Playmaker Journal
Daily Latest Sport News
ဘောလုံးကန်ရန် ကြိုးပမ်းစဉ် ဂျွမ်းထိုးမှောက်ခုံလဲကျခဲ့တဲ့ AI ရိုဘော့ဘောလုံးသမားအား စပါးစ်သို့ ပေါင်သန်း ၁၀၀ ဖြင့် ပြောင်းလာတော့မယ်လို့ ပရိသတ်များ လှောင်ပြေနေကြ
====================
AI ရိုဘော့ဘောလုံးသမားတစ်ဦးရဲ့ ဘောလုံးကန်ရန် ကြိုးပမ်းစဉ် ဂျွမ်းထိုးမှောက်ခုံဖြစ်ကာ မအောင်မြင်ခဲ့တဲ့ ဗီဒီယိုဖိုင်က အွန်လိုင်းတွင် ပျံ့နှံ့နေပြီး ပရိသတ်များက ယင်းရိုဘော့ဘောလုံးသမားမှာ မကြာမီ စပါးစ်သို့ ပေါင်သန်း ၁၀၀ ဖြင့် ပြောင်းလာတော့မယ်လို့ လှောင်ပြောင်နေကြပါတယ်။
အချို့က AI က လူသားရဲ့နေရာမှာ အစားထိုးလာမယ်ဆိုပြီး ကြောက်လန့်နေကြပါတယ်။ ဒါပေမယ့် ယခုထွက်ပေါ်လာတဲ့ AI ရိုဘော့ဘောလုံးသမားရဲ့ အဖြစ်အပျက်ကြောင့် ဘောလုံးကွင်းထဲမှာတော့ ခြေချလာဖို့အရေး အလှမ်းဝေးနေသေးတယ်လို့ ဆိုရပါမယ်။
ရိုဘော့ဖန်တီးသူများဟာ လီယွန်နယ်မက်ဆီ၊ ခရစ္စတီယာနိုရော်နယ်ဒိုတို့ထက် ပိုကောင်းတဲ့ ရိုဘော့ဘောလုံးသမားဖန်တီးရေး ကြိုးစားပန်းစား ဖန်တီးနေကြပါတယ်။
ဒါပေမယ့် ယူအေအီးအခြေစိုက် Dia Industries ကဖန်တီးထားတဲ့ AI ရိုဘော့ဘောလုံးသမားရဲ့ ဗီဒီယိုမှတ်တမ်းအရ ကွင်းထဲမှာ ကောင်းမွန်တဲ့ ခြေစွမ်းမျိုး မြင်ရဖို့ ဝေးနေပါသေးတယ်။
ယခု ထွက်ပေါ်လာတဲ့ ဗီီဒယိုတွင် ရိုဘော့စက်ရုပ်ဟာ ကွင်းလယ်တွင် တည်ထားတဲ့ ဘောလုံးအား ပြေးလွှားကာ ကန်ရန် ကြိုးပမ်းချိန်တွင် မြေကြီးကိုသာ ကန်မိပြီးနောက် မြက်ခင်းမှာ ဂျွမ်းထိုးမှောက်ခုံပြိုလဲကျသွားတာ တွေ့ရပါတယ်။
ယင်းအဖြစ်အပျက်အား ပရိသတ်များက ယင်းရိုဘော့စက်ရုပ်ကို မကြာမီ စပါးစ်က ပေါင်သန်း ၁၀၀ ဖြင့် ဝယ်လာတော့မယ်လို့ လှောင်ပြောင်နေကြပါတယ်။
စပါးစ်ဟာ နွေရာသီတုန်းက ပေါင်သန်း ၃၃၂ သန်း အသုံးပြုကာ ထိပ်တန်းကစားသမားများအား ခေါ်ယူအားဖြည့်ခဲ့ပေမယ့်လည်း နိုင်ပွဲ ရရှိထားခြင်း မရှိသေးဘဲ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
24/09/2026
အင်္ဂလန်အသင်းအနေဖြင့် စပိန်အား အတုခိုးမကစားသင့်ကြောင်း ဂေါ်ဒွန် ပြောကြားလာ
==================
အန်တိုနီဂေါ်ဒွန်က ပွဲကို ထိန်းချုပ်ကစားခြင်းက အင်္ဂလိပ်ရဲ့ DNA တွင် မရှိကြောင်း၊ သို့ရာတွင် အင်္ဂလန်မှာ စပိန်အား အတုခိုးကစားရန် ကြိုးပမ်းမှု ရပ်ဆိုင်းလာပါက အရေးပါတဲ့ ပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိလာနိုင်ကြောင်း ပြောကြားသွားပါတယ်။
ဘာစီလိုနာစတားဟာ စနေနေ့တွင် ဝင်ဘာလေကွင်းတွင် ကစားမယ့် စပိန်နှင့် နေးရှင်းလိဂ်ပွဲစဉ်အတွက် စိန့်ဂျော့ပါ့ခ်တွင် အင်္ဂလန်အသင်းနှင့်အတူ ပြင်ဆင်နေသူ ဖြစ်ပါတယ်။
အင်္ဂလန်ဟာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တွင် အာဂျင်တီးနားအား ၂-၁ ဖြင့် အရေးနိမ့်ခဲ့ပေမယ့်လည်း ပြင်သစ်အား ၆-၄ ဖြင့် အနိုင်ရရှိကာ ၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက် အကြီးမားဆုံးအောင်မြင်မှုအဖြစ် တတိယကြေးတံဆိပ်ဆု ရရှိခဲ့ပါတယ်။
အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ဟာ အာဂျင်တီးနားအား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် ၁-၀ ဂိုးဖြင့် ဦးဆောင်နေချိန်မှာ ဂိုးသွင်းထားတဲ့ ဂေါ်ဒွန်ကို ထုတ်ပြီး ခံစစ်သမားများ ထည့်သွင်းကာ နောက်တန်း ၅ ဦးစနစ်ဖြင့် ကစားမှုကြောင့် အပြင်းအထန် ဝေဖန်ခြင်းခံခဲ့ရပါတယ်။
ဂေါ်ဒွန်က "ဒီအမာရွတ်က အပြုသဘောမဆောင်တာတော့ မဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့ကို နောက်လာမယ့် ပြိုင်ပွဲတွေမှာ အောင်မြင်မှု ရလာနိုင်စေပါတယ်။ အခြားနိုင်ငံတွေကို မကြည့်သင့်ပါဘူး။ သူတို့လို ကစားဖို့ မကြိုးစားသင့်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က သူတို့ မဟုတ်ဘူး။ ကျုပ်တို့က အင်္ဂလိပ်တွေ။ ကိုယ့်အားသာချက် ရှိတယ်။ ဒါတွေ သူတို့မှာ မရှိဘူး။ ဒီတော့ ကိုယ့်ကောင်းတာတွေနဲ့ပဲ စတင်ကစားရမယ်"လို့ ပြောကြားသွားပါတယ်။
လက်ရှိအချိန်တွင် ဘာစီလိုနာမှာ ကစားနေတဲ့ နယူးကာဆယ်တောင်ပံကစားသမားဟောင်းက လာလီဂါတွင် ကြုံတွေ့ရတဲ့ အတွေ့အကြုံကြောင့် နိုင်ငံတစ်ခုချင်းစီတွင် ဘောလုံးပွဲအား ချဉ်းကပ်ပုံ ကွဲပြားကြောင်းလည်း ပြောကြားသွားပါတယ်။
ဒါ့အပြင် ဂေါ်ဒွန်က အင်္ဂလိပ်ကစားသမားများအနေဖြင့် စပိန်ကဲ့သို့ ဘောလုံးပိုင်ဆိုင်မှုအသားပေးကစားဟန်မျိုး ကစားရန် မသင်ကြားသင့်ကြောင်း ပြောကြားသွားပါတယ်။
ဆက်လက်ပြီး ဂေါ်ဒွန်က "စပိန်ကို အတုခိုးဖို့ ကြိုးစားနေတယ်ဆိုတာ အမြင်ကနေ ပြောပြမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က စပိန်မှာ ရှိနေတယ်လေ။ ကျွန်တော်တို့မှာလည်း ကစားသမားကောင်းတွေ ရှိတာ သိတယ်။ ဒါပေမယ့် သူတို့နဲ့အရည်အသွေးကွဲပြားတယ်။ ဒီတော့ ကျုပ်တို့က ဘာဖြစ်လို့ စပိန်ကစားသမားတွေလို ကစားဖို့ ကြိုးစားရမှာလဲ။ စပိန်ကစားသမားတွေလည်း ကျွန်တော်တို့ ရှိတာအရာ မရှိသလို ကျွန်တော်တို့မှာလည်း သူတို့ရှိတဲ့အရာ မရှိပါဘူး"လို့ ပြောကြားသွားပါတယ်။
24/09/2026
အိုးထရက်ဖို့ဒ်ကွင်းမြက်ခင်းအား ပေါင် ၁၂၅ ဖြင့် ရောင်းချလာတဲ့ ယူနိုက်တက်
===================
ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်ကွင်းတွင် အသုံးပြုခဲ့တဲ့ မြက်ခင်းအား ပေါင် ၁၂၅ စီဖြင့် ရောင်းချလာပါတယ်။
ယူနိုက်တက်ဟာ နွေရာသီတုန်းက ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အိုးထရက်ဖို့ဒ်ကွင်းမြက်ခင်းအား အသစ်လဲလှယ်ခဲ့ပါတယ်။
ယခုအခါ ယူနိုက်တက်ဟာ ယခင် အသုံးပြုခဲ့တဲ့ မြက်ခင်းဟောင်းအား ၇ စင်တီမီတာစီ ပိုင်းဖြတ်ကာ ဗူးအတွင်းတွင် ထည့်ပြီး တစ်ကမ္ဘာလုံးမှ ယူနိုက်တက်ပရိသတ်များအား ရောင်းချလာပါတယ်။
ယူနိုက်တက်ဟာ အင်္ဂါနေ့တုန်းက ကလပ်အဖွဲ့ဝင်များ၊ ကလပ်ရဲ့ တစ်ရာသီစာလက်မှတ်ပိုင်ရှင်များအား အထူးအခွင့်အရေးအနေဖြင့် အိုးထရက်ဖို့ဒ်ကွင်းမြက်ခင်းအား စတင်ရောင်းချလာခဲ့တာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ယခင် ၂၀၁၂-၁၃ ရာသီတုန်းက ကွင်းမြက်ခင်းသစ် မလဲလှယ်ခင်တုန်းကလည်း အသုံးပြုခဲ့တဲ့ မြက်ခင်းအား ဖန်ဗူးအတွင်းတွင် ထည့်ကာ ရောင်းချခဲ့ဖူးပါတယ်။
