Pajau Media Channel

Pajau Media Channel

แชร์

ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Pajau Media Channel, บริษัทด้านสื่อ/ข่าวสาร, Mueang Chiang Rai, Chiang Rai

ပါဂျောင်မီဒီယာသည် ကချင်ပြည်နယ်အရပ်ရပ်ရှိ သတင်းများနှင့် ကြားဖြတ်သတင်းများကို မိဘပြည်သူများထံသို့ အချိန်နှင့် တပြေးညီတင်ဆက်ပေးလျက်ရှိသည့် သတင်းမီဒီယာတစ်ရပ်ဖြစ်ပါသည်။

Stay updated with timely Kachin State news coverage on our news channel.

06/10/2026

ကချင်ပြည်နယ်တွင် လေယာဉ်လက်မှတ် ဈေးနှစ်ဆသုံးဆဖြင့် ပြန်လည်ရောင်းချသူများကို အရေးယူမည်

ပါဂျောင်မီဒီယာ
၆ရက်၊အောက်တိုဘာ၊၂၀၂၆။

ကချင်ပြည်နယ်တွင် လေယာဉ်လက်မှတ်များကို ကြိုတင်ဝယ်ယူစုဆောင်းပြီး မူရင်းဈေးထက် နှစ်ဆ သုံးဆအထိ ဈေးတင်ကာ ပြန်လည်ရောင်းချသူများကို လေကြောင်းခရီးစဉ်ဆိုင်ရာ စည်းမျဉ်းများ တင်းကျပ်လာခြင်းနှင့်အတူ အရေးယူရန် စီစဉ်နေကြောင်း သိရသည်။

လေကြောင်းပို့ဆောင်ရေးဦးစီးဌာန (DCA) က ခွင့်ပြုချက်မရှိဘဲ လေယာဉ်လက်မှတ်များ ရောင်းချသူများ၊ အွန်လိုင်းမှ ပြန်လည်ရောင်းချသူများနှင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် လက်မှတ်ရောင်းချသူများကို ဥပဒေအရ အရေးယူနိုင်ကြောင်း သတိပေးထားသည်။

“လက်မှတ်တွေကို အရင်ဝယ်ပြီး နှစ်ဆ၊ သုံးဆဈေးနဲ့ ပြန်ရောင်းတဲ့သူတွေကို တကယ်အရေးယူပေးမယ်ဆိုရင် ကျွန်တော်တို့အတွက် အများကြီး အဆင်ပြေမှာပါ။ စည်းမျဉ်းတွေကို တကယ်အကောင်အထည်မဖော်ဘူးဆိုရင် ကြေညာချက်ထုတ်တာနဲ့ အကျိုးမရှိပါဘူး။ ပြန်ရောင်းသူတွေက လက်မှတ်တွေကို ဆက်ပြီး စုထားနိုင်ပြီး ဈေးကြီးနဲ့ ပြန်ရောင်းနေတုန်း၊ တကယ်ခရီးသွားမယ့်သူတွေက လက်မှတ်မရဘူးဆိုရင် မြေပြင်မှာ ဘာမှပြောင်းလဲမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါသတိပေးချက်သည် လေယာဉ်လက်မှတ်ဈေးနှုန်းများ အလွန်မြင့်တက်နေခြင်းနှင့် အွန်လိုင်းမှ လိမ်လည်မှုများနှင့် ပတ်သက်၍ တိုင်ကြားမှုများ ထွက်ပေါ်လာပြီးနောက် ထုတ်ပြန်ခြင်းဖြစ်သည်။

ကချင်ပြည်နယ်မှ ခရီးသွားများအနေဖြင့် သတ်မှတ်ထားသည့် မူရင်းဈေးနှုန်းဖြင့် လက်မှတ်ရရှိရန် ခက်ခဲနေပြီး အချို့လက်မှတ်များကို ဈေးနှုန်းမြင့်တင်၍ ပြန်လည်ရောင်းချနေကြောင်း သိရသည်။

