Waiyan Htut

Waiyan Htut

แชร์

Lecturer at Mae Fah Luang University

24/09/2026

ဌာနက ရိုက်ပေးတာ
ထိုင်းရုပ်တော့ အတော်ပေါက်နေပြီပြောတယ် 🫪

23/09/2026

သိပ်မကြာခင် Grade 12 English ၁၂ တန်း နှစ်ဝက်စစ်ချင်တယ်၊ မေးခွန်းထုတ်ရတာလဲ အချိန်ကြာတယ်ဆို အခန်း ၁ ကနေ ၆/၇ ထိ ၄ စုံ ထုတ်ပေးထားပါတယ်, အခမဲ့ရပါမယ်။ အဖြေပါပါမယ်။ စိတ်ဝင်စားရင် comment မှာ test လို့ မန့်လိုက်ရုံပါပဲ။

ကျတော့် website မှာ အကောင့်ဝယ်သုံးလဲ ရပါတယ်။ ၂၅၀၀၀ ထဲပါ၊ ကိုယ့်စိတ်ကြိုက် အကန့်သတ်မရှိထုတ်လို့ရတယ်။ သူများနဲ့လဲ မတူဘူးပေါ့

grade12-english.web.app

မှာ အကောင့်မလိုဘဲ အခမဲ့ unit 2 ခု လေ့လာလို့ရပါတယ်။

20/09/2026

Rickroll က အတည်သုံးလို့ရတဲ့ verb ဖြစ်သွားပါပြီတဲ့ 💀
I mean never gonna give you up 😂

Photos from Waiyan Htut's post 18/09/2026

ကနေ့ MFU International Festival မှာ မြန်မာကျပန်းစကားပြောပြိုင်ပွဲ ကော်မတီဝင်ကူညီပြီး မြန်မာအစားအသောက်မှာ ဝက်သားတုတ်ထိုး ဝင်ကူစားပေးဖြစ်ပါတယ်။