အိုးထရက်ဖို့ဒ်ကွင်းတွင် အသုံးပြုခဲ့တဲ့ မြက်ခင်းအားလုံးရဲ့ ၉၇ ရာခိုင်နှုန်းက သဘာဝ မြက်ခင်းဖြစ်ပြီး ကျန် ၄ ရာခိုင်နှုန်းသာ မြက်ခင်းတု ဖြစ်ပါတယ်။
ဘာစီလိုနာဟာလည်း ယခင်နူးကမ့်ကွင်းဟောင်းမှ မြက်ခင်းအား ဗူးအတွင်းထည့်ကာ ပေါင် ၃၆၀ အထိ ဈေးသတ်မှတ် ရောင်းချဖူးပါတယ်။
ဒါ့အပြင် အာဆင်နယ်ဟာလည်း ယခင် ဟိုက်ဘူရီကွင်းဟောင်းမှ မြက်ခင်းကိုလည်း ၂၅ ပေါင်စီဖြင့် ရောင်းချဖူးပါတယ်။
ယူနိုက်တက်ဟာ လွန်ခဲ့တဲ့သုံးလတုန်းက အိုးထရက်ဖို့ဒ်ကွင်းအနီး မီတာ ၃၅၀ အကွာတွင် ပရိသတ် ၁ သိန်းဆန့်ကွင်းသစ်စီမံကိန်းအား ကြေညာခဲ့ဖူးပါတယ်။
ယူနိုက်တက်ဟာ မနေ့တုန်းက တစ်နှစ်တာဘဏ္ဍာရေးစာရင်းအား ထုတ်ပြန်ခဲ့ရာတွင် ကွင်းသစ်တည်ဆောက်ရေး လိုအပ်တဲ့ မြေအား ပေါင် ၆၃.၅ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ ပေါင် ၆၇၇.၅ သန်းအထိ စံချိန်တင်ဝင်ငွေ ရရှိခဲ့ပေမယ့်လည်း အကြွေ့းမှာ ပေါင် ၁.၆ ဘီလီယံအထိ မြင့်တက်လာနေပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ ပေါင် ၄၃ သန်းအထိလည်း အရှုံးပေါ်လာခဲ့ကာ ယမန်တစ်နှစ်ကထက် ပေါင် ၁၀ သန်း ပိုမိုအရှုံးပေါ်လာပါတယ်။
ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မြက်ခင်းရဲ့ ၇ စင်တီမီတာအား ပေါင် ၁၂၅ ဖြင့် ရောင်းချလာရာ ကွင်းအကျယ်အဝန်းမှာ ၁၀၅ × ၆၈ ဝန်းကျင်ရှိနေမှုနှင့်အတူ မြက်ခင်းအားလုံးအား ရောင်းချလာနိုင်ပါက ပေါင် ၁၈၂ သန်းအထိ ရရှိလာဖို့ ရှိပါတယ်။
24/09/2026
အသက် ၂၈ နှစ်အရွယ်မှာ ကလပ်လက်မဲ့ ဖြစ်နေတဲ့ ကမ္ဘာ့အချမ်းသာဆုံးဘောလုံးသမား
===================
ကမ္ဘာ့အချမ်းသာဆုံးဘောလုံးသမားဟာ အသက် ၂၈ နှစ်အရွယ်မှာ ကလပ်လက်မဲ့ ဖြစ်နေပါတယ်။
ဖေယိဘိုကီယာဟာ ဘောလုံးစွမ်းဆောင်ရည်ကြောင့် လူသိများခြင်း မရှိပေမယ့် ပေါင် ၁၃ ဘီလီယံ ကြွယ်ဝချမ်းသာမှုနှင့်အတူ လူသိများပါတယ်။
အသက် ၂၈ နှစ်ရှိ ဘိုကီယာဟာ အင်္ဂလန်တွင် လူငယ်ကစားသမားဘဝကို စတင်ခဲ့သူ ဖြစ်ပြီး ချဲလ်ဆီး၊ ဆောက်သမ်တန်၊ လက်စတာတို့မှာ ကစားခဲ့ဖူးပါတယ်။
သူဟာ ၂၀၁၉ ခုနှစ်တွင် စီနီယာပွဲ တစ်ပွဲမျှ ကစားခွင့်မရဘဲ အင်္ဂလန်ကို စွန့်ခွာရပြီးနောက် ပေါ်တူဂီကလပ် မာရီတီမိုသို့ ပြောင်းခဲ့ပါတယ်။
တောင်ပံကစားသမားဟာ ယင်းကလပ်မှာလည်း ခြေစွမ်းမပြနိုင်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်မှာ ထိုင်းလိဂ် ၁ ကလပ် ချောင်ဘူရီသို့ ပြောင်းခဲ့ပါတယ်။
သူဟာ ယင်းကလပ်တွင် ၂ နှစ်ကြာ ကစားပြီးနောက် ရက်ချာဘူရီသို့ ပြောင်းခဲ့ပါတယ်။
သူဟာ ယင်းကလပ်တွင် ၃ နှစ်ကြာ ကစားစဉ်အတွင်း ၂၃ ပွဲတည်းသာ ကစားခွင့် ရရှိခဲ့ကာ စာချုပ်ကုန်ဆုံးပြီးနောက် ထွက်ခွာလာခဲ့ရပါတယ်။
သူဟာ ကလပ်လက်မဲ့ ဖြစ်ပေမယ့်လည်း ဘရူနိုင်းတော်ဝင်မိသားစုဝင်တစ်ဦးဖြစ်တာကြောင့် ငွေကြေးပိုင်း ရုန်းကန်လာရဖို့တော့ မရှိပါဘူး။
သူဟာ ဘရူနိုင်းဘုရင်ရဲ့ တူဖြစ်ကာ ပေါင် ၁၃ ဘီလီယံ ကြွယ်ဝချမ်းသာပါတယ်။
သူဟာ ခရစ္စတီယာနိုရော်နယ်ဒို၊ မက်ဆီတို့ထက် အဆပေါင်းများစွာ ကြွယ်ဝချမ်းသာသူ ဖြစ်ပါတယ်။ ရော်နယ်ဒိုက ပေါင် ၁.၀၄ ဘီလီယံ၊ မက်ဆီက ပေါင် ၈၃၃ မီလီယံသာ ကြွယ်ဝချမ်းသာကြပါတယ်။