မြစ်ကြီးနား၊ လားရှိုး၊ တာချီလိတ်နှင့် ကော့သောင်းမြို့များသို့ ပြေးဆွဲနေသည့် ပြည်တွင်းလေကြောင်းလိုင်းများကလည်း လေဆိပ်များတွင် “Go-Show” စနစ်ဖြင့် လက်မှတ်ရောင်းချခြင်းကို ရပ်ဆိုင်းထားသည်။

ထို့အပြင် လက်မှတ်တွင်ပါရှိသည့် ခရီးသည်အမည် ပြောင်းလဲခြင်းကို ပိတ်ပင်ထားပြီး လက်မှတ်ဝယ်ယူမှုဆိုင်ရာ စည်းမျဉ်းများကိုလည်း တင်းကျပ်ထားသည်။

မြစ်ကြီးနားမြို့ခံတစ်ဦးက လေယာဉ်လက်မှတ်များကို ပြန်လည်ရောင်းချသူများအား ထိရောက်စွာ အရေးယူပေးပါက သာမန်ခရီးသည်များအတွက် အဆင်ပြေမည်ဖြစ်ကြောင်း ပြောသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများနှင့် စစ်ဆေးရေးဂိတ်များကြောင့် ကားလမ်းခရီးစဉ်များ ဆက်လက်အခက်အခဲရှိနေပြီး မြစ်ကြီးနား-မန္တလေးလမ်းမကြီးကဲ့သို့သော အဓိကလမ်းကြောင်းများတွင်လည်း သွားလာရေးအခက်အခဲများ ရှိနေသည်။

ထို့ကြောင့် ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ အခြားဒေသများအကြား သွားလာရန် လေကြောင်းခရီးစဉ်သည် အရေးပါသည့် ခရီးသွားလာရေးနည်းလမ်းတစ်ခု ဖြစ်လာသည်။

သတင်း- ကိုကျော်

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/14020

Website Link; https://www.pajau.net

06/10/2026

ရွှေကူ-ငါးအိုးလမ်း ဖြတ်သန်းခွင့်KIA ပိတ်ပင်၊ အသုံးပြုပါက သူလျှိုသတ်မှတ်မည်

ပါဂျောင်မီဒီယာ
၆ရက်၊ အောက်တိုဘာ၊ ၂၀၂၆။

ရွှေကူခရိုင်နယ်မြေအတွင်း နေထိုင်သည့် ပြည်သူများထံ ရွှေကူ-ငါးအိုးလမ်းမကြီးကို ဖြတ်သန်းသွားလာခြင်းမပြုကြရန် ကချင်လွတ်မြောက်ရေးတပ်မတော် အမှတ် (၁၁) တပ်မဟာ၊ အမှတ် (၁၂) တပ်ရင်းမှ ယမန်နေ့ အောက်တိုဘာလ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။

ရွှေကူ-ငါးအိုးလမ်း သွားမည်ဆိုပါက KIA/KIO မှ သတ်မှတ်ပေးထားသည့် လမ်းအတိုင်းသွားလာကြရန် ထုန်ပြန်ထားသည်။

ပိတ်ပင်ထားသည့် လမ်းများကို အသုံးပြုသွားလာနေပါက စစ်ကောင်စီ၏ သတင်းပေး၊ သတင်းယူ၊ သူလျှို (ဒလန်) အဖြစ် သတ်မှတ်ပြီး နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ပြဿများကို KIA/KIO တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်းပါရှိသည်။

ရွှေကူ-ငါးအိုလမ်းများပိတ်ထားချိန် ပြည်သူများအနေဖြင့် တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီးဖွား လမ်းပိုင်းကိုသာ အသုံးပြုရမည်ဟု ဇွန်လတုန်းက ထုန်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ရွှေကူမြို့နယ်တွင်း ဆုံးရှုံးသွားသည့်နယ်မြေများကို ပြန်လည်ရယူနိုင်ရန် ပြီးခဲ့သည့် မေလပိုင်းကတည်းက ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲပြင်းထန်နေသည့် နေရာများဖြစ်သည်။