14/09/2026

နားဝင်မချိုနိုင်သော အကြောင်းများ

‎ပြီးခဲ့တဲ့ August ထဲမှာ start-up ကျောင်းတွေရော လက်ရှိကျောင်းတွေရောနဲ့ ဘာရယ်မဟုတ် အလွတ်သဘော စကားစမြည်ပြောကြရင်းကနေ ခေါင်းစဉ်တခုက "လိုချင်တဲ့ ဆရာ၊မ" မရတော့တာပေါ့။ ဒါက ဓာတ်ပြားဟောင်း ပြန်ဖွင့်သလို တော်တော်များများက နိုင်ငံခြားထွက်ကုန်တာရယ်လို့ တထစ်ချ မဟုတ်ပြန်ဘူး၊ အကြောင်းအရင်းတခုက freelance ဆိုတဲ့ တဦးတစင် ဖြစ်ကုန်တာ။
‎
‎ဘာလို့ဆိုတော့ ရှင်းတယ်။ AI, နည်းပညာ၊ internet, social media ကြောင့် တစင်ထောင်ဖို့ ကိုယ်ပိုင်သင်ဖို့ဆိုတာ ခက်လှချည်ရဲ့မဟုတ်တော့ဘူး ထင်ကြတာ (ဖြစ်လာကြတာ)။ အနည်းဆုံးတော့ ကိုယ်ပိုင်ရပ်တည်ဖို့ကတော့ လုံလောက်သွားတယ်။ ကျတော့်ဖုန်းဆက်ပြီး လာတိုင်ပင်တဲ့ ဆရာ၊မတွေကို နောက်လေ့ ရှိတယ်။ IELTS 8.0 လောက်ရရင် သင်စားဖို့ ပုံကောင်းကောင်းလေးရိုက်၊ canva သေချာဆွဲ၊ AI automation ဘာညာ ခဏထား၊ page ကိုပဲ သေချာ run ရင်တောင် တလတလစာကတော့ မပူရဘူး၊ ဖေ့စဘုတ်ကို လျှော့သုံး တီးတော့ပေါ်သွား ဆိုတာ (တကယ်လဲဟုတ်တယ်) မျိုး ပြောလေ့ရှိတယ်။
‎
‎အထူးသဖြင့် subject ပိုင်းတွေဆို ကျူရှင်သင်စားကြလိမ့်မယ်။ ဒီမှာ အရမ်းထူးဆန်းတာက IS တွေ မှိုလိုပေါက်လာတဲ့အခါ ကျောင်းတွေ ပြန့်ကျဲကုန်ရင် ကျူရှင်နည်းသွားမယ် မထင်လိုက်နဲ့။ ပြန့်ကျဲကုန်ချိန် လိုချင်တဲ့အမှတ် သတ်မှတ်ချက် မရတဲ့အခါ ကျူရှင်ပြန်ခေါ်ရော။ နပ်တဲ့သူတွေက အဲ့တာကို ချောင်းနေကြတာ။ ဒါအပြစ်မဟုတ်ဘူးနော်။
‎
‎ထားပါတော့ MA တခုလောက် သေသေချာချာ စာလုပ်တဲ့သူက IS တခုကို ဝင်ရင် HR အရ အခြေခံကစဝင်ရမှာပဲ။ လစာလဲ အခြခံပဲလေ၊ မြန်မာမှာ လစာကို ဘွဲ့ကြည့်ပေးတာ အတော်ရှားပါတယ်။ ဆိုတော့ IS တခုကို ၃-၄ သိန်းနဲ့ ဝင်မယ့်အစား၊ အဲ့ကထွက်ကျလာမယ့် စာမနိုင်တဲ့ကလေးကိုပဲ တယောက် ၃-၄ သိန်းယူသင်မယ်ဆိုတဲ့ logic ယုတ္တိဖြစ်လာတာ။ ဒါ အရင်ထဲက ရှိတယ်။ IS ကျောင်းတွေဘေးတင် ကျူရှင်ဖွင့်ထားတာဟာ တချိန်က အဲ့ကဆရာ၊မတွေပဲ ဖြစ်နိုင်သလို၊ လုပ်ငန်းခွင်မှာ ကတောက်ကဆဖြစ်ပြီး ထွက်တဲ့သူတွေ စုပြီး အိမ်ဝိုင်းထောင် မြေနီကုန်းတဝိုက်မှာ စုသင်ကြတာ စမတ်ဖုန်းတောင် ခေတ်မစားတဲ့အချိန်ထဲကပဲလို့ ဆိုရမယ်။
‎
