့ရတဲ့အရာတွေရှိတယ်။ မဖြစ်ချင်သော်လည်းပဲ ဖြစ်ခဲ့ရတဲ့ အခြေအနေတွေရှိခဲ့တယ်ဆိုတာလည်းပဲ ကျွန်ုပ်တို့က ဖြစ်နိုင်ရင် နားလည်မှုပေးဖို့လိုတာ။ "ကိုယ်မှ မကြုံဖူးဘဲ ဘယ်လို ခံစားတတ်မလဲ"လို့ ပြောကောင်းပြောမယ်။ ဒါပေမဲ့ ဒီလိုသားသမီးတွေအတွက်လည်းပဲ ဒီနေရာကနေပြီးတော့ “မိဘဟာ မိဘပဲ”လို့ မြင်တတ်အောင် ပြောပြချင်တာ။
ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် အနည်းဆုံးတော့ “ငါ့ကို လူ့လောကထဲ ရောက်အောင် သူ မွေးဖွားပေးလိုက်သေးတာပဲ။ ငါ့ကို လူ့လောကထဲတော့ သူ အသက်ရှင်ခွင့်ပေးလိုက်သေးတာပဲ”ဆိုတဲ့ ဒီကျေးဇူးတရားလေးတစ်ခုတော့ ဘယ်သူမဆို ရှိမှာပဲ၊ကျန်မှာပဲ။ ကိုယ့်ကို ကျွေးမွေးခဲ့တာ၊ မကျွေးမွေးခဲ့တာ၊ ကိုယ့်အပေါ်မှာ မကောင်းခဲ့တာ၊ ရက်စက်ခဲ့တာ... ဒါတွေက လူ့လောကထဲမှာ တကယ်ရှိတာ။ မိဘမပီသတဲ့ မိဘတွေ၊ အကြင်နာတရားခေါင်းပါးတဲ့ မိဘတွေ၊ မပြည့်ဝ၊မစုံလင်တဲ့ မိဘတွေပေါ့။ ဒါတွေကလည်း ကျွန်ုပ်တို့ရဲ့ လူ့အသိုင်းအဝိုင်းမှာ ရှိတာပဲ။
အဲဒီတော့ ဒီကနေ့ မိဘများပွဲနေ့မှာတော့ ဘုရားရဲ့ တရားတော်ကိုပဲ ကျွန်ုပ်တို့က နှလုံးသွင်းရမှာ ဖြစ်တယ်။ ဘယ်လို အခြေအနေမျိုးမှာပဲ မိသားစုတွေက ရှင်သန်ရှင်သန်၊ ဘယ်လို ခါးသီးမှုတွေကိုပဲ သားသမီးတွေက ကြုံခဲ့ရ၊ကြုံခဲ့ရပေါ့။ ဒီနေ့ ဘုရားသခင်က ပညတ်တော်အနေနဲ့ "မိဘတို့အား ရိုသေခြင်းကိုပြုလော့" ပေါ့။ Commandments ပညတ်ချက်ဖြစ်တာ။ ကိုယ်ကြိုက်တာ၊ မကြိုက်တာနဲ့ မဆိုင်ဘူး။ "ဒါတော့ ငါမကြိုက်ဘူး၊ ငါမလုပ်နိုင်ဘူး"လို့ ကျွန်ုပ်တို့က ပြောလို့မရဘူး။ ဒါဟာ ပညတ်ချက်ဖြစ်တယ်။ ဘုရားသခင် ပညတ်ထားခဲ့တာဖြစ်တယ်။ "မိဘတို့အား ရိုသေခြင်းကို ပြုလော့"... No exceptions ပေါ့၊ ကျွန်ုပ်တို့ Excuse လုပ်လို့မရဘူး။ "ငါ့မိဘက ငါ့အပေါ် ကောင်းမှမကောင်းပဲ၊ ငါပြန်ပြီးတော့ သူ့ကို မလေးစားနိုင်ဘူး၊ မရိုသေနိုင်ဘူး၊ မကြည့်ရှုနိုင်ဘူး၊ မကျွေးမွေးနိုင်ဘူး"လို့ ကျွန်ုပ်တို့ Excuse လုပ်လို့ရတဲ့အရာမဟုတ်ဘူး။ ဘုရားသခင်က ဒါကြောင့်မို့လို့ ပညတ်ချက်၊ commandments အမိန့်ပေးတာ။ #အမိန့်ပေးထားခဲ့တာ... " #မိဘတို့အား_ရိုသေခြင်းကိုပြုလော့”တဲ့။ ။👩❤️💋👨✝️👩❤️💋👨
26.07.2026မှာ၊ စိန့်ဩဂုတ်စတင်းကက်သလစ်ဘုရားကျောင်းမှာ ပြုလုပ်ခဲ့သော “မိဘများပွဲနေ့” အထူးမစ္ဆားတော်မြတ်မှာ ကျောင်းထိုင်ဘုန်းတော်ကြီး Rev.Fr.Marcianဦးသက်ကျော် ဟောကြားခဲ့သော ဩဝါဒတရားတော်အား ပြန်လည်မျှဝေထားခြင်းဖြစ်ပါတယ်။
#မိဘတို့အားရိုသေခြင်းကိုပြုသောသူတိုင်းအား ဘုရားရှင် သာ၍ကောင်းချီးပေးပါစေ။
#မိုးTRIO
30/07/2026
🪽🖤🪽U Lazarus (သို့မဟုတ်) Covidခေါ်သွားခဲ့တဲ့ သူရဲကောင်းတစ်ယောက်..🪽🖤🪽
🪽🖤🪽
ဒီကနေ့ …ဦးလာဇရုရဲ့ ကွယ်လွန်ခြင်း(၅)နှစ်ပြည့်…။ ဆိုတော့.. လူတစ်ယောက်ကွယ်လွန်ပြီးတဲ့နောက် သူ့ကိုသတိရဆုတောင်းပေးတာ၊ နှစ်ပတ်လည်ကျင်းပပေးတာဟာ သာမန်အားဖြင့်တော့မဆန်းသလိုတော့ ဖြစ်ကောင်းဖြစ်မယ်။ဒါပေမယ့် ဒီကနေ့ ကျွန်ုပ်..ဒီနေရာမှာရောက်လာတဲ့အခါ ကျွန်ုပ်တို့အတွက်ကတော့ တန်ဖိုးရှိတယ်။ထူးခြားခဲ့ပါတယ်။
ဆိုတော့… လွန်ခဲ့တဲ့(၅)နှစ်.. ဒီအချိန်မှာ Covidကာလ ပြင်းထန်တဲ့အချိန်ပေါ့။ဒီမယ်တော်ရင်ပြင်ဟာ လူ့အသက်(၁၀၀)ကျော်ကို ရှင်သန်စေခဲ့တဲ့နေရာဖြစ်တယ်။နေရာလေးကတော့ ကျဉ်းကျဉ်းလေးပဲ။Covidတွေစဖြစ်တဲ့အခါမှာ အခုဦးလာဇရုတို့၊ကိုမာတင်းတို့၊ ကျွန်ုပ်တို့တိုင်ပင်ပြီးတဲ့နောက် Covid Quarantine Centerလေးတော့ ထားမှဖြစ်မယ်…။အဲဒီတော့ ကုတင်(၂၀)လောက် ဒီမယ်တော်ရင်ပြင်မှာ စပြီးတော့စီစဉ်တာ။ အဲဒီတော့ ဘာမှမပြည်စုံသေးတဲ့နေရာလေးတစ်ခုပေါ့။ အဲဒီအချိန်မှာ ဘုန်းကြီးကပြောတဲ့အခါကျရင် အဓိက အကောင်အထည်ဖော်ပေးတာက ဦးလာဇရုနဲ့ ကိုမာတင်းထွန်းထွန်းကျော်တို့ဖြစ်တယ်။ အဲဒီတော့ မပြည့်စုံတဲ့နေရာလေးဖြစ်တဲ့အတိုင်းပေါ့၊ လိုအပ်ချက်တွေက အများကြီးရှိလာတယ်။ ဆိုတော့… လူမမာ(၂၀)လောက်ပဲဆန့်ပေမယ့် လူမမာ(၄၀)လောက် လက်ခံထားတဲ့နေရာမျိုးပေါ့။