သတင်း-ဇော်

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/14019

Website Link; https://www.pajau.net

06/10/2026

ကချင်ပြည်နယ်မှ MOU လုပ်သားများအတွက် ပတ်စ်ပို့သက်တမ်းတိုးဝန်ဆောင်မှု ရပ်ဆိုင်းထား

ပါဂျောင်မီဒီယာ
၆ရက်၊အောက်တိုဘာ၊၂၀၂၆။

နားလည်မှုစာချွန်လွှာ (MOU) စနစ်ဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနက် Job Passport (PJ) များကို ဒေသဆိုင်ရာ ပတ်စ်ပို့ရုံး ၈ ရုံးမှ ထုတ်ပေးထားသူများအတွက် ပတ်စ်ပို့သက်တမ်းတိုးခြင်းနှင့် သက်တမ်းတိုးဆောင်ရွက်ခြင်းများ ရပ်ဆိုင်းထားကြောင်း သိရသည်။

အဆိုပါ ပတ်စ်ပို့ရုံးများမှာ မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုး၊ ဘားအံ၊ မြဝတီ၊ မုံရွာ၊ မကွေးနှင့် ပဲခူး တို့ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ အဓိကပတ်စ်ပို့ရုံးများ သို့မဟုတ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပေးထားသည့် သို့မဟုတ် ဆောင်ရွက်ထားသည့် PJ ပတ်စ်ပို့ကိုင်ဆောင်ထားသူများမှာမူ ပတ်စ်ပို့သက်တမ်းတိုးရန် ဆက်လက်လျှောက်ထားနိုင်သည်။

အဆိုပါရပ်ဆိုင်းမှုကြောင့် ကချင်ပြည်နယ်မှ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် MOU လုပ်သားများအပေါ်လည်း သက်ရောက်မှုရှိနေသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ကချင်ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပတ်စ်ပို့သက်တမ်းတိုး၍ မရပါက တရားဝင်အလုပ်လုပ်ကိုင်ခွင့်အခြေအနေအပေါ် စိုးရိမ်နေရကြောင်း ပြောသည်။

“ကျွန်တော်တို့ရဲ့ MOU စာချုပ်တွေက သက်တမ်းရှိနေသေးပေမယ့် စာရွက်စာတမ်းတွေ သက်တမ်းတိုးလို့မရရင် တရားဝင်အလုပ်လုပ်ကိုင်ခွင့်က မသေချာတော့ဘူး။ အခုအချိန်မှာ နေရပ်ပြန်ဖို့ကလည်း ခက်ပါတယ်။ နယ်စပ်မှာ ကြန့်ကြာမှုတွေ ဖြစ်မှာကို စိုးရိမ်ရတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါပတ်စ်ပို့သက်တမ်းတိုးခြင်း ရပ်ဆိုင်းမှုသည် ပြည်ပအလုပ်လုပ်ကိုင်နေသူများ၏ နိုင်ငံခြားမှရရှိသည့် ဝင်ငွေများနှင့် မြန်မာနိုင်ငံသို့ တရားဝင်လမ်းကြောင်းများမှ ငွေလွှဲပို့မှုများနှင့် ပတ်သက်၍ စစ်ဆေးမှုများ တင်းကျပ်လာချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

ထိခိုက်မှုရှိနေသည့် လုပ်သားများအနေဖြင့် အာဏာပိုင်များထံမှ နောက်ထပ်ညွှန်ကြားချက်များ ထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းရန် ပြည်ပအလုပ်အကိုင်အေဂျင်စီများက အကြံပြုထားခြင်းဖြစ်သည်။