‎ခေတ်ဟာ အရင်ထဲက အဲ့အတိုင်းပဲ။ ခဗျားဆယ်တန်း ၄-၅ လုံးပါရင် အောင်စာရင်းထွက်ပြီးနောက်နေ့မနက် ခဗျားအိမ်ကို ကိုက်ငှားဖို့ ရောက်လာပါလိမ့်မယ် (ခဗျားမိဘတွေ ညကရပ်ကွက်ထဲမှာ ပတ်ကြွားထားပြီးသားမလို့)။ ခဗျားဟာ အဲ့လိုသင်ဖို့ ဘာပညာရေးသီအိုရီမှ မသိသလို၊ ဘာညာလက်မှတ်လဲ မရခဲ့ဘူး။ အခုခေတ်မှာလဲ GED ဖြေပြီးသားကလေးတွေ ပြန်သင်နေတာလဲ အဲ့အတိုင်းပဲ ဖြစ်ပါတယ်။ IELTS 8.0 လောက် ရတဲ့ကလေးဟာလဲ တခြားသူကို အနည်းဆုံးတော့ exam strategies ပြန်သင်ပေးနိုင်သလိုပါပဲ။
‎
‎ဒါကြောင့် သိထားရမှာက freelance ဆိုတာ အခုခေတ်မှ မဟုတ်ဘူး အရင်ထဲကရှိတယ်၊ နောက်လဲ ရှိနေဦးမှာပဲ။ ဒါဆို ရှိသမျှ ဆရာတိုင်း freelance လုပ်မယ်ဆိုရင် ဘာဖြစ်မလဲ၊ ဆရာလုပ်ချင်သူတွေက ဘာမှမဖြစ်ပါဘူး၊ အဲ့လိုပဲ ကျောင်းသားတွေဘက်က ဘာပြဿနာမှ မရှိဘူး။ ကျောင်းတွေဘက်မှာတော့ အပေါ်မှာ ကျတော်ပြောချင်လာတဲ့ လူမရတဲ့ကိစ္စဖြစ်လာမှာပါ့။ အဲ့လိုကြောင့် လူမရ၊ ရတဲ့သူကိုဆွဲခန့် (မတွန်းတင်ပေး) ရ‌သလောက် ကျောက်ခဲရေညှစ်ခိုင်း၊ one go two come strategy နဲ့ လုပ်လာရင် ခုနကလို အပြင်က မိန့်မိန့်ကြီးထိုင်စောင့်နေတဲ့ သူတွေဆီ ပြန်ရောက်ကြမှာပါပဲ။
‎
‎ELT ဘက်ကိုပဲ ပြန်သွားရမယ့်ဆိုရင် အင်းဂိတ်စာသင်တန်းတက်တယ်ဆိုတာ တချို့တဝက်လောက်အတွက်က သူတို့အတွက် ကျူရှင်ပုံစံဖြည့်စွက်ပဲ။ (လူငယ်အတန်းတွေသင်ရင် သူတိူ့ လက်ရှိတက်နေတာတွေမှာ GED, Grade 12, IGCSE သမားတောင်ပါသေး)။ ဒီတော့ ကျောင်းအသစ်တွေက ဆရာ၊မ မရလို့ဆိုရင် မြေတောင်မြှောက်ပေး တွန်းတင်၊ ဆွဲခေါ်ပေးတာမျိုးက လက်တွေ့အကျဆုံးပဲ။ ‎ကျမတို့လုပ်ငန်းက capital အများကြီးမရှိလို့ လစာအများကြီး မပေးနိုင်သေးဘူး ဘာညာဆိုရင်တောင် ကျတော်ခံယူတာက ငွေကြေးထက်စာရင် ငွေကြေးများများစားစား မကုန်ဘဲနဲ့ ကျောင်းကနေ CPD, စာအုပ် စာတန်း ထောက်ပံ့ပေးတာလောက်ဆိုရင်ကို တန်ဖိုးထားမိပါလိမ့်မယ်။ ပြီးရင်တော့ လစာပေါ့ဗျာ။
‎
‎ဒါပေမဲ့တဖက်မှာလဲ ဆရာ၊မ လုပ်ချင်သူတွေကို ပြောချင်တာက အလုပ်လုပ်ဖို့ ပိုက်ဆံစုဖို့ပဲ။ ဟုတ်တယ်: ဖတ်တာ မမှားဘူး၊ အလုပ်လုပ်ဖို့ ပိုက်ဆံစုရတယ်။ ကျတော်တို့ မြန်မာနိုင်ငံက ခိုးကူးတွေ ကော်ပီတွေနဲ့ နောက်တခုက ဗဟိုချုပ်ကိုင်ထားတဲ့ တန်ဖိုးနည်း အဆည ပညာရေးစနစ်နဲ့ ကျင့်သားရနေလို့ အဲ့တာကို သတိမထားမိတာ။ ဆိုပါစို့ TKT စာမေးပွဲဖြေမယ်ဆို စာမေးပွဲကြေးပဲ ကုန်မယ်ပဲ ထင်နေတာမလား။ အမှန်တော့ အဲ့စာအုပ်ပါ ဝယ်ဖတ်ရမှာ။ အဲ့စာအုပ် hardcover ဟာ ထိုင်းဘက် ၁၀၀၀ နဲ့အထက်မှာရှိတယ်။ ဒါပေမဲ့ ကျတော်အပါအဝင် အကုန်လုံး copy တွေ soft-copy တွေပဲ ဖတ်အောင်ခဲ့ကြတာဟုတ်။