အဲဒီအပြင်မှာမှ ဒီလူမမာတွေကို ကြည့်ရှုတဲ့မိသားစုတွေနဲ့ ဒီအခန်းလေးက ပြည့်နှက်နေတယ်။ မီးတွေ၊ရေတွေ.. အခက်အခဲရှိတယ်။Concentratorsတွေပေါ့.. ဒီOxygenအသက်ရှူအိုးတွေ အလုံးနှစ်ဆယ်ကနေ အလုံးလေးဆယ်လောက်ထိ Runနိုင်ဖို့ဆိုတော့ ကျွန်ုပ်တို့ မီးမှာ အခက်အခဲရှိတယ်၊ ရေတွေမှာ အခက်အခဲရှိတယ်။ ဒါတွေကို ဦးလာဇရုက တာဝန်ယူပေးရတာပေါ့။ တာဝန်ယူပေးရတယ်။ အဲဒီတော့ မီးတွေ၊မီးစက်တွေမနိုင်လို့ ကျွန်ုပ်တို့က ဒီPowerကြိုးတွေ ပြောင်းဖို့ကိစ္စတွေ… ဒါတွေအားလုံး လုပ်ရတာပေါ့။ သူ့မိန်းမ၊သူ့မိသားစုက… Covid တွေ ဖြစ်လာတဲ့အခါကျတော့ "အိမ်မှာပဲနေ၊ ဘုရားကျောင်းမသွားတော့နဲ့" ဆိုပေမဲ့လည်း ဦးလာဇရုကြီးက ရောက်အောင်လာတယ်။ ရောက်အောင်လာတယ်။ Covidတွေဖြစ်ပြီးတော့ ကျွန်တော်လည်း အခန်းထဲမှာ စပြီးတော့ လဲတာပေါ့။
🪽🖤🪽
ဆိုတော့… ကျွန်ုပ်တို့ ဒီအစီအစဉ်ကို လုပ်တဲ့အခါမှာ အားလုံးလူသုံးယောက်ပဲ အဓိက။ကျွန်ုပ်ရယ်၊ကိုမာတင်းရယ်၊ ဦးလာဇရုရယ်။ကိုမာတင်လည်းပဲ နောက်ပိုင်းမှာ သူလည်းပဲ Covidကြောင့် အပြင်ထွက်လို့ မရတော့ဘူး။ ကျွန်တော်ကလည်းပဲ အခန်းထဲမှာလဲနေပြီ။ ဒီအချိန်မှာ ဦးလာဇရု တစ်ယောက်ပဲ ကျန်တာပေါ့။ဆိုတော့… နောက်ပိုင်း... ဒီမှာလင်းလင်းတို့လည်းရှိတယ်။ နောက်ပိုင်းမှာ အထူးကုဆရာဝန်တွေ၊ ဆရာဝန်ကြီးတွေ၊ Nurseတွေနဲ့ MAM(Medical Action for Myanmar) ပြင်သစ်အဖွဲ့အစည်းကနေပြီးတော့ ဦးစီးပြီးတော့ လုပ်ဆောင်ပေးလာတာ။ အဲဒီတော့ ကျွန်ုပ်တို့ရဲ့ ဘာမှမရှိတဲ့နေရာလေးဟာ မယ်တော်ရဲ့ကူညီစောင်မခြင်းကြောင့် အိုအေစစ်လေးလိုပဲ.. သဲကန္တာရထဲမှာ အိုအေစစ်လေးတစ်ခုလို ပြည့်စုံနေတဲ့နေရာလေးဖြစ်နေတာ။ ကုတင်အလုံး(၂၀)ဆိုပေမယ့် နောက်ပိုင်းမှာ ဒီMAMကနေပြီးတော့ သူတို့ရဲ့ကုတင်တွေယူလာတယ်။ သူတို့ရဲ့မွေ့ရာတွေ၊ အခင်းတွေ၊ ခေါင်းအုံးတွေ၊ ဆေးဝါးတွေပြည့်စုံတဲ့ ဒီနေရာလေးဟာ COVID လူမမာတွေကို အခမဲ့ ပြုစုပေးနေတဲ့နေရာလေးဖြစ်တာ။
ဆိုတော့.. နောက်ကွယ်မှာတော့ စိန်ဖရန်စစ်ဇေးဗီးယဲစစ္စတာ(၂)ပါးနဲ့ ကျွန်ုပ်တို့ Volunteerတွေက မီးဖိုချောင်မှာ နေ့စဉ်ချက်ပြုတ်နေကြတယ်။ တစ်နေ့ကိုလေးကြိမ်လောက်ကျွေးတယ်။မနက်အဆာပြေကျွေးတယ်၊ နေ့လည်စာကျွေးတယ်၊ (Teatime)အဆာပြေကျွေးတယ်၊ ညစာကျွေးတာပေါ့။ ဆိုတော့.. ဒီစောင့်တဲ့သူတွေရော၊Volunteerတွေရော တစ်နေ့တစ်နေ့ ရာနဲ့ချီပြီးတော့ မီးဖိုက ချက်ပြုတ်ရတယ်။ ဆိုတော့… လူမမာတွေက အဝင်အထွက်တွေက အမြဲတမ်းရှိတယ်။ ကျွန်ုပ်တို့… ဒီ…တစ်နေ့ကို(၂)ယောက်နှုန်းလောက် သေတာလည်းရှိတယ်။ ဆိုတော့.. တစ်ခါတလေ ချက်ချင်းကြီး ချလို့မရတဲ့အခေါက်တွေမှာ သေနေတဲ့လူမမာတွေက အထဲမှာပဲ….။ တစ်ရက်နှစ်ရက်ဆိုပြီး ကြာတာတွေလည်းရှိတယ်။
အဲဒီတော့ အကြောင်းတရားကတော့၊ ဒီသေဆုံးခြင်းရဲ့အကြောင်းတရားကို ဆရာဝန်တွေက လက်မှတ်မထိုးပေးနိုင်လို့ပဲ။ MAMမှာ စေတနာ့ဝန်ထမ်းလာလုပ်တဲ့ ဆရာဝန်တွေကလည်း သူတို့က… ဘာမှ လက်မှတ်ထိုးပေးလို့ မရဘူး…။ ဆိုတော့ အဲဒီအခါမှာ၊ ဒီမှာ ဒေါက်တာသဲစုမွန်တို့ ရှိတယ်။ ကျွန်တော်လည်း နေမကောင်းတဲ့ကြားထဲကနေ သူ့ကို ဖုန်းခေါ်၊ ဟိုကနေ… "ထိုးပေးပါ" အဲဒီလိုမျိုး လုပ်ဆောင်ခဲ့ရတာတွေလည်း ရှိတယ်။
🪽🖤🪽
ဆိုတော့… နောက်တော့လည်း သတင်းရတယ်၊ဦးလာဇရုလည်း နေမကောင်းဘူးပေါ့။ ဆိုတော့… သူလည်းပဲ Covid ဖြစ်နေပြီ။ အဲဒီအချိန်မှာ ပြဿနာက နေရာမရှိတာ ဖြစ်နေတယ်။ နေရာမရှိဘူး။ အဲဒီတော့ ကျွန်ုပ်တို့က ဒါReservation ပေါ့… ဒီအထဲက လူတွေ…။ အနောက်မှာ လူလေးငါးဆယ်လောက်ကလည်း စာရင်းသွင်းထားတာ။ နောက်ဆုံး ဘာဖြစ်လဲဆိုတော့ ဒီဦးလာဇရုအတွက်ကိုတောင်မှ နေရာက မရှိဘူးဖြစ်နေတယ်။ နေရာမရှိဘူး။ အဲဒီတော့ ကျွန်တော်လည်း ထပြီးတော့ ပြောရတယ်။ "ဦးလာဇရုကို နေရာမပေးလို့ မရဘူး။ ဒါ.. ငါတို့တွေ.. သူကိုယ်တိုင် ဒီနေရာမှာ ကြီးကြပ်ပြီးတော့ လုပ်ခဲ့ရတာ။ သူ့အတွက်ကတော့ မဖြစ်မနေ တစ်နေရာရှာပေးရမယ်" အဲဒါနဲ့ပဲ အငြင်းအခုန် ပြောရတာပေါ့။ ပြောရတဲ့အခါကျတော့မှ ဦးလာဇရုလည်း အဲဒီလိုင်းနားမှာ နေရာလေး တစ်နေရာရတယ်။