ပတ်စ်ပို့သက်တမ်းတိုးခြင်းများကို ရပ်ဆိုင်းထားရသည့် အကြောင်းရင်းအတိအကျနှင့် ဝန်ဆောင်မှုများမှာ မည်သည့်အချိန်တွင် ပြန်လည်စတင်မည်ဆိုသည်ကို တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါ။

သတင်း - Zinghkri

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/14017

Website Link; https://www.pajau.net

06/10/2026

ယနေ့ ရွှေဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းများ

ပါဂျောင်မီဒီယာ
၆ရက်၊ အောက်တိုဘာလ၊ ၂၀၂၆။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/14016



#ရွှေဈေး #ဒေါ်လာဈေး #နိုင်ငံခြားငွေလဲလှယ်နှုန်း

05/10/2026

နစ်မြုပ်ခဲ့သည့် စစ်သင်္ဘောမှ ၁၂၂မမအမြောက်လက်နက်ကို KIAဆယ်ယူရရှိထား

ပါဂျောင်မီဒီယာ
၅ရက် အောက်တိုဘာ ၂၀၂၆

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စင်းခန်းတံတားအနီးတွင် KIAပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် နစ်မြုပ်ခဲ့သည့် စစ်သင်္ဘောမှ ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်လက်နက်ကို KIA ပူးပေါင်းတပ်က ဆယ်ယူရရှိခဲ့ကြောင်း စစ်ရေးသတင်းမှ သိရသည်။

စစ်တပ်သည် ကချင်ပြည်နယ်၊ ဗန်းမော်ဒေသဘက် စစ်အင်အားများဖြည့်တင်းရန်အတွက် ပြီးခဲ့သည့် ဩဂုတ်လနှောင်းပိုင်းနှင့် စက်တင်ဘာလဆန်းပိုင်းအတွင်း စစ်သင်္ဘောများကို အတုပ်လိုက်စေလွတ်ခဲ့သည်။

သို့သော် ထိုစစ်သင်္ဘောများကို (KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်သင်္ဘော အစီး ၂၀ နီးပါး မီလောင်ဖျက်ဆီးကာ နစ်မြုပ်သွားခဲ့ရသည်။

ထို့သို့ နစ်မြုပ်သွားသည့် စစ်သင်္ဘောများမှ ၁၂၂ မမ အမြောက်အပြင် လက်နတ်ကြီးတချို့ကိုလည်း KIAပူးပေါင်းတပ်က ဆယ်ယူရရှိထားကြောင်း သိရှိရသည်။

သတင်း - ဖရိန်

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/14011

Website Link; https://www.pajau.net

05/10/2026

ကချင်တွင် တစ်ပတ်အတွင်း တိုက်ပွဲ ၂၁ ကြိမ်ဖြစ်ပွား

ပါဂျောင်မီဒီယာ
၅ရက်၊ အောက်တိုဘာ၊၂၀၂၆။

ကချင်ပြည်နယ် ဗန်းမော် စစ်မျက်နှာပြင်နှင့် အမှတ်(၃)၊ အမှတ်(၇)၊ အမှတ်(၉)၊ အမှတ်(၅)နှင့် အမှတ်(၁၁)တပ်မဟာ နယ်မြေများဘက်တွင် တစ်ပတ်အတွင်း တိုက်ပွဲ (၂၁)အကြိမ် ဖြစ်ပွားခဲ့ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ၂၈ရက်နေ့မှ အောက်တိုဘာ၄ရက်နေ့အထိ တပ်မဟာ၁၁၊ တပ်မဟာ၉၊ တပ်မဟာ၈၊ တပ်မဟာ၃၊ တပ်မဟာ၅နှင့် တပ်မဟာ၇ ဒေသတို့တွင် စစ်ကော်မရှင်တပ်က တစ်ပတ်အတွင်း လက်နက်ကြီး ၃၀၀အထက်၊ ဒရုန်းဗုံး၂၀၀အထက်တိုက်ခိုက်ခဲ့ပြီး၊ ဂျက်လေယာဉ်ဗုံးဖြင့် တပ်မဟာ၈ဒေသဘက် ၃ကြိမ်၊ တပ်မဟာ၇ဒေသဘက် ၁၀ကြိမ်၊ တပ်မဟာ၃ဒေသဘက် ၂၀ကြိမ်၊ အမှတ်၉တပ်မဟာဘက် ၃ကြိမ်ထိ လာရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