ဒါကြောင့် စိုက်ထုတ်မှုဆိုတာ လိုတယ်။ ကျတော်ဒီနေရာမှာ ပိုက်ဆံစကားပြောနေတာ မဟုတ်ဘဲ ကျတော်တို့ လက်ဆင့်ကမ်းသယ်လာတဲ့ sharing is caring စနစ်ကိုပဲ ပြောနေတာပါ၊ မကောင်းဘူးဆိုပေမဲ့ ကျတော်ကိုယ်တိုင် ထိပ်ဆုံးကနေ အခုထိ လုပ်နေတုန်းပဲ။
‎
‎အဲ ဘယ်နေရာမှာ စထိလဲဆိုတော့ အဲ့လို လုပ်မရတဲ့ အရင်းနှီးတွေဖြစ်တဲ့ စက်တွေ၊ software တွေ၊ အကောင့်တွေမှာ စထိတာ။ ဟယ် Zoom က ဈေးကြီးလိုက်တာ၊ Wordwall က ဈေးကြီးလိုက်တာ၊ လက်တော့က ဈေးကြီးလိုက်တာ ဆိုတာတွေ ဖြစ်ကုန်တာ။ အမှန်က အစထဲက ဈေးကြီးတယ်။ ကျတော်တို့ ဖြေဆိုအောင်မြင်ဘွဲ့ရခဲ့တဲ့တလျှောက်ကသာ အသိပညာ စာအုပ်စာတမ်းပိုင်းပဲ သက်သာခဲ့တာ။ အဲ့လိုသက်သာစေလို့ပဲ တချို့ ဆရာ၊မတွေမှာ စောနက စက်ပိုင်းဆိုင်ရာတွေကို ဝယ်သုံးနိုင်နေတာ၊ ဒါပဲ။
‎
‎ကျတော်အခုထိ အဲ့လို လျှောက်ပေးပစ်နေခြင်းဟာ လိုအပ်တဲ့နေရာမှာ လိုအပ်သလို စိုက်ထုတ်ပေးဖို့ပဲ။ "ကျတော်က အီးကောင်းတယ်။ ဘာမှတော့မစိုက်နိုင်ဘူး၊ အမြတ်တခုကျန်မှ စိုက်ထုတ်မယ်" ဆိုတာက သိပ်ကောင်းလှတဲ့ အယူအဆ မဟုတ်သလို၊ အဲ့တာတွေ အကုန်စိုက်ထုတ်ဖို့ ပေါင်နှံချေးငှားယူရတယ်ဆိုတာမျိုးလဲ လက်တွေ့မကျဘူး။
‎
‎စာသင်ရင်းနဲ့ပဲ စာသင်မယ့်အထဲကို ရသလောက်ခွဲခြမ်းပြီး စိုက်ထည့်ရမှာတော့ အသေချာပါပဲ။ ဒါကြောင့် ပိုက်ဆံကတော့ အဲ့ထဲထည့်ဖို့ ရှိနေဖို့ လိုတယ်ဆိုတာ ဆိုလိုရင်းရမယ် ထင်ပါတယ်။