ဘိုကီယာဟာ အမေရိကန်နိုင်ငံ၊ အယ်လ်အေတွင် မွေးဖွားသူ ဖြစ်ပြီး ဖခင်ဖြစ်သူဟာ အသက် ၅၀ နှစ် မွေးနေ့ပါတီပွဲတုန်းက မိုက်ကယ်ဂျက်ဆင်ကို ပေါင် ၁၇ သန်းပေး ငှားရမ်းကာ ဖျော်ဖြေစေခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ဘရူနိုင်းနှင့် အမေရိကန်နိုင်ငံသား ပူးတွဲခံယူထားပြီး ဗြိတိန်တွင် ပညာသင်ကြားလာသူ ဖြစ်ပါတယ်။
24/09/2026
အယ်ဇိုင်းမားရောဂါတိုက်ပွဲဆင်နွဲပြီးနောက် လီဗာပူးပိုင်ရှင်ဟောင်းဂျော့ဂျီးလက်စ် ကွယ်လွန်လာ
=================
လီဗာပူးပိုင်ရှင်ဟောင်းဂျော့ဂျီးလက်စ်ဟာ အသက် ၈၇ နှစ် အရွယ်မှာ ကွယ်လွန်လာပါတယ်။
အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ဟာ အယ်ဇိုင်းမားရောဂါဝေဒနာခံစားရပြီးနောက် ကွယ်လွန်လာတာလည်း ဖြစ်ပါတယ်။
ဂျီးလက်စ်ဟာ တွမ်ဟစ်ခ်နှင့်အတူ ၂၀၀၇ ခုနှစ်တုန်းက လီဗာပူးအား ဝယ်ယူခဲ့ပါတယ်။
၎င်းတို့ဟာ ၂၀၁၀ ခုနှစ် အောက်တိုဘာလမှာ လီဗာပူးအား ဂျွန်ဟင်နရီရဲ့ New England Sports Ventures ထံ ထပ်ဆင့် ရောင်းချခဲကြပါတယ်။
ဂျီးလက်စ်ဟာ လီဗာပူးအပြင် ရေခဲပြင်ဟော်ကီအသင်း Montreal Canadiens နှင့် NFL ကလပ် Montreal Canadiens တို့ကိုလည်း ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ ဘတ်စ်ကက်ဘောအသင်း Harlem Globetrotters တွင်လည်း ရင်းနှီးမြှပ်နှံမှု ပြုလုပ်ခဲ့ဖူးပါတယ်။
ဂျီးလက်စ်နှင့် တွမ်ဟစ်ခ်တို့ဟာ လီဗာပူးအား ပိုင်ဆိုင်နေစဉ်အတွင်း ပရိသတ်များရဲ့ ဆန္ဒပြမှုများ ကြုံခဲ့ရသလို နည်းပြဘင်နီတက်ဇ်နှင့်လည်း ပြဿနာတက်ခဲ့ပါတယ်။
ယင်းနောက်မှာတော့ ၎င်းတို့ဟာ ပေါင်သန်း ၃၀၀ ဖြင့် လက်ရှိ ပိုင်ရှင်ထံ ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။
၎င်းတို့ ဦးဆောင်နေစဉ်အတွင်း လီဗာပူးဟာ ဆုဖလားတစ်လုံးမျှ ရရှိခဲ့ခြင်း မရှိဘဲ အမြင့်ဆုံးအဆင့်အဖြစ် ၂၀၀၈-၀၉ ရာသီတုန်းက ပရီးမီးယားလိဂ်တွင် အဆင့် ၂ မှာ ရပ်တည်ခဲ့ပါတယ်။ ယင်းရာသီတုန်းက စတီဗင်ဂျရတ်မှာ ပြိုင်ပွဲအရပ်ရပ်တွင် ၂၄ ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။
24/09/2026
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အံ့မခန်းကြီးကျယ်ခမ်းနားမှုကို ဖွင့်ဟပြောကြားလာတဲ့ ဝေးလ်နည်းပြဘယ်လာမီ
====================
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီမှာ သမ္မတတစ်ဦးကဲ့သို့ လူထုရဲ့ ဆက်ဆံရေး ခံရတဲ့အထိ ကြီးကျယ်ခမ်းနားသူ ဖြစ်ပါတယ်။
ဘောလုံးဂန္ထဝင်ဟာ အသက် ၄၁ နှစ်ရှိပြီ ဖြစ်ပေမယ့်လည်း ယခုတိုင် ကစားနေဆဲ ဖြစ်ပါတယ်။ သူဟာ ယနေ့ည ဝေးလ်နှင့် နေးရှင်းလိဂ်အဖွင့်ပွဲစဉ်မှာ ပေါ်တူဂီတိုက်စစ်ကို ဦးဆောင်ကာ ဂန္ထဝင်ဘောလုံးခရီးကို ဆက်လက်လျှောက်လှမ်းလာဦးမှာ ဖြစ်ပါတယ်။
ရော်နယ်ဒိုက ၂၀၂၆ ကမ္ဘာ့ဖလားက သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်လာမယ်လို့ ပြေဆိုခဲ့သလို စပိန်အား ၁၆ သင်းရှုံးထွက်အဆင့်မှာ ရှုံးနိမ့်ပြီးနောက် မျက်ရည်ကျခဲ့ပါတယ်။