စစ်ကော်မရှင်ဘက်က စစ်ကြောင်းထိုးလာသည့်အတွက် အမှတ်၉တပ်မဟာဒေသဘက် တိုက်ပွဲ၆ကြိမ်၊ အမှတ်၃တပ်မဟာဒေသဘက် တိုက်ပွဲ ၁၂ကြိမ်၊ အမှတ်၅တပ်မဟာဒေသဘက် တိုက်ပွဲ ၁ကြိမ်နှင့် အမှတ်၇တပ်မဟာဒေဘက် တိုက်ပွဲ၂ကြိမ် ဖြစ်ပွားခဲ့သည်။

ထို့အပြင် စစ်ကော်မရှင်က မြေပြင်စစ်ကြောင်းထိုး လှုပ်ရှားခြင်းအပြင် ဝေဟင်မှ ဒရုန်း၊ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်လက်ရှိနေသောကြောင့် စစ်ရေးတင်းမာနေကြဆဲ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ်တွင် ကချင်ဒေသ စစ်ကော်မရှင်နှင့် KIAပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲ၊ ခုခံတိုက်ပွဲပေါင်း ၅၇ကြိမ်နီးပါး ဖြစ်ပွားခဲ့သည်။

သတင်း - ထုဆိုင်း

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/14010

Website Link; https://www.pajau.net

05/10/2026

ယနေ့ ရွှေဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းများ

ပါဂျောင်မီဒီယာ
၅ရက်၊ အောက်တိုဘာလ၊ ၂၀၂၆။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/14009



#ရွှေဈေး #ဒေါ်လာဈေး #နိုင်ငံခြားငွေလဲလှယ်နှုန်း

03/10/2026

အပတ်စဥ်သတင်းပေါင်းချုပ်။

ပါဂျောင်မီဒီယာ
၃ရက်၊ အောက်တိုဘာ၊ ၂၀၂၆။

-စစ်တပ်က ဗန်းမော်အကျဥ်းသားဆွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေပါတယ်။
- စစ်တပ်က ရွှေလုပ်သားတွေကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းစဉ်နဲ့ တပ်သားသစ်စုဆောင်းနေပါတယ်။
- စူပါအယ်လ်နီညိုကြောင့် ကမ္ဘာတစ်ဝန်း လူပေါင်း ၄သိန်းကျော် သေဆုံးနိုင်ပြီး၊ မြန်မာအဆင့်၃၇တွင် ရှိနေပါတယ်။ စတဲ့ သတင်းတွေနဲ့အတူ
- မြစ်ကြီးနားမြို့လယ်ခေါင် ရွှေပန်းတိမ်ဆိုင် နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရပါတယ်။ စတဲ့ သတင်းအကြောင်းအရာတွေကို ကြည့်ရှု့နားဆင်ရမှာပါ။

Facebook Link;-https://t.me/pajaumediachannelgenuinenews2023/14007?single

Website Link; https://www.pajau.net

03/10/2026

မြစ်ကြီးနားတွင် တိရစ္ဆာန်အစာခြောက် တင်သွင်းခွင့်တစ်ဦးတည်းရရှိမှုကြောင့် အသားဈေးများ မြင့်တက်လာ