‎အဲ့ဒီမှာပဲ ကျောင်းတွေမှာ သင်မယ့်သူတွေက အဲ့လိုစိုက်ထုတ်ဖို့ ထိုက်တန်ရဲ့လားဆိုတာ ဖြစ်လာမှာ။ ဒီကျောင်းက ဒီလောက်တောင် ငါလုပ်ပေးထားတာ ဘာလို့လဲ ဆိုတာမျိုးကတော့ တဦးတယောက်ချင်း တကျောင်းချင်းနဲ့ ဆိုင်သွားတယ်။
‎ယုတ္တိတချို့ကို ဒီလိုလေးပြောင်းကြည့်စေချင်တယ်။
‎
‎အခြား: ကျမတို့ကို lesson plan လဲ ဆွဲခိုင်းတယ်၊ စာလဲသင်ရ၊ စာမေးပွဲလဲ မေးခွန်းထုတ်ရတယ်။ လစာကတော့ ဒီလောက်ပဲ။
‎ကျတော်: ဆရာမ freelance လုပ်မယ်ဆို အဲ့တာတွေကို အလုပ်ဆရာမတယောက်ထဲ လုပ်ရမှာနော်။ လုပ်နိုင်လား၊ လုပ်ရင်ရော အမြတ်က ရေရှည်မှာ အဲ့လောက်ရမလား၊ ရမယ် လုပ်နိုင်တယ်၊ ချ။
‎
‎အကယ်၍ အလုပ်က နားချင်တာဟာ lesson plan မဆွဲတတ်လို့လား၊ ဆွဲတတ်ပြီး လစာနည်းလို့လား ဆိုတာကို အရင်ပြန်မေးခိုင်းတယ်။ မဆွဲတတ်ရင် freelance မှာ ဘယ်လိုသင်မှာတုန်းပေါ့။
‎
‎ကျတော်ပြောသလို ELT classroom itself is a sort of tuition. အဲ့တာကို အပေါ်မှာပြောခဲ့သလို subject လိုင်းလို ကျောင်းအကျကို ကျူရှင်သင်ဖို့ ထပ်စောင့်လို့ မရတော့ဘူး။
‎
‎အခြား: ကျတော်က ဒီမှာ လစာအရမ်းနည်းနေတယ် လစာများတဲ့ ကျောင်းပြောင်းချင်တာ။
‎ကျတော်: ELT တွေမှာ လစာကို ပေါ်တင်ထားလေ့ မရှိဘူး။ ခန့်မှန်းနဲ့ပဲ နာမည်ကြီးရင် လစာများမယ်ပဲ ယေဘုယျထားမယ်ဆို နာမည်ကြီးကျောင်းတွေကိုလျှောက်ဖို့ ခုနကလို စိုက်ထုတ်ရမှာတွေ ရှိမယ်။
‎
‎ကိုယ့်မှာ ဆရာအနေနဲ့ BC score မဟုတ်တဲ့ standardised test လိုမျိုး ရှိပြီလား၊ မရှိတောင် ဖြေဖို့ အဆင်သင့်ဖြစ်ပြီလား၊ TESOL နောက်ခံ ဘာရှိလဲ ဆိုတာတွေနဲ့ပဲ အလုပ်ရဖို့ ပိုဆုံးဖြတ်ပါတယ်။ ဒါတွေအတွက် ပြင်ဆင်ရပါမယ်။
‎
‎အခြား: စာသင်ရတာ ကျောင်းက ဘာမှမစိုက်ပေးလို့ ကိုယ့်ဘာသာကိုပဲ သင်ချင်တော့တယ်။
‎ကျတော်: ကိုယ့်ဘာသာသင်ရင်လဲ အဲ့တာတွေ အကုန်အိတ်စိုက်ရမှာ။ ဒီတော့ စိုက်ပေးတဲ့ကျောင်းကို ပြောင်းရင်ပြောင်း၊ မဟုတ်လဲ ကိုယ့်ဘာသာသင်ဖို့ စုဆောင်းရဦးမှာ။
‎
‎မှတ်ချက်။ ကိုယ်ကစိုက်ပေးပြီး ကျောင်းကဘာမှပြန်ဖန်မတီးပေးဘူးဆိုရင် ပြောင်းသင့်။ မဟုတ်လဲ ကိုယ်က စိုက်နိုင်နေမှတော့ တစင်ထောင်ကြည့်ပေါ့ 😉 ။
‎
‎အခြား: management အဆင်မပြေဘူး။