ဒါပေမယ့် သူဟာ ဂျော့ဂျီးဆပ်စ်ရဲ့ နောက်ဆုံး ပေါ်တူဂီလူစာရင်းမှာ ပါဝင်လာဆဲ ဖြစ်ပါတယ်။ ခါးသီးတဲ့ ပြိုင်ဘက် မက်ဆီက အာဂျင်တီးနားကစားသမားဘဝကနေ အနားယူလိုက်ပြီ ဖြစ်ပေမယ့်လည်း ရော်နယ်ဒိုကတော့ လက်ရွေးစင်ကစားသမားဘဝကို စွန့်ခွာမယ့် အရိပ်အယောင်မပြသေးပါဘူး။
ဝေးလ်နည်းပြဘယ်လာမီဟာ ဝက်စ်ဟမ်းမှာ ကစားစဉ်တုန်းက အိုးထရက်ဖို့ဒ်မှာ ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ရင်ဆိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူတို့ နောက်ဆုံး ကွင်းထဲမှာ ထိပ်တိုက်တွေ့ခဲ့တာ ၂၀၀၈ ခုနှစ် အောက်တိုဘာလတုန်းက အိုးထရက်ဖို့ဒ်မှာ ဖြစ်ပါတယ်။
အသက် ၄၇ နှစ်ရှိ ဘန်လေလက်ထောက်နည်းပြဟောင်းဘယ်လာမီက "ကျွန်တော်တို့ရဲ့မျိုးဆက်ရဲ့ အကြီးကျယ်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ရုံသာမက မျိုးဆက်တိုင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးနဲ့ပတ်သက်ပြီး ပြောနေကြတာပါ။ သူ့ ပရော်ဖက်ရှင်နယ်ဆန်မှု၊ ဉာဏ်ရည်ထက်မြက်မှု၊ အခတိုင် ဂိုးတွေ သွင်းနေသေးတယ်။ ဒါတွေ ယခုထိ မပျောက်သွားသေးဘူး။ သူက စူပါစတားဆိုတာထက် ပိုပါတယ်။ ဒါပေမယ့် သူ ဘယ်လောက် ကြီးကျယ်ခမ်းနားလဲ ပြောပြမယ်။ ကျုပ် ဘန်လေမှာတုန်းက လစ္စဘွန်းသို့ ရာသီကြိုလေ့ကျင့်ခန်းဆင်းဖို့ ရောက်တုန်းကပေါ့။ ကျွန်တော်တို့ လေဆိပ်ရောက်တော့ ရဲတွေက နေရာတိုင်းမှာ အပြည့်ပဲ။ အားလုံးကိုလည်း ပိတ်ချထားတယ်။ ကျွန်တော်တို့ကလည်း ဘန်လေပါ။ VIP အခွင့်အရေး အနည်းငယ်ရတယ်။ ကျွန်တော်တို့ ဘတ်စ်ကားထဲမှာပါ။ စင်းလုံးငှား လေယာဉ်နဲ့သွားမယ်။ အထူးလမ်းကြောင်းကနေ လေဆိပ်သွားရတယ်။ အဲဒီမှာ ရဲကားတွေ ရဲတွေ အပြည့်ပဲ။ တခုခုတော့ ဖြစ်နေပြီလို့ တွေးမိတယ်။ အားလုံး ပိတ်ချထားတယ်။ ဘတ်စ်ကားပေါ်က ဆင်းခွင့်မရဘူး။ လုံခြုံရေးချိုးဖောက်မှု တစ်ခုခု ဖြစ်ပြီထင်ပြီး စောင့်ဆိုင်းနေခဲ့ကြရတယ်။ ဘတ်စ်ကားထဲမှာ ၁၀ မိနစ် ၁၅ မိနစ်လောက် ပိတ်မိနေခဲ့တယ်။ နောက်တော့ ချက်ချင်းဆိုသလို ကားတစ်စီး ရောက်လာတယ်။ ကားပါကင်ထိုးတယ်။ လူတစ်ယောက် ကားပေါ်က ဆင်းလာတယ်။ ဖိနပ်စီးထားတယ်။ ကျောပိုးအိတ်လေးလွယ်လို့။ ချက်ချင်း လူတစ်ယောက် ရောက်လာပြီး ကျောပိုးအိတ် လာကူသယ်ပေးတယ်။ ဘယ်သူလဲပေါ့။ ရော်နယ်ဒိုပဲ။ သူက ဒီအတိုင်း လမ်းလျှောက်သွားတယ်။ ဘေးမှာ ရဲတပ်ဖွဲ့ဝင်အပြည့်ပဲ။ လစ္စဘွန်းလေဆိပ်တစ်ခုလုံး ပိတ်ချထားတာ။ ရဲတွေတောင် ဓာတ်ပုံရိုက်ကြတယ်။ ဘယ်သူမှ သူ့ကို နှောင့်ယှက်လို့ မရဘူး။ တကယ့်ကို အမိုက်စားလမ်းလျှောက်ရတ။ ကျွန်တော်တို့ တစ်မိနစ်လောက် ငေးကြည့်နေမိခဲ့တယ်။ ကျွန်တော်တို့အားလုံး ဘတ်စ်ကားပေါ်မှာပဲ ရှိသေးတယ်။ ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေကြတာပေါ့။ အားလုံးနှုတ်ဆိတ်နေကြတယ်။ သမ္မတတစ်ဦးလို လာခွင့်ခွင့်ရတာ။ လေဆိပ်တစ်ခုလုံး ပိတ်ချလိုက်တာလား။ ကာဒစ်ဖ်လေဆိပ်မှာ ကာစတန်ဖြတ်ပြီး ကွန်ပျူတာကိုတောင် မယူနိုင်ခဲ့ဘူး။ ကျုပ် ဘာတွေ မြင်ခဲ့ရတာလဲ။ ဒီလူ ဘယ်လောက် ကြီးကျယ်ခမ်းနားတယ်ဆိုတဲ့အကြောင်းကို ပြောပြတာပါ။ ဝိုးလို့ ပါးစပ်အဟောင်းသား ဖြစ်သွားစေတယ်။ စူပါစတားဆိုတာထက် ပိုတဲ့ သူ့ပုံရိပ်အခိုက်အတန့်ကို မြင်လိုက်ရလို့ ပျော်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ဝေးလ်တို့ ရင်ဆိုင်ရမယ့် ပေါ်တူဂီအသင်းမှာ ခရစ္စတီယာနိုရော်နယ်ဒိုအပြင် ဘရူနိုဖာနန်ဒက်စ်၊ ဘာနာဒိုဆေးလ်ဗား၊ ရူဘင်ဒီယာ့စ်၊ နူနိုမန်ဒက်စ်၊ ဗီတင်ဟာ၊ ဂျာအိုနီဗက်စ်တို့လည်း ပါဝင်ပါသေးတယ်။