ပါဂျောင်မီဒီယာ
၃ရက်၊ အောက်တိုဘာ၊ ၂၀၂၆။

မြစ်ကြီးနားမြို့ ဒေသခံများသည် အစားအသောက်ကုန်ကျစရိတ် မြင့်တက်လာမှုနှင့် ရင်ဆိုင်နေရပြီး မွေးမြူရေးအစာခြောက်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ကြက်သားနှင့် ဝက်သားဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ကြောင်း မွေးမြူရေးလုပ်ငန်းရှင်များက ပြောသည်။

ကချင်ပြည်နယ်အတွင်း အသားဈေးနှုန်းများ လျှော့ချနိုင်ရန်အတွက် ယခင်က အစိုးရတာဝန်ရှိသူများက တရုတ်နိုင်ငံမှ ကြက်စာ၊ ဝက်စာနှင့် နွားစာများအပါအဝင် မွေးမြူရေးအစာခြောက်များကို တင်သွင်းခွင့်ပြုခဲ့သည်။ သို့သော် ကုန်သွယ်ရေးစည်းမျဉ်းများနှင့် သီးသန့်တင်သွင်းခွင့်များကြောင့် ဈေးကွက်လက်ဝါးကြီးအုပ်မှု ဖြစ်ပေါ်နေပြီး မွေးမြူရေးအစာခြောက်ဈေးနှုန်းများ ပိုမိုမြင့်တက်လာနေကြောင်း ဒေသခံမွေးမြူရေးလုပ်ငန်းရှင်များက ပြောသည်။

မွေးမြူရေးခြံများအတွက် နေ့စဉ်ကုန်ကျစရိတ်တွင် တိရစ္ဆာန်အစာခြောက်သည် အဓိကကုန်ကျစရိတ်ဖြစ်သည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (LBVD) ထံမှ တရားဝင်တင်သွင်းခွင့် ထောက်ခံစာများကို အဓိကတင်သွင်းသူ ဆိုင်တစ်ဆိုင်တည်းအားသာ ထုတ်ပေးနေကြောင်း မွေးမြူရေးလုပ်ငန်းရှင်များက ရှင်းပြသည်။

အခြားဒေသခံဆိုင်များနှင့် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် နယ်စပ်မှ တိရစ္ဆာန်အစာခြောက်များကို တိုက်ရိုက်တင်သွင်းခွင့်မရှိသဖြင့် အဆိုပါဆိုင်တစ်ဆိုင်ထံမှ ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူနေရကြောင်း သိရသည်။

“အစိုးရက တရုတ်နိုင်ငံကနေ အစာခြောက်တင်သွင်းခွင့်ပြုပေးတာက ကုန်ကျစရိတ်လျှော့ချဖို့ပါ။ ဒါပေမယ့် ဆိုင်တစ်ဆိုင်တည်းက သီးသန့်တင်သွင်းခွင့်ရထားတဲ့အတွက် သူတို့သတ်မှတ်တဲ့ ဈေးနှုန်းမြင့်မြင့်နဲ့ ဝယ်ရပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ အရမ်းမြင့်လာတဲ့အတွက် အသားဈေးကိုလည်း မြှင့်တင်ရတော့မှာဖြစ်ပြီး နောက်ဆုံးမှာ မြစ်ကြီးနားက ဒေသခံစားသုံးသူတွေပဲ ထိခိုက်နစ်နာရပါတယ်” ဟု ဒေသခံမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ကိုယ်ပိုင်အသေးစားကုန်တင်ယာဉ်များဖြင့် တရုတ်နယ်စပ်သို့ ကိုယ်တိုင်သွားရောက်ကာ မွေးမြူရေးအစာခြောက်များ သယ်ယူရန် ကြိုးပမ်းခဲ့သည့် မွေးမြူရေးခြံငယ်ပိုင်ရှင်များကိုလည်း သက်ဆိုင်ရာနယ်စပ်အာဏာပိုင်များက ဌာနဆိုင်ရာ ထောက်ခံစာများမပါရှိသဖြင့် တားဆီးခဲ့ကြောင်း ၎င်းတို့က ပြောသည်။