‎ကျတော်: ပြောင်းဟာ၊ 😂 (ငါလဲ မပြောတတ်တော့ဘူးဟေး) စတာ၊ အဲ့အပိုင်းက ကိုယ်မကျွမ်း။
‎
‎အပေါ်က ဖြစ်ရပ်တွေကိုကြည့်မယ်ဆို ဆရာ၊မ ဖြစ်သူက တကိုယ်ထဲ ချဲချင်တယ် ဆိုရင်တောင် စိုက်ထုတ်ရမှာတွေ များပါသေးတယ်။ ရုပ်ပြနိုင်တာကနေ အသံထွက်ကောင်းတာအထိ၊ လက်မှတ်ထုတ်ပြနိုင်တာကနေ အာဝဇ္ဇန်းရွှင်တာထိ၊ အကုန်လိုပါတယ်၊ ရုပ်ချောတာပါထည့်ဗျာ 🫨 ။ အဲ့လိုနဲ့ ဆရာ၊မ တို့လို လုပ်မယ့်သူများလာရင် ကျောင်းသားဘက်ကရွေးချယ်စရာ များလာဦးမှာမို့ ကိုယ်ဘယ်လောက် ဖောက်ထွက်နိုင်လဲ၊ ပို့စ်တင်နိုင်လဲအထိ ထပ်စဉ်းစားရပါမယ်။
‎
‎ကျတော်ဆိုလိုချင်တာက ပြည့်နေရင် လုပ်ချင်တာ ထလုပ်လို့ရတယ်။ သူ့ဘက်ကိုယ့်ဘက် ဖြည့်ဖို့တွေ ရှိနေရင် ညှိနှိုင်းတာ၊ ဆွေးနွေးတာတွေနဲ့ တဖြည်းဖြည်း ကြိုးစား ရုန်းကန်လို့ရတယ်။ ပြည့်ရင်တခြားနေရာ or တစင်ထောင်လို့ရပါပြီ။ ကိုယ်ပြည့်မပြည့်ကတော့ ကိုယ်အသိဆုံးပါ။
‎
‎ကျတော်ကတော့ ကျောင်းဦးစီးတာဘာညာ မလုပ်ဖူးတော့ ကျောင်းတွေဘက်ကို ဘာမှမပြောတတ်ပေမဲ့ ဆရာ၊မတွေအနေနဲ့ အတတ်ပညာ၊ ငွေကြေး၊ အကျိုးရှိတာ တခုခုပေးနိုင်တဲ့ကျောင်းတွေဆို တန်ဖိုးထားဖို့ပါပဲ။ တစင်ထောင်ချင်ရင် အခုခေတ်မှာ ထည့်စဉ်းစားရတာတွေက များလွန်းလို့ လစာကောင်းရင် နေသာနေ၊ ပညာပေးနေရင် နေသာနေ၊ ဝုန်းခနဲ ဝင်ငွေထကောင်းချင်ရင်တော့ စာသင်တာ ကို စီးပွားရေးတခုအနေနဲ့ ပြောင်းဖို့ကို သင်ကြားရေး+ social media+ management+ အရင်းအနှီး+ soft skills+ နည်းပညာ အကုန်လိုလာမှာ။ လုပ်နိုင်ရင်ချသာချ။ မဟုတ်ရင် တခြားအလုပ်သာပြောင်း။
‎______
‎
‎အခြား: ကျမ သိတဲ့ ELT စီနီယာမရှိလို့ ကျောင်းမြင့်မြင့်အလုပ်တွေ မရတာ အာ့ကြောင့် ထင်ပါတယ်။ အာ့ကြောင့် ဆရာ့လာဆက်သွယ်တာပါ
‎
‎ကျတော်: ဟ 💀
‎
‎ နောက်တပုဒ်တွင် ဆက်ဖတ်ရန်....

10/09/2026

Emoji တွေနဲ့ ELT စာသင်ခန်းထဲမှာ ဘယ်လို ဆက်သွယ်မလဲ၊ ဘာတွေ သင်ပေးလို့ရနိုင်မလဲ၊ အပျော်ပဲလား၊ semiotics လို့ခေါ်တဲ့ ရုပ်ပြသ‌ေင်္က‌တ အနက်ပုံဖော်ပုံနဲ့ ဆက်သွယ်မှုအကြောင်း ဘာတွေ ထည့်ပေးလို့ ရနိုင်မလဲ အာဖျံကွီးထားပါတယ်။

https://ihworld.com/ih-journal/issues/issue-57/practical-ways-blend-emjoi-use-classroom/

08/09/2026

ကံကောင