24/09/2026
အယူခံရှုံးနိမ့်ပြီးနောက် အဓမ္မမှုဖြင့် ရုံးတင်စစ်ဆေးခြင်းခံရတော့မယ့် ပီအက်စ်ဂျီစတားဟာကီမီ
==================
အာခရာ့ဖ်ဟာကီမီဟာ အမှုအား ပယ်ချရန် အယူခံဝင်မှု ရှုံးနိမ့်ပြီးနောက် အဓမ္မမှုအတွက် တရားရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
ဇွန်လတုန်းက ပီအက်စ်ဂျီနှင့် မော်ရိုကိုစတားဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတုန်းက အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်မှုအတွက် ရုံးတင်စစ်ဆေးခြင်းခံရမယ်လို့ ကြေညာခဲ့ပါတယ်။
ဟာကီမီက ယင်းစွပ်စွဲမှုကို ငြင်းဆိုခဲ့ပြီး အမှုအား ပယ်ဖျက်ပေးရန် ပြင်သစ်အယူခံတရားရုံးတွင် အယူခံဝင်ခဲ့ပါတယ်။
ဒါပေမယ့် ဗုဒ္ဓဟူးနေ့မှာတော့ အယူခံတရားရုံးက ပယ်ချလာခဲ့ရာ ဟာကီမီမှာ အမှုရင်ဆိုင်လာရတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက Canal+ နှင့် အင်တာဗျူးတွင် ဟာကီမီက "ကျွန်တော့်အတွက် ဒီအဖြစ်အပျက်က အဆိုးရွားဆုံးပါပဲ။ ကျွန်တော် အနာကျင်ရဆုံး ဖြစ်ရပ်ပါ။ သူတို့က အလိမ်အညာတွေပဲ ဆက်တိုက်ပြောနေတော့ ပိုပြီးတော့ နာကျင်ရတယ်။
ကျွန်တော့်မိသားစု၊ ငယ်ရွယ်သေးတဲ့ ကျွန်တော့်ကလေးတွေလည်း နာကျင်ရတယ်။ သူတို့က အင်တာနက်ဆိုတာ မသိသလို စာတောင် မဖတ်တတ်သေးဘူး။။ တချိန်ကျရင် သူတို့ ဒါတွေကို ဖတ်လာမိကြပါလိမ့်မယ်။ သူတို့ အဖေနဲ့ပတ်သက်ပြီး ရေးသားထားတာကို ဖတ်လာကြလိမ့်မယ်။
ကျွန်တော့်အတွက် အဆိုးဆုံးက အလိမ်အညာတွေ ဖြစ်နေတာပါ။ ကြည်နူးစရာမရှိပါဘူး။ သူတို့ မဖတ်မိကြဖို့ ဆုတောင်းတယ်။ ကျွန်တော့်ရှေ့နေကလည်း ဒီလိုပဲ ပြောတယ်။ ဒါဖြစ်လာနိုင်တာ သိထားပြီးသားပါ။ ကျွန်တော်တို့ဘက်က စိတ်အေးလက်အေးပါပဲ။ ကျွန်တော့်အပေါ် စွပ်စွဲထားတာ သိပါတယ်။
ဒါက အလိမ်အညာပါ။ ကိုယ့်ကိုယ်ကို ဘယ်လိုလူလဲ သိပါတယ်။ ဘာမှ မလုပ်ခဲ့တာလဲ သိပါတယ်။ ဘယ်တော့မှလည်း လုပ်မှာ မဟုတ်ဘူး။ ရဲတွေနဲ့ စကားပြောခွင့်တောင်းခဲ့တယ်။ သူတို့နဲ့ စကားပြောခွင့်တောင်းတယ်။ ကျွန်တော့်အမြင်ကို ရှင်းပြချင်လို့ပါ။
သူတို့ ဘယ်အချိန်ပဲ လိုလို အသင့်ပါ။ ပြီးတော့ သူတို့မှာ ကျွန်တော် ဒီအန်အေ ရှိပြီးသားပါ။ သူတို့ ဘယ်အချိန်ပဲ လိုလို ကျွန်တော့်ဘက်က အသင့်ပါ။ ကျွန်တော့်ကို စွပ်စွဲထားတဲ့သူကတော့ အားလုံးကို လွယ်ကူအောင်မလုပ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
24/09/2026
ကမ္ဘာ့ဖလားအမာရွတ်ကို အင်္ဂလန်ကစားသမားများ သယ်ဆောင်နေရဆဲ ဖြစ်ကြောင်း ဆာကာ ပြောကြားလာ
===================