မွေးမြူရေးအစာခြောက် တင်သွင်းခွင့်ကို လုပ်ငန်းတစ်ခုတည်းအတွက် ကန့်သတ်ထားခြင်းသည် ကျန်းမာသည့် ဈေးကွက်ပြိုင်ဆိုင်မှုကို ဖယ်ရှားလိုက်ခြင်းဖြစ်ပြီး နေ့စဉ်မွေးမြူရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်များ ပိုမိုမြင့်တက်စေကြောင်း မွေးမြူရေးလုပ်ငန်းရှင်များက ပြောသည်။

ဒေသခံကုန်သည်များနှင့် စားသုံးသူအရေး အဖွဲ့အစည်းများကလည်း ယခုစနစ်အတိုင်း ဆက်လက်ရှိနေပါက အသားဈေးနှုန်းများ ဆက်လက်မြင့်တက်ပြီး အလုပ်လုပ်ကိုင်စားသောက်နေရသည့် မိသားစုများအတွက် လက်လှမ်းမမီနိုင်သည့်အခြေအနေအထိ ရောက်ရှိလာနိုင်ကြောင်း သတိပေးပြောဆိုသည်။

ထုတ်လုပ်သူများက သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် လက်ရှိတင်သွင်းခွင့်စည်းမျဉ်းများကို ပြန်လည်သုံးသပ်ပေးရန်၊ မမျှတသည့် ကုန်သွယ်ရေးအတားအဆီးများကို ဖယ်ရှားပေးရန်နှင့် မှတ်ပုံတင်ထားသည့် မွေးမြူရေးလုပ်ငန်းများအားလုံးကို မွေးမြူရေးအစာများ လွတ်လပ်စွာ ဝယ်ယူတင်သွင်းခွင့်ပြုရန် တောင်းဆိုထားသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဒေသတွင်း အသားဈေးနှုန်းများ တည်ငြိမ်လာစေရန် အထောက်အကူဖြစ်မည်ဟု ၎င်းတို့က ပြောသည်။

သတင်း- ကိုကျော်

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Website Link; https://www.pajau.net

03/10/2026

လိုင်စင်မရှိသော တိုင်းရင်းဆေးများ မသုံးစွဲရန် ကျန်းမာရေးဌာန သတိပေး

ပါဂျောင်မီဒီယာ
၃ရက်၊ အောက်တိုဘာ၊၂၀၂၆။

ကျန်းမာရေးအာဏာပိုင်များက ဒေသတွင်းဈေးကွက်များအတွင်း တွေ့ရှိရသည့် ထုတ်လုပ်ခွင့်လိုင်စင်မရှိခြင်း၊ မှတ်ပုံတင်သက်တမ်းကုန်ဆုံးနေခြင်း သို့မဟုတ် မှတ်ပုံတင်နံပါတ်အတုများ အသုံးပြုထားသည့် တိုင်းရင်းဆေးဝါး ၄ မျိုးကို ပြည်သူများ မသုံးစွဲကြရန် သတိပေးထားသည်။

မကြာသေးမီက ဈေးကွက်အတွင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဒေသခံစားသုံးသူများထံ ရောင်းချနေသည့် တိုင်းရင်းဆေးအချို့သည် အခြေခံဘေးကင်းလုံခြုံမှုနှင့် အရည်အသွေးစံနှုန်းများ ကိုက်ညီမှုမရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက တွေ့ရှိခဲ့သည်။

ခွင့်ပြုချက်မရှိသော ထုတ်ကုန်များကို တိုင်းရင်းဆေးပညာဦးစီးဌာနက ဈေးကွက်စစ်ဆေးမှုများအတွင်း အောက်ပါ တိုင်းရင်းဆေး ၄ မျိုးကို အထူးဖော်ပြထားသည်။