အဲဒီတော့ သူ မအိပ်ဘူးတဲ့။ မီးတွေကလည်း လင်းနေတာပေါ့။ သူ.. ဖျားနေသော်လည်းပဲ ဆက်ပြီးတော့ အလုပ်လုပ်နေတယ်။သူ့ခေါင်းက အမြဲတမ်း အလုပ်လုပ်တယ်… ဦးလာဇရုက။ သူ..ဂေါပကဥက္ကဌဖြစ်တဲ့အခါမှာ နေ့တိုင်း ကျောင်းကိုရောက်လာတယ်။လိုအပ်တာတွေ သူ လျှောက်ကြည့်တယ်။ အမြဲတမ်း ပြုပြင်တာပေါ့။ ဘယ်နေရာမှာ မိုးယိုတယ်။ ဘယ်နေရာမှာ ဘာဖြစ်တယ်။ Maintenanceဆို သူအမြဲတမ်း လိုက်ကြည့်ပေးတယ်။ အဲဒီတော့ သူကိုယ်တိုင် Covid ဖြစ်နေသော်လည်းပဲပေါ့၊ ဒီမီးကိစ္စ၊ ရေကိစ္စ… ဒါတွေကို သူ ဆက်ပြီးတော့ အလုပ်လုပ်နေတာ။ ဒါပေမဲ့ ပြဿနာက ကြာလာတဲ့အခါကျတော့ သူ နေ့ရောညရော မအိပ်ဘူးပေါ့။ အဲဒါနဲ့ ကျွန်တော်ကလည်း အခန်းထဲကနေ သတင်းရတယ်။ အဲဒီဆို ဦးလာဇရုကို… ဒီဘက်… (အခုရုံးခန်း လုပ်ထားတာပေါ့) ဒီနေရာကိုခေါ်လိုက်… ဆိုပြီး အဲဒီနေရာလေးမှာ သူ့ကို စီစဉ်ပေးရတာပေါ့။ ရှေ့မှာ တစ်ယောက် ထွက်သွားတဲ့အခါကျတော့ အဲဒီနေရာကို သူ့ကို စီစဉ်ပေးရတယ်။ အဲဒါနဲ့ပဲ ဘုန်းကြီးနဲ့၊ သူနဲ့က တစ်ဆောင်ထဲ ဖြစ်လာတာပေါ့။
🪽🖤🪽
အဲဒီအချိန်မှာ သူ ဒီဘက်ကို ပြောင်းလာပေမဲ့ ကျွန်တော်လည်း သူ့ကို ထွက်ပြီးတော့မကြည့်နိုင်ဘူး။ ကိုယ့်အခြေအနေက ဘယ်လိုဖြစ်နေလဲဆိုတော့ အိပ်ခန်းထဲကနေပြီးတော့ ရေချိုးခန်းကို သွားဖို့တောင်မှ လမ်းမှာ နှစ်ခါလောက် နားရတာ။ နှစ်ခါလောက် နားတဲ့အခြေအနေပေါ့။ အိပ်ရာကနေ ထလိုက်တယ်ဆိုတာနဲ့ ချောင်းက ဆိုးပြီ။ အဲဒါ.. ကျောကုန်းကို ထုရတယ်။ (၁၅)မိနစ်လောက် ထုရတယ်။ ထိုင်နေရတယ် တစ်နေရာမှာ…။ ပြီးရင် နည်းနည်းလေးလှမ်းပြီးတော့ ရေချိုးခန်းအပေါက်ဝနားမှာ ထိုင်ခုံတစ်လုံးထားရတယ်။ အဲဒီနားမှာ တစ်ခါထိုင်…၊ (ကျောကုန်းကို) တစ်ခါပြန်ထု..။ (ပြီးမှ..) အထဲမှာဝင်…. အဲဒီလိုမျိုးပေါ့။ ဆိုတော့… ကိုယ့်အခြေအနေက ဘယ်ဘက်၊ညာဘက်ရွှေ့ရင်တောင်မှ ချောင်းတွေ အသည်းအသန် ဆိုးတဲ့အချိန်ပေါ့။ ဆိုတော့… ဦးလာဇရုဆီကိုထွက်ပြီးတော့ မကြည့်နိုင်ဘူးလေ။
ဆိုတော့… သိတော့ သိတယ်။ သူတော့ ငါ့ကို မျှော်နေမှာပဲ…။ မျှော်နေမှာပဲဆိုတာ သိတယ်။ ဒါပေမဲ့ ဘယ်လိုမှကို ….သူ့ကို….။ သတင်းပဲ အထဲကနေ နားထောင်တာ။ နားထောင်ပြီးတဲ့နောက်…. တစ်နေ့မှာတော့ ဦးလာဇရုရဲ့ အခြေအနေ မကောင်းတော့ဘူးလို့ လာပြောတယ်။ လာပြောတဲ့အခါကျတော့ စိတ်ထဲမှာ "အေး... ဒီတစ်ခါတော့ ငါ.. ထွက်တွေ့မှ ဖြစ်တော့မယ်၊ ငါ ထွက်တွေ့မှ ဖြစ်တော့မယ်" ဆိုပြီးတော့…၊ အားတင်းပြီးတော့ပေါ့… သူ့ဆီကို ရောက်အောင်ကိုသွားတယ်။
ဆိုတော့… Oxygenတွေလည်း တစ်ခါတည်း ယူသွားရတာပေါ့။ ကျွန်တော်လည်း Oxygenက လွှတ်လို့မရဘူး။ ဒီနားနဲ့ ဟိုနားလေးတောင်….။ ဆိုတော့… သူ့ဆီကို ရောက်တဲ့အခါကျတော့ ဦးလာဇရုကြီးကလည်း ဟိုဘက်ကို ကျောခိုင်းပြီးတော့ သူလည်း တစ်ခြမ်းစောင်းပြီးအိပ်နေတယ်။ အဲဒီတော့ သူ့ကို နောက်ဆုံးစက္ကရမင်းတူး ပေးရတာပေါ့။ ဆိုတော့… စာကဖတ်လိုက်၊ ချောင်းကဆိုးလိုက်… အဲဒီလိုနဲ့ပဲ သူ့ကို Anointing ပေးရတယ်။ ပေးပြီးတော့ နာရီပိုင်းကြာလောက်ပဲဖြစ်မယ်၊ သူ ဆုံးသွားတာပေါ့။
🪽🖤🪽
အဲဒီတော့ စိတ်ထဲမှာ "ဪ... သူ ငါ့ကိုမတွေ့သွားရဘူး။ ကျောခိုင်းထားရတာ… သူ့ခမျာ ဟိုဘက်လှည့်ထားပြီးတော့…၊ ကိုယ်က အနောက်ကနေပဲ ဘုရားရှိခိုးပေးခဲ့ရတယ်။ သူ.. ဒီဘက်လည်း မလှည့်လာနိုင်တော့ဘူး။ မလှည့်လာနိုင်တော့ဘူး။ ဆိုတော့… ကျွန်ုပ်တို့က တစ်ယောက်နဲ့တစ်ယောက် ဘာမှတော့ မဝေးသော်လည်းပဲပေါ့၊ ဘာမှ မဝေးသော်လည်းပဲ Covidက အဲဒီလိုမျိုး… အဲဒီလိုမျိုး ဖြစ်တာ။ လူတစ်ယောက်က ဒီဘက်ကို ပြန်လှည့်ဖို့တောင်မှ ခွန်အားမရှိတော့ဘူး။ လှည့်လို့မရတော့ဘူး။ လှည့်လိုက်ရင် အဆုတ်တွေကကျပ်ပြီးတော့ အသက်ရှူမရတာမရတာနဲ့၊ဘာနဲ့ ဖြစ်ကြတာပေါ့။ ဆိုတော့… Covidက ဘယ်ညာလှည့်ဖို့တောင်မှ အဲဒီလောက် အခက်အခဲရှိတာ…အခက်အခဲရှိတယ်။ ဒါကြောင့်မို့လို့ ဦးလာဇရုကြီး… တစ်ခြမ်းစောင်းနေပြီး… ဪ..ငါ့ကိုတောင်မှ သူလှည့်မကြည့်သွားနိုင်တော့ဘူး။ သူ သေသွားတဲ့အချိန်အထိပေါ့။