အင်္ဂလန်တောင်ပံကစားသမားဘူကာယိုဆာကာက အင်္ဂလန်အသင်းမှာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တွင် အာဂျင်တီးနားအား ရှုံးနိမ့်ကာ အသည်းကွဲဒဏ်ရာ အမာရွတ်အား ဆက်လက် သယ်ဆောင်နေရဆဲ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းဟာ ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်ရောက်နိုင်တဲ့ ပထမအသင်းအဖြစ် မှတ်တမ်းဝင်နိုင်မယ့် အခွင့်အရေး ကြုံခဲ့ပေမယ့် ဆီမီးဖိုင်နယ်တွင် အာဂျင်တီးနားကို ၂-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။
ဒါပေမယ့် အင်္ဂလန်အသင်းဟာ တတိယနေရာလုပွဲတွင် ပြင်သစ်ကို ၆-၄ ဖြင့် အနိုင်ယူကာ နှစ်ပေါင်း ၆၀ အတွင်း ကမ္ဘာ့ဖလားအကောင်းဆုံးရလဒ် ရယူနိုင်ခဲ့ပါတယ်။
ဆာကာက "ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေတယ်၊ အားလုံးကလည်း စည်းလုံးနေတယ်၊ ကျွန်တော်တို့ လုပ်နိုင်တယ်လို့ လူတိုင်းက ယုံကြည်နေခဲ့ကြတော့ အမာရွတ်က ရှိနေတုန်း ဖြစ်ပါတယ်။ ကျွန်တော်တို့တင် မဟုတ်ပါဘူး၊ တစ်နိုင်ငံကလည်း ခံစားခဲ့ရတာပါ။ အတတ်နိုင်ဆုံး အတိတ်မှာ ချန်ထားခဲ့ဖို့ ကြိုးစားပေမယ့် အမာရွတ်က အမာရွတ်ပါပဲ။ ပြန်ကောင်းရမယ့် အချိန်ကျမှ ပြန်ကောင်းလာပါမယ်"လို့ ပြောကြားသွားပါတယ်။
အင်္ဂလန်ဟာ လာမယ့် စနေနေ့တွင် ဝင်ဘာလေကွင်းမှာ နေးရှင်းလိဂ်အဖွင့်ပွဲစဉ်အဖြစ် ကမ္ဘာ့ဖလားချန်ပီယံ စပိန်အား ဧည့်ခံကစားရပါမယ်။
ဒါ့အပြင် ဆာကာက အသက် ၁၆ နှစ်အရွယ်ရှိ အာဆင်နယ်ကစားသမားမက်စ်ဒေါ်မန်းမှာ မကြာမီတွင် အင်္ဂလန်အသင်းတွင် ပထမဆုံးအကြိမ် ရွေးချယ်ခြင်းခံရမယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြားသွားပါသေးတယ်။
23/09/2026
ဝုဖ်ဘတ်နှင့် နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းလာတဲ့ အဲရစ်ဆင်
===================
ခရစ္စတီယန်အဲရစ်ဆင်ဟာ ဒိန်းမတ်ရဲ့ ယူကရိန်းရဲ့ ခြေစမ်းပွဲစဉ်တွင် နှလုံးရပ်ကာ မေ့လဲကျမှု ဖြစ်ပွားပြီးနောက် သုံးလအကြာတွင် ဝုဖ်ဘတ်နှင့် နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းမှု ပြုလုပ်လာပါတယ်။
ယူနိုက်တက်အလယ်တန်းကစားသမားဟောင်းရဲ့ ဂျာမန်ဒုတိယကလပ်နှင့် စာချုပ်က ၂၀၂၇ ခုနှစ် ဇွန်လတွင်မှ ကုန်ဆုံးလာမှာ ဖြစ်ပေမယ့် စောစီးစွာ စာချုပ်ဖျက်သိမ်းလာပါတယ်။
အသက် ၃၄ နှစ်ရှိ အဲရစ်ဆင်ဟာ ၂၀၂၁ ခုနှစ် ဖင်လန်နှင့် ယူရိုပွဲစဉ်တွင် နှလုံးခုန်ရပ်ကာ မေ့လဲကျမှု ဖြစ်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ နှလုံးအား ခွဲစိတ်ကုသကာ နှလုံးခုန်စက်တပ်ဆင်ခဲ့ပေမယ့်လည်း အီတလီတွင် နှလုံးခုန်စက်တပ်ဆင်ထားသူ ကစားခွင့် မရှိရာ အင်တာမီလန်နှင့်စာချုပ်ဖျက်သိမ်းခဲ့ရပါတယ်။
သူဟာ ဘရန့်ဖို့ဒ်သို့ ပြောင်းကစားပြီးနောက် ၆ လကြာ ကစားစဉ်အတွင်း အကောင်းဆုံးပုံစံ ပြသနိုင်ပြီးနောက် ယူနိုက်တက်သို့ ပြောင်းကစားခွင့်ရခဲ့ပါတယ်။
သူဟာ ယူနိုက်တက်နှင့်စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာလာပြီးနောက် ဝုဖ်ဘတ်သို့ ပြောင်းခဲ့သူ ဖြစ်ပြီး ၃၄ ပွဲကစားပေးလာခဲ့ပါတယ်။
ဒိန်းမတ်လက်ရွေးစင်အသင်းအတွက် ၁၅၁ ပွဲကစားပေးလာခဲ့တဲ့ အဲရစ်ဆင်ဟာ အေဂျက်စ်၊ စပါးစ်၊ အင်တာမီလန်၊ ဘရန့်ဖို့ဒ်တို့တွင်လည်း ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။
23/09/2026