ဆရာကြီး ဦးတင်လှိုင် (ကချင်အမှတ်တံဆိပ်) သွေးတိုးကျဆေး — ထုတ်လုပ်ခွင့်လိုင်စင်မရှိဘဲ ရောင်းချနေပြီး မှတ်ပုံတင်သက်တမ်းလည်း ကုန်ဆုံးနေသည်။

Lay Bar Yar Zar အမှတ်တံဆိပ် သွေးတိုးသက်သာဆေး — သက်တမ်းကုန်ဆုံးနေသည့် မှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်ကို သက်တမ်းတိုးခြင်းမပြုဘဲ ထုတ်လုပ်ရောင်းချနေသည်။

Shin အမှတ်တံဆိပ် သွေးတိုးကျဆေး — တရားဝင်မှတ်ပုံတင်ထားခြင်းနှင့် ထုတ်လုပ်ခွင့်လိုင်စင်များ မရှိကြောင်း သိရသည်။

Shwe Min Tha အမှတ်တံဆိပ် အားဆေး — မှတ်ပုံတင်ထားခြင်းမရှိဘဲ အခြားထုတ်ကုန်တစ်ခုနှင့် သက်ဆိုင်သည့် မှတ်ပုံတင်နံပါတ် (TMR) ကို မသမာစွာ အသုံးပြုထားသည်။

အဆိုပါဆေးဝါးများသည် သင့်လျော်သည့် ဘေးကင်းလုံခြုံမှုစစ်ဆေးမှုများကို ခံယူထားခြင်းမရှိသဖြင့် ၎င်းတို့၏ အရည်အသွေးနှင့် ထိရောက်မှုကို အာမခံနိုင်ခြင်းမရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက သတိပေးထားသည်။

မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါးများ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေခြင်းကြောင့် ကချင်ပြည်နယ်အတွင်း ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်နေသည်။

“ဒါတွေပဲမဟုတ်ဘူး၊ အခု ကချင်ပြည်နယ်တစ်ဝန်းမှာ လိုင်စင်မရှိဘဲ တိုင်းရင်းဆေးတွေ ထုတ်လုပ်နေတဲ့သူတွေ အများကြီးရှိနေတယ်။ ဒါက အရမ်းအန္တရာယ်များပါတယ်။ အာဏာပိုင်တွေက အခုလို စစ်ဆေးတာ အရမ်းကောင်းပါတယ်။ ထုတ်လုပ်သူတိုင်းဟာ သိပ္ပံနည်းကျ စစ်ဆေးခံပြီး ဘေးကင်းကြောင်း သက်သေပြကာ သက်ဆိုင်ရာလိုင်စင်တွေကို စနစ်တကျ ရယူပြီးမှ လူတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထုတ်လုပ်သင့်ပါတယ်” ဟု ဝိုင်းမော်ဒေသခံတစ်ဦးက ပြောသည်။

ကျန်းမာရေးအာဏာပိုင်များကလည်း တိုင်းရင်းဆေးဝါးများ ဝယ်ယူသုံးစွဲမည့် စားသုံးသူများအနေဖြင့် ဆေးဝါးပေါ်တွင် တရားဝင် TMR မှတ်ပုံတင်နံပါတ်နှင့် ထုတ်လုပ်ခွင့်လိုင်စင် ရှိ၊ မရှိ စစ်ဆေးပြီးမှ ဝယ်ယူကြရန် အကြံပြုထားသည်။

သတင်း- Zinghkri

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Website Link; https://www.pajau.net

ต้องการให้ธุรกิจของคุณขึ้นเป็นอันดับหนึ่งในหมวด บริษัทสื่อ ที่ Chiang Rai หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

เว็บไซต์

ที่อยู่


Mueang Chiang Rai
Chiang Rai
57100

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Pajau Media Channel โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Chiang Rai