ဆိုတော့…အဲဒီအတွေ့အကြုံက ကိုယ့်ကို ဘာသင်ပေးလဲဆိုတော့ နောက်တစ်ခါ ကျွန်တော့်ရဲ့ ဆရာသမားပေါ့နော်၊ Fr.ယူဂျင်း.. သူလည်းပဲ ဒီမေဂျာမှာ အခြေအနေမကောင်းတော့ဘူး…သတင်းကြားရတာ။ အဲဒါနဲ့ ဒီတစ်ခါတော့ ချက်ချင်းသွားပေးတာပေါ့။ အဲဒီတုန်းကလည်းပဲ Oxygenကို တစ်ခါတည်း ကားပေါ်တင်ပြီးတော့၊ သူ့ကိုသွားပြီးတော့ နောက်ဆုံးနှုတ်ဆက်ခဲ့တာ။ ဆိုတော့…နှုတ်ဆက်ခဲ့တဲ့အခါမှာလည်း သူ့ကို နောက်ဆုံး မြင်လိုက်ရသေးတာပေါ့၊ စကားပြောဖြစ်တယ်၊ သူ့ကို ဆုတောင်းပေးတယ်။ အဲဒီညမှာပဲ Fr.ယူဂျင်းလည်း ဆုံးတာပဲ။
🪽🖤🪽
အဲဒီတော့ စိတ်ထဲမှာ မကောင်းဘဲ ကျန်ခဲ့တာပေါ့…။ ဪ…ဦးလာဇရုကြီးက ငါခိုင်းတာ သူအကုန်လုပ်တယ်။ ဒီသာသနာအတွက်လည်း အရမ်း ဆက်ကပ်တယ်၊ ငါ့ကိုလည်း အရမ်းခင်တာပေါ့။ ဒါပေမဲ့ သူသေတဲ့အခါမှာ ကျွန်ုပ်ကို မတွေ့သွားဘူး..ဆိုပြီးတော့...။ ဒါကြောင့်… ဒီကနေ့ ကျွန်ုပ်တို့ သူရဲ့ နှစ်ပတ်လည်လုပ်တဲ့အခါမှာ တစ်ဘက်မှာလည်းပဲ မြန်မာတွေအယူရှိသလို၊ ကျွန်တော်လည်းပဲ… အသည်းအသန် ဖြစ်တော့... အသည်းအသန်ဖြစ်ပေမဲ့လည်း ကိုယ့်ကိုယ်ကိုယ် "သူတစ်ပါးအသက်ကို ကယ်သောသူသည် ကိုယ့်ကို ကယ်တင်ခြင်း ခံရမယ်"။
အဲဒီတော့ ငါလည်းပဲ... ဒီ Covidကူးစက်တဲ့အခါမှာ အကြီးစားထဲမှာပါတာပဲ… ကျွန်တော်လည်း အကြီးစားထဲမှာ… တော်တော်လေး ဖြစ်တာလေ။ တော်တော်ဖြစ်တော့ ကိုယ်ကိုယ့်ကိုယ် သေမလား၊ ရှင်မလားပေါ့။ ဆိုတော့ စိတ်ထဲမှာတော့ ယုံကြည်ချက်တော့ ရှိပါတယ်။ ငါတော့ မသေနိုင်ဘူး ထင်ပါတယ်"ပေါ့။ ရောဂါအခြေအနေအရ ဆိုရင်တော့ ဒါ… သေနိုင်တဲ့ အနေအထားမှာပဲ။ တစ်ခါတည်း ဒီ(၄၅)ရက်လောက် ဖြစ်တဲ့အချိန်မှာ ရက် (၃၀)၊ (၂၀)ကျော်လောက်က ဒီ… အသည်းအသန် ရုန်းကန်ရတဲ့ အချိန်ပေါ့။ ဆိုတော့ လင်းလင်းတို့လည်း ကျေးဇူးတင်တယ်။ သူတို့လည်းပဲ လာပြီးတော့ နေ့ည ကြည့်ပေးတာ။
🪽🖤🪽
အဲဒီအချိန်မှာ ဦးလာဇရုကလည်း ဒီ..ကျွန်တော့်ကျောင်းမှာ လာပြီးတော့ အဲဒီအခန်းထဲမှာ သူ ဆုံးသွားတာပေါ့။ ဆုံးသွားတော့ ကိုယ့်စိတ်ထဲမှာ နှစ်ခုရှိတယ်။ နှစ်ခုရှိတယ်။ အဘွားတစ်ယောက်လည်း အဲဒီခန်းထဲကနေပြီးတော့ ပြောင်းပြီးတော့ သူလည်းပဲ တစ်နေရာမှာ သွားတက်ရတာရှိတယ်။ ဦးလာဇရုသေပြီးတဲ့နောက် သူ့ကို ထုတ်သွားတဲ့အခါကျတော့ "ဪ... ငါတော့ မသေတော့ဘူးနဲ့တူတယ်"လို့၊ ဘာကြောင့်လဲဆိုတော့ ဒီအိမ်ထဲကနေပြီးတော့ တစ်ယောက်က သေပြီးတော့ ထွက်ရမှာပေါ့။ ဒါ ကိုယ့်စိတ်ထဲမှာ ရှိတယ်။ ဆိုတော့… "ဒီဟာက ငါပဲ ဖြစ်မလား" ပေါ့။ အဲဒီတော့ ဦးလာဇရုက အဲဒီလိုမျိုး သူ့Bodyကို သယ်သွားတဲ့အခါကျတော့ စိတ်ထဲမှာတော့ "ဪ... ငါတော့ ဒီတစ်ခါတော့ မသေတော့ဘူးနဲ့ တူတယ်။ ဦးလာဇရုက ငါ့ရှေ့ကနေ သေသွားပေးပြီ" အဲဒီလိုမျိုးလေးလည်း စဉ်းစားမိတာရှိတယ်။
ဆိုတော့… ဘာပဲဖြစ်ဖြစ်… ကျွန်ုပ်တို့… ဒီ Covidကာလမှာ သူ... သူတစ်ပါးအတွက် လုပ်ဆောင်ခဲ့တာတွေကို ဘုရားသခင်သတိရပြီးတဲ့နောက် သူ့(ဝိညာဉ်)ကို ကယ်တင်ခြင်းပေးမယ်လို့ ကျွန်ုပ်တို့ ယုံကြည်တယ်။ ။🪽🖤🪽
ဒီကနေ့ မင်းပညာရှိသုံးပါးဘုရားကျောင်း(ခဝဲခြံ)မှာ ပြုလုပ်ကျင်းပခဲ့သော U Lazarus ၏ကွယ်လွန်ခြင်း (၅)နှစ်ပြည့်အောက်မေ့ဖွယ်မစ္ဆားတရားမှာ Rev. Fr. Marcianဦးသက်ကျော် ဟောကြားခဲ့တဲ့ တရားတော်လေးကို ပြန်လည်မျှဝေထားပေးခြင်းဖြစ်ပါတယ်။
ကွယ်လွန်သူ ဦးLazarus၏ဝိညာဉ်သည် အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာ ရှိစေသော်။ အာမင်။
#မိုးTRIO
တရားတော်ကို ကိုယ်တိုင်ကိုယ်ကျ နာယူလိုသူများအတွက်လည်း အောက်မှာ Linkလေးချထားပေးပါတယ်။
https://fb.watch/IH56b05ZPX/?
29/07/2026
🌻🌹🌻အရိုးသားဆုံးအပြုံးနဲ့ အဆုံးတိုင်တည်ကြည်ခဲ့သူ…🌻🌹🌻
🌻🌹🌻
ဒီကနေ့ ကျွန်ုပ်တို့ရဲ့ ချစ်စွာသောမိတ်ဆွေ….ဧလိဇဘက်ရဲ့စျာပနမှာ လာရောက်ပြီးတော့ တရားဟောတာပေါ့။ ဘာကြောင့် လာဟောပေးရတာလဲဆိုတော့.. ကျွန်ုပ်… မင်းသုံးပါးမှာ ပြောလေ့ရှိပါတယ်။ မင်းသုံးပါးကဘာသာဝင်တွေ သေပြီးတော့…၊ လာလာပြီးတော့ မစ္ဆားဟောပေးရတဲ့အခါ၊ တရားဟောပေးရတဲ့အခါ ပျော်တယ်လို့…။ မင်းသုံးပါးကလူတွေသေရင် ကိုယ်က ပျော်တယ်… အဲလို ဖြစ်နေတယ်။ (ရယ်သံများ…)
ဆိုတော့..အဲဒီလို ပျော်တယ်လို့ပြောတဲ့အခါကျတော့ အကြင်နာတရားမဲ့လို့ ပျော်တာမဟုတ်ပါဘူး။အသုဘမှာ ဘာပျော်စရာရှိလို့လဲ။ အသုဘဆိုတာက ကိုယ်ချစ်တဲ့၊ခင်တဲ့လူနဲ့ ခွဲခွာရတာ၊ဝမ်းနည်းစရာ အကောင်းဆုံးအချိန်ကာလဖြစ်တာ။ ဒီအချိန်မှာ ပျော်တယ်လို့ပြောတဲ့အခါမှာ.. တကယ်ကို ပျော်လို့ပြောတာပါ။ သူတော်ကောင်းတွေ.. သူတို့ သေဆုံးပြီးတဲ့နောက် အခုလိုမျိုးလာရောက်ဂုဏ်ပြုခွင့်ရတယ်၊ ဟောပြောခွင့်ရတယ်၊ မစ္ဆားဟောပေးရတာကို ပျော်တယ်။ ဘာကြောင့်လဲဆိုတော့ တကယ်ကို.. ဘုရားတရားရှိတဲ့သူတွေပေါ့၊ ဘုရားတရားရှိတဲ့သူတွေ..။ ကျွန်ုပ်တို့ရဲ့အသက်တာမှာ သူတို့.. ပုံကောင်းသက်သေနဲ့ နေသွားတဲ့သူတွေပေါ့။ ဒီလူတွေအတွက်ကို အချိန်ပေးပြီးတဲ့နောက်၊ သူတို့ရဲ့နောက်ဆုံးခရီးကို ပို့ဆောင်ပေးရတာကို ဂုဏ်ယူတာ..ဖြစ်တယ်။ ဒါကြောင့်မို့လို့ မကောင်းသောစိတ်နဲ့ ပျော်ရွှင်တယ်လို့ ပြောတာမဟုတ်ဘဲနဲ့၊ ဂုဏ်ယူသောစိတ်နဲ့ ပျော်ရွှင်တာကို ပြောတာ။
🌻🌹🌻
ကျွန်ုပ်တို့က မျက်ရည်ကျသော်လည်းပဲ၊ ဝမ်းနည်းသော်လည်းပဲ မျှော်လင့်ချက်နဲ့ ငိုကြွေးတဲ့သူတွေဖြစ်တာ။ မျှော်လင့်ချက်နဲ့ ငိုကြွေးတဲ့သူတွေ…။ အဲဒီတော့ ငိုတယ်ဆိုတဲ့အခါမှာ ကျွန်ုပ်တို့.. မျှော်လင့်ချက်ကင်းမဲ့သွားလို့ ငိုတာလည်းရှိသလို၊ မျှော်လင့်ချက်နဲ့ ငိုတာလည်း ရှိတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ငိုဖူးတာပေါ့။ တစ်ခုခုလိုချင်တဲ့အခါမှာ တံခါးချောင်ထဲမှာ သွားပြီးတော့ ငိုတာပဲ။ အိပ်ခန်းထဲမှာ တံခါးပိတ်ပြီးတော့ ငိုတာပဲ။ ဒါပေမဲ့ အဲဒီငိုခြင်းမှာ မျှော်လင့်ချက်ရှိတယ်။ "ငါငိုလိုက်ရင် အမေက ငါ့ကို လိုချင်တာပေးမှာပဲ"ပေါ့။ ဒါကြောင့်မို့လို့ အမျိုးသမီးတွေလည်း ငိုတဲ့အခါ "ငါငိုရင် ငါ့ယောက်ျားက ငါ့ကိုလိုချင်တာကို ပေးမှာပဲ"။ ဒါကြောင့်မို့လို့ ဒါက မျှော်လင့်ချက်နဲ့ ကျွန်ုပ်တို့ ငိုကြွေးတာဖြစ်တယ်။
ဒီကနေ့ ဒေါ်ဧလိဇဘက် ကွယ်လွန်သွားတဲ့အခါမှာ ကျွန်ုပ်တို့ ငိုသော်လည်းပဲ၊ ဝမ်းနည်းသော်လည်းပဲ မျှော်လင့်ချက်က အပြည့်ရှိတယ်။ ဘာကို မျှော်လင့်တာလဲပေါ့။ ခရစ်တော်ရဲ့စကားပေါ်မှာ ကျွန်ုပ်တို့ မျှော်လင့်ချက်အပြည့်ရှိတယ်။ "ငါသည် ရှင်ပြန်ထမြောက်ခြင်းနဲ့ အသက်ဖြစ်တယ်။ ငါ့ကို ယုံကြည်သောသူသည် သေပြီးသော်လည်းပဲ ပြန်ရှင်လိမ့်မယ်။ ငါ့ကို ယုံကြည်သောသူသည် သေခြင်းတရားနဲ့ အစဉ်ကင်းလွတ်လိမ့်မယ်" တဲ့။ ဒီစကားကိုမေရီ၊မာသတို့ကို သခင်ခရစ်တော် ပြောခဲ့တာဖြစ်တယ်။ လာဇရုသေတဲ့အခါမှာ မာသကို ဒီစကားပြောတယ်။ "ငါ့ကို ယုံကြည်လား။ ငါ့ကိုယုံကြည်တယ်ဆိုရင် သင့်ရဲ့မောင်ဟာ ပြန်ရှင်လိမ့်မှာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ငါဟာ အသက်ရှင်ခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းဖြစ်တယ်”။
🌻🌹🌻
ဒါကြောင့်မို့လို့... သေခြင်းတရားဟာ လောကရဲ့ရှုထောင့်ကကြည့်ရင်တော့ ဝမ်းနည်းစရာ ဖြစ်သော်လည်းပဲ၊ ကျွန်ုပ်တို့ ယုံကြည်ခြင်းနဲ့ မျှော်လင့်ခြင်းနဲ့ ကြည့်တဲ့အခါကျတော့ ဒါဟာ ဝမ်းနည်းစရာမဟုတ်တော့ဘူး။ ဝမ်းသာစရာ၊ ဝမ်းမြောက်စရာအနေနဲ့ ကျွန်ုပ်တို့ ခံယူတာဖြစ်တယ်။ ဒီကနေ့ ကျွန်တော်တို့ရဲ့ ချစ်စွာသော ဒေါ်ဧလိဇဘက်ကို သူရဲ့ နောက်ဆုံးခရီးမှာ ကျွန်ုပ်တို့ ဘုရားသခင်ထံအပ်နှံပေးတာ။ ဆိုတော့… ဘုန်းကြီး အစမှာ ပြောသလိုပေါ့၊ သူ သေတာ၊ ဘုရားရှိခိုးပေးရတာ.. ပျော်တယ်။ ဘာကြောင့်လဲ။
ပထမတစ်ခုက သေခြင်းတရားမှာ ကျွန်တော်တို့ကို ဘုရားသခင် စီရင်မယ့်အချက်သုံးချက် ရှိတယ်။ ကျွန်ုပ်တို့ရဲ့ #ယုံကြည်ခြင်းအပေါ်မှာ၊ ကျွန်ုပ်တို့ရဲ့ #သီလတရားအပေါ်မှာ၊ ကျွန်ုပ်တို့ရဲ့ #မေတ္တာတရားအပေါ်မှာ…။ ဒါတွေအပေါ်မှာ ဘုရားသခင်က လူတစ်ယောက်ကို စီမံတာ၊ စီရင်တာ ဖြစ်တာ။ အဲဒီတော့ ယုံကြည်ခြင်းဟာ ကျွန်ုပ်တို့ကို ကယ်တင်ခြင်းပေးသောအရာ ဖြစ်တယ်။ အဲဒီတော့ ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့ ဒေါ်ဧလိဇဘက်ဟာ… သူ့အကြောင်းကို ပြန်ပြီး စဉ်းစားတဲ့အခါကျတော့၊ “ဪ…တော်တော်ယုံကြည်ခြင်းကြီးတဲ့ အမျိုးသမီးပါလား”လို့ သူ့ကိုမြင်ရတယ်။ သူ့ရဲ့ ယုံကြည်ခြင်းအသက်တာ၊ ယုံကြည်ခြင်းခရီးစဉ်…။ ကျွန်ုပ်တို့ မင်းသုံးပါးမှာ သူ့ကို လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုတည်းက သိခဲ့တဲ့အခါ၊ တော်တော်ကို ယုံကြည်ခြင်းကြီးတဲ့ အမျိုးသမီးဖြစ်တာ။ ဘာကြောင့်လဲ။
အဲဒီ ယုံကြည်ခြင်းကြောင့်၊ ဘုရားပေါ်မှာထားတဲ့ ယုံကြည်ခြင်းကြောင့်… သူမရဲ့ အသက်တာမှာ ရင်ဆိုင်ရတဲ့ ဒုက္ခခက်ခဲတွေ၊ ပြဿနာပေါင်းစုံတွေ၊ သူရဲ့ခန္ဓာထဲမှာ ဖြစ်နေတဲ့ရောဂါဝေဒနာတွေကို အပြုံးမပျက်ဘဲနဲ့ ရှင်သန်ပြသွားလို့ဖြစ်တယ်။ တကယ်တော့ သူဟာ ပြဿနာပေါင်းစုံနဲ့၊အခက်အခဲပေါင်းစုံနဲ့ ရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တာကို သိတယ်။ ဒါပေမဲ့ ဘယ်တော့မှ သူ့မှာ ပြဿနာရှိနေလို့ မဲ့ရွဲ့နေတာမျိုး၊ ညည်းညူနေတာမျိုး မတွေ့ရဘူး၊ အပြုံးမပျက်ဘူး။ အပြုံးမပျက်တဲ့သတ္တိကို သူ ဘယ်ကနေရတာလဲ။
🌻🌹🌻
တစ်ခါတုန်းက သူနဲ့ ခရီးသွားတဲ့အခါကျတော့…၊ မင်းသုံးပါးမှာ ရှေးတုန်းက အမြဲတမ်း ခရီးသွားကြတယ်။ အဲဒီတော့ လမ်းမှာသွားရင် ကျွန်တော်က ကားရပ်ပြီးတော့ ကြံရည်ဝယ်သောက်တာတို့၊ ဘာတို့။ အဲဒီတော့ သူ လမ်းဘေးကကြံရည်တွေ သောက်ပြီးတော့ သူ ကျွန်တော့်ကို ပြောတယ်။ သူ.. ကြံရည်တွေသောက်ပြီးတော့ သူဝမ်းသွားတယ်တဲ့။ ဝမ်းချုပ်နေတာ ကြာပြီပေါ့နော်။ သူ့မှာ ဝမ်းချုပ်တဲ့ရောဂါရှိတယ်။ အဲဒီတော့ တစ်ခါတလေ သုံးလေးရက်၊တစ်ခါတလေလည်း တစ်ပတ်၊ တစ်ခါတလေ လနဲ့ချီပြီး ဝမ်းချုပ်တတ်တယ်။ အဲဒီတော့ ဝမ်းချုပ်ခြင်းရဲ့ ဝေဒနာ ဘယ်လောက်ကြီးလဲဆိုတာ ကျွန်တော်တို့ လူတွေသိကြတယ်။ ဘယ်လိုမှ နေလို့ထိုင်လို့ မရတဲ့ရောဂါ။ စားသမျှကို ပြန်ပြီးတော့ မထွက်သွားဘူးဆိုရင် လူဟာ ဘယ်လိုမှနေလို့ထိုင်လို့ မရဘူး။ အဲဒီတော့ သူ ဘယ်လိုမျိုး ဒီဝေဒနာကြီးကို ကိုင်တွယ်လဲပေါ့။ အရမ်းကိုယ်ချင်းစာတယ်။ အဲဒါကြောင့် သူ့ကိုတွေ့ရင် ပြောတာ၊ “မဧလိဇဘက်.. လမ်းဘေးကကြံရည်တွေ များများ သွားသောက်” လို့။ ယင်နားတဲ့ ကြံရည်တွေ သူသောက်သောက်ပြီးတော့ ဝမ်းလျှောတာ။ အဲဒါ ကိုယ်က အားပေးတာ..။ (ရယ်သံများ…)
ဆိုတော့… အဲဒီဝေဒနာကို သူအမြဲတမ်း ခံစားနေရတာလည်းသိတယ်။ တစ်ခါ… သူ့ရဲ့သားသမီးတွေ…၊ ဒုက္ခတွေ… ရှိတယ်။ သူ့လင်ယောကျ်ားဆုံးပြီးတော့ သူနေရတဲ့အိမ်ကြီးကနေ သူပြောင်းသွားတဲ့အခါမှာလည်း သူ့ပြဿနာတွေရှိတယ်။ ဒါပေမဲ့ အရမ်းအံ့ဩစရာကောင်းတယ်နော်။ဘယ်တော့မှ.. စိတ်ဓာတ်ကျတာ၊ (ကျသော်လည်းပဲပေါ့..)သူ့ဒုက္ခတွေ သူလာပြီးတော့ ပြောပြသော်လည်းပဲ အပြုံးမပျက်တာကို တွေ့ရတယ်။ အပြုံးမပျက်ဘူး။ သူ့မျက်နှာ ချိုချိုသာသာနဲ့ ..။ ဒါဟာ လူတိုင်းလက်ခံတဲ့အချက်ဖြစ်တယ်။ ဘယ်တော့မှ သူ့မျက်နှာမှာ အပြုံးပျောက်သွားတယ်ဆိုတာ မတွေ့ရဘူး။ အဲဒီတော့ ဒီအပြုံးဟာ သူ့ရဲ့ယုံကြည်ခြင်းကြောင့်။ ယုံကြည်ခြင်းကြောင့် သူရှင်သန်နိုင်တာဖြစ်တယ်။ ရှင်သန်နိုင်တာ ဖြစ်တယ်။
🌻🌹🌻
အဲဒီတော့ ဒီခရီးစဉ်ကြီးဟာ သူ့ရဲ့အသက်တာမှာ လွယ်ကူတဲ့ဝန်ထုပ်ဝန်ပိုးမဟုတ်ဘူး။ ကျွန်ုပ်တို့ သူ့နေရာမှာသာနေခဲ့ဖူးရင် တစ်ရက်၊တစ်ပတ်၊တစ်လ ခံနိုင်မှာမဟုတ်ဘူး။ ဒါကို သူဟာ နှစ်နဲ့ချီပြီးတော့ ရှင်သန်ခဲ့တာ။ အဲဒီတော့ နောက်ဆုံး သူ့ကို ဘယ်လိုတောင်ထင်လဲဆိုတော့ ဒီလောက် အခက်အခဲတွေရှိတာ၊ ဒီလောက် သူ့ရဲ့အတွင်းရောဂါ၊ ကလီစာတွေမကောင်းတာ…မေးလိုက်ရင် သူ အမြဲတမ်း ခရီးသွားတယ်။ မေးလိုက်ရင် ဟိုမှာ ရောက်နေတယ်၊ ဒီမှာ ရောက်နေတယ်။ “ဪ၊ စိတ်ထဲမှာ ဒေါ် Elizabeth ကတော့ ဒီတစ်သက်သေတော့မှာ မဟုတ်ဘူး” လို့…။အဲလိုတောင်မှထင်ပြီးတော့ မေ့မေ့ပျောက်ပျောက် နေမိတာ။ အဲဒီတော့ ပြီးခဲ့တဲ့နှစ်ရက်လောက်ကမှ Jenniferတင်ထားတဲ့၊ Elizabethဆုံးသွားပြီဆိုတာကို သိရတယ်။
အဲဒီတော့… သူမရဲ့အသက်တာမှာ မေတ္တာတရားနဲ့ အသက်ရှင်သွားတာတွေ့ရတယ်။ သေးငယ်တဲ့ အမှုလေးတွေပေါ့။ သူ့ရဲ့အခြေအနေက ကျွန်ုပ်.. ဒီမှာနေတဲ့အခါမှာ သူအများကြီး မလှူနိုင်ဘူး၊ အများကြီး မလုပ်နိုင်သော်လည်းပဲ သူ… သေးငယ်တဲ့အလုပ်လေးတွေကို အကောင်းဆုံး မေတ္တာထားပြီးတော့ လုပ်ပေးတာတွေ့ရတယ်။ ဘုန်းကြီးကနေပြီးတော့ ဘာလုပ်ချင်လဲဆိုရင် သူ အမြဲတမ်းAvailable ပေါ့၊ အမြဲတမ်းပါဝင်တယ်။ ချက်မှာလား၊ ပြုတ်မှာလား၊ ဈေးရောင်းမှာလား၊ အလှူလုပ်မှာလား၊ သန့်ရှင်းရေးလုပ်မှာလား၊ ဘုရားရှိခိုးမှာလား။ ဒေါ် Elizabethက အမြဲတမ်း..သူ နေကောင်းနေသရွေ့ပေါ့၊ သူ လမ်းလျှောက်နေသရွေ့… သူ ပါဝင်တာကို တွေ့ရတယ်။ အဲဒီမှာ မေတ္တာတရားကြီးမားတဲ့သူတစ်ယောက်အနေနဲ့ ဒါတွေကို သူဆက်ကပ်သွားတာ။
🌻🌹🌻
သူက ရန်ဖြစ်တာကိုလည်း သူရှောင်တယ်။ ဆိုတော့.. သူ့ရဲ့.. သူလုပ်နေတဲ့၊ဆက်ကပ်နေတဲ့အလုပ်မှာ သူမေတ္တာတရား မပျက်ချင်ဘူး၊ စေတနာမပျက်ချင်ဘူး။ ဆိုတော့… သူ့ရဲ့ မေတ္တာတရားကို မြင်ရတယ်၊ စိတ်ရှည်သည်းခံတာ၊ သူ့ရဲ့ သူငယ်ချင်း(တွေ)အပေါ်မှာ၊ လူတွေအပေါ်မှာ သူ စိတ်ရှည်သည်းခံတာ မြင်ရတယ်။ သူ့ရဲ့ ရက်ရောခြင်းကိုမြင်ရတယ်။ သူ့ရဲ့ သနားတတ်ခြင်းကို မြင်ရတယ်။ ကိုယ်ကိုယ်တိုင်က ဒုက္ခတွေနဲ့ ရှိပေမယ့် သူတစ်ပါးကို သနားတတ်တဲ့ သူ့ရဲ့စိတ်ထားကိုမြင်ရတယ်။ အဲဒီတော့ ကိုယ်ကိုယ်တိုင်က မကြွယ်ဝသော်လည်းပဲ သူ့ရဲ့ မေတ္တာတရား ကြွယ်ဝတာ၊ သူ့ရဲ့ ယုံကြည်ခြင်း ကြွယ်ဝတာတွေဟာ ကျွန်တော်တို့အတွက် တကယ့်ကို အတုယူစရာ ဖြစ်တာ..။အတုယူစရာ ဖြစ်တာ။ ဒါကြောင့်မို့လို့ ဒီပါရမီတွေပေါ့။
ဆိုတော့… ပါရမီပိုင်းမှာလည်းပဲ အနည်းငယ်ဖြည့်စွက်ပြီးတော့ ပြောချင်တယ်။ ဘုရားသခင်က ကျွန်ုပ်တို့ သေခြင်းတရားနေ့မှာ ကျွန်ုပ်တို့ကို ဘယ်လိုစီရင်မှာလဲ။ စောစောက ပြောသလို၊ ကျွန်ုပ်တို့ရဲ့ သဒ္ဓါတရားပေါ့..။ ဘုရားအပေါ်မှာ ဘယ်လောက် ယုံကြည်ခြင်းရှိခဲ့လဲ၊ ဒါကိုလည်း ဘုရားသခင်က စိစစ်တာပေါ့။ မေတ္တာတရားနဲ့ ဘယ်လောက်အသက်ရှင်ခဲ့လဲ၊ ဘုရားကို ဘယ်လောက်ဆက်ကပ်ခဲ့လဲ၊ ပေးဆပ်ခဲ့လဲ၊ ဘုရားအတွက် ဘယ်လောက်အလုပ်လုပ်ခဲ့လဲ၊ ဒါကိုလည်း ဘုရားသခင်က ကြည့်တာ။
🌻🌹🌻
အဲဒီတော့ မယ်တော်တမန်တော်အသင်းသား ဖြစ်တာသာမကဘူး၊ ဘာသာသူတစ်ဦးအနေနဲ့၊ ယုံကြည်သူတစ်ဦးအနေနဲ့ သူ့ကို… အပြစ်ပြောစရာမရှိဘူး။ အပြစ်ပြောစရာမရှိဘူး။ သူ ဆက်ကပ်ရမှာလား၊ ပေးဆပ်ရမှာလား၊ အနစ်နာခံရမှာလား၊ အချိန်ပေးရမှာလား….။ ဒါတွေဟာ သူမရဲ့ ဘုရားအပေါ်မှာထားတဲ့၊ လူတွေအပေါ်မှာထားတဲ့ မေတ္တာတရားဖြစ်တာ။ အဲဒီတော့ သီလပါရမီပိုင်းကို ကျွန်ုပ်တို့ ကြည့်မယ်ဆိုရင်လည်း ဒီရိုးသားတဲ့…ဒီအမျိုးသမီးပေါ့။ သူ့ရဲ့ရိုးသားခြင်းက ကျွန်ုပ်တို့အတွက် မှတ်သားစရာဖြစ်တာ။ ကိုယ်ကိုယ်တိုင်က ဘယ်လောက်ပဲ ငွေကြေးမှာ အခက်အခဲရှိနေပါလေ့စေ၊ သူ့ရဲ့ ရိုးသားခြင်းက ပေါ်လွင်တယ်။ သူ့ရဲ့ နှိမ့်ချခြင်းကို ကျွန်ုပ်တို့ တွေ့ရတယ်။ သူ့ရဲ့… စိတ်ရှည်သည်းခံတတ်တဲ့စိတ်…။ မဟုတ်တာတွေကို မလုပ်ဘူး။ မမှန်တာတွေကို မလုပ်ဘူးဆိုတဲ့ သူ့ရဲ့စိတ်ထားကို ကျွန်ုပ်တို့တွေ့ရတယ်။ ကျွန်ုပ်တို့ တွေ့ရတယ်။
ဒါကြောင့်မို့လို့ သာမန်လူတစ်ယောက် ဖြစ်သော်လည်းပဲပေါ့၊ သာမန်အားဖြင့် ကြည့်မယ်ဆိုရင် ဪ၊ #မိမိကြီး ဆိုတာ သာမန်အမျိုးသမီးတစ်ယောက်ပါပဲလို့ ကျွန်ုပ်တို့ မြင်ရသော်လည်းပဲ၊ သူ့ရဲ့အသက်တာမှာ ဒီသာမန်အလုပ်လေးတွေကိုပဲ ထူးခြားပြောင်မြောက်စွာ လုပ်သွားတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ သူ့ကိုဂုဏ်ပြုချင်တယ်။ ဒါ… Mother Teresaတို့ရဲ့ လမ်းစဉ်မျိုးပဲ။ Mother Teresa ကာလကတ္တားမှာ ဒီဆင်းရဲသားတွေအတွက် သူအလုပ်လုပ်တဲ့အခါမှာ ဒီရိုးရှင်းတဲ့ အလုပ်လေးတစ်ခုပါပဲ၊ သေးငယ်တဲ့ အလုပ်လေးတစ်ခုဖြစ်သော်လည်းပဲ ဒီအပေါ်မှာ တကယ်ကို စစ်မှန်တဲ့စိတ်ထားနဲ့…။ စစ်မှန်တဲ့ စိတ်ထားနဲ့ အကောင်းဆုံးလုပ်ခြင်းဟာ ဘုရားရဲ့မျက်မှောက်မှာ ကောင်းချီးရတဲ့ အလုပ်ဖြစ်တာပဲ။ ကောင်းချီးရတဲ့အလုပ်။
🌻🌹🌻
ဒါကြောင့်မို့လို့ တစ်ခါတလေ ကျွန်ုပ်တို့က ကြီးကျယ်တဲ့အလုပ်တွေကျတော့မှ၊ လူမြင်တဲ့ အလုပ်တွေကျတော့မှ၊ နာမည်ရတဲ့ အလုပ်တွေကျတော့မှ ကျွန်ုပ်တို့က လုပ်ချင်ကြတာရှိတယ်။ ဒီသေးငယ်တဲ့ သန့်ရှင်းရေးအလုပ်လေးတွေ၊ တံမြက်စည်းလှည်းတဲ့ အလုပ်လေးတွေ၊ ဈေးရောင်းတဲ့ အလုပ်တွေ၊ နောက်ကွယ်မှာ လိုက်ရတဲ့အလုပ်လေးတွေကို၊ ဒါလေးတွေကို ကျွန်ုပ်တို့က "ဪ ဒါတွေကတော့ သေးငယ်တာပဲ၊ ငါတို့ မလုပ်ချင်ဘူး"။ တကယ့် လူရှေ့သူရှေ့မှာ နာမည်ရမယ့်အလုပ်တွေပဲ ငါတို့လုပ်ချင်တယ်။ တစ်ချို့လည်း ဒီလိုမျိုးစိတ်ထားရှိတယ်။
အဲဒီတော့ ဒေါ် Elizabeth… မဧလိဇဘက်ပေါ့နော်။ သူကတော့.. ဒီသေးငယ်တဲ့ အလုပ်လေးတွေမှာပဲ ပျော်ရွှင်စွာနဲ့ အကောင်းဆုံးဆက်ကပ်သွားတာ။ အကောင်းဆုံး ဆက်ကပ်သွားတာ။ ဒါကြောင့်မို့လို့ Elizabethတို့ အလုပ်လုပ်ပြီဆိုရင် ကျွန်ုပ်တို့ ဘာမှလှည့်ကြည့်စရာမလိုဘူး။ သူတို့… အဖွဲ့လေးတွေနဲ့လည်း အမြဲတမ်းတွဲခဲ့ရတယ်။ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်…။ ဒါ..တစ်ယောက်နဲ့တစ်ယောက် သည်းခံပြီးတော့မှ ဒီအဖွဲ့လေးတွေ ဆက်သွားခဲ့တာ။ အဲဒီတော့ ဒီ..သူ့ရဲ့ နောက်ဆုံးခရီးစဉ်မှာ ဒါတွေ ပြန်ပြောပြတယ်ဆိုတာက ကျွန်ုပ်တို့က ဒေါ်Elizabethကို သာမန်လူတစ်ယောက်အနေနဲ့ပဲ မြင်ပေမယ့်၊ တကယ်တော့ ပါရမီရှိတဲ့၊ ယုံကြည်ခြင်းရှိတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာကို ကျွန်ုပ်တို့ကို သိစေတယ်။
🌻🌹🌻
နောက်ဆုံးအနေနဲ့ မယ်တော်ရဲ့သမီးလည်းဖြစ်တယ်၊ မယ်တော်တမန်တော်ရဲ့အဖွဲ့ဝင်လည်းဖြစ်တဲ့အတွက်ကြောင့် ဒေါ်Elizabeth… သင့်ရဲ့ကောင်းကင်နိုင်ငံတော်ကိုပြန်တဲ့ခရီးစဉ်မှာ အမိမယ်တော်ဟာ သင့်ရဲ့လက်ကိုဆွဲပြီးနောက် ဘုရားသခင်ဆီကို ပို့ဆောင်ပေးပါစေ…။ သင့်ရဲ့သိုးထိန်းဖြစ်တဲ့ ကယ်တင်ရှင်သခင်ခရစ်တော်သည်လည်း သင့်ရဲ့ဝိညာဉ်ကို ကောင်းကင်နိုင်ငံမှာလက်ခံပြီးတော့ ထာဝရအသက်ကိုပေးပါစေ။ သင်.. ဘုရားသခင်အပေါ်မှာ ယုံကြည်ခဲ့တဲ့ယုံကြည်ခြင်းတရား၊ လူတွေအပေါ်မှာထားခဲ့တဲ့ မေတ္တာတရား၊ သင်.. ကျင့်ကြံအားထုတ်ခဲ့တဲ့ သီလပါရမီတွေ၊ သင်လုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကို ဘုရားသခင် တစ်ခုမကျန် ကောင်းကင်မှာ သင့်ကိုဆုချပါစေ။ သင့်ရဲ့နောက်ဆုံးသောခရီးမှာ ကျွန်ုပ်တို့ ပါဝင်လိုက်ပို့ခြင်းအားဖြင့် သင့်ကို အစဉ်အမြဲ သတိရနေမှာဖြစ်တယ်။ သင်သည် ဘုရားသခင်ရဲ့ သနားခြင်းကို ခံရပြီးတဲ့နောက် ငြိမ်သက်ချမ်းသာခြင်း ရှိပါစေ။ အာမင်။ 🌻🌹🌻
မင်းပညာရှိသုံးပါးဘုရားကျောင်း(ခဝဲခြံ)မှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တဲ့၊ ချစ်ခင်လေးစား၊ခင်မင်တွယ်တာခဲ့ရတဲ့ အန်တီ ိမိကြီး ရဲ့၊စျာပနမစ္ဆားမှာ Rev.Fr.Marcianဦးသက်ကျော် ဟောကြားခဲ့သော တရားရေအေးကို ပြန်လည်မျှဝေထားပေးခြင်းဖြစ်ပါတယ်။ ကွယ်လွန်သူရဲ့ဝိညာဉ်အတွက် သတိတရ ဆက်လက်ဆုတောင်းပေးဖို့အတွက်ကိုလည်း အလေးအမြတ် တောင်းခံအပ်ပါတယ်ရှင်။ 🙏 🌻🙏🌹🙏🌻 🙏
#မိုးTRIO
Category
Website
Address
Inya Road, Kamaryut Ts..
Yangon