ချစ်သူသစ်ရဲ့ မဆင်မခြင်လုပ်ဆောင်မှုကြောင့် ယာဉ်မောင်းခွင့် ပိတ်ပင်ခြင်းခံခဲ့ရပြီးနောက် အာဂျင်တီးနားအာဏာပိုင်များနှင့် ပြဿနာတက်လာတဲ့ အိုင်ကာဒီ
====================
မော်ရိုအိုင်ကာဒီဟာ ချစ်သူရဲ့ မဆင်မခြင်လုပ်ဆောင်မှုကြောင့် ယာဉ်မောင်းခွင့် ပိတ်ပင်ခြင်းခံရပြီးနောက် အာဂျင်တီးနားအာဏာပိုင်တို့နှင့် စကားလုံးစစ်ပွဲ ဆင်နွဲလာရပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးဟာ နွေရာသီတုန်းက တူရကီထိပ်သီးကလပ် ဂါလာတာစာရေးမှ ထွက်ခွာလာပြီးနောက် ကလပ်လက်မဲ့ ဖြစ်နေသူ ဖြစ်ပြီး ရောဘတ်တိုဒီဇာဘီရဲ့ စပါးစ်သို့ ပြောင်းမယ်လို့ သတင်းထွက်နေသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အင်တာမီလန်နှင့် ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်းဟာ မွေးရပ်မြေတွင် ယာဉ်မောင်းခွင့်ပိတ်ပင်ခြင်းခံရကာ ပြဿနာတက်နေပါတယ်။
အသက် ၃၃ နှစ်ရှိ တိုက်စစ်မှူးဟာ မော်ဒယ်နှင့် ရုပ်သံတင်ဆက်သူ ဝန်ဒါနာရာနှင့် လမ်းခွဲလိုက်ပြီးနောက် လာချီနာလို့ အမည်ရတဲ့ မာရီယာဆူဂီနီယာဆွာရက်ဇ်နှင့် ချစ်ကြိုက်နေပါတယ်။
လာချီနာဟာ အိုင်ကာဒီရဲ့ကားတွင် ကားအမြန်မောင်းနေစဉ် ကားပြတင်းပေါက်အပြင်သို့ ထွက်ကာ ပျော်ရွှင်နေတဲ့ ဗီဒီယိုဖိုင်အား ဆိုရှယ်မီဒီယာတွင် တင်ခဲ့ပါတယ်။
ယင်းနောက် အာဂျင်တီးနားရဲ့ Ministry of Transport ဟာ အာဂျင်တီးနားတိုက်စစ်မှူးအား ယာဉ်မောင်းခွင့် ပိတ်ပင်လာပါတယ်။
Ministry of Transport က ဆွာရက်ဇ်မှာ ခါးပတ်မဝတ်ဆင်ထားမှု၊ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းများစွာတို့အား ကားအပြင်သို့ ထွက်နေမှု၊ အိုင်ကာဒီရဲ့ ယာဉ်မောင်းလိုင်စင်သက်တမ်းကုန်ဆုံးနေမှုနှင့်အတူ ယာဉ်မောင်းခွင့်ပိတ်ပင်လိုက်ကြောင်း ဆိုရှယ်မီဒီယာမှ ကြေညာသွားပါတယ်။
ဒါပေမယ့် အိုင်ကာဒီဟာ ယင်းအား ဆိုရှယ်မီဒီယာတွင် ပို့စ်တင်ကာ ဒေါသတကြီး ပြန်လည်တုံ့ပြန်မှု ပြုလုပ်လာပါတယ်။
အိုင်ကာဒီက "၂၀၂၉ ခုနှစ်အထိ အကျုံးဝင်တဲ့ အီတလီယာဉ်မောင်းလိုင်စင်ကို ဘယ်လိုလုပ်ပြီး ဖျက်သိမ်းလိုက်နိုင်တယ်ဆိုတာ သိချင်တယ်။ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ကျုပ်ကို နောက်ကွယ်ကနေ မီဒီယာမှာ စိတ်ဝင်စားခြင်းခံရအောင် လုပ်ဆောင်လာတာ နည်းနည်းထူးဆန်းနေတယ်။ ဒါမှသာ လမ်းတွေကိုပဲ ကောင်းအောင် ပြင်ပါဦး။ ကျွန်တော်တို့ နိုင်ငံရဲ့ ယာဉ်ကြောပိတ်မှုကို ပိုအဆင်ပြေလာမယ်။ အွန်လိုင်းမှာ ပို့စ်တင်ပြီး အချိန်ဖြုန်းမနေနဲ့။ လူတွေကို အလိမ်အညာပြောတာ ရပ်ပြီး အလုပ်လုပ်ပါ။ ဥရောပမှာ လိုင်စင်ရဖို့ အာဂျင်တီးနားယာဉ်မောင်းလိုင်စင် လက်လွှတ်ခံရတယ်။ ဘယ်လို ပိတ်ပင်မှုတွေ ထပ်ပြီး ဖန်တီးဦးမှာလဲ။ ဒီကောလာဟလ အတင်းအဖျင်းတွေအတွက် ဒါတွေ လုပ်နေတာလား"လို့ ဝေဖန်သွားပါတယ်။
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ
หมวดหมู่
เว็บไซต์
ที่อยู่
Bangkok
10250
แจ้งเตือน
เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Playmaker Journal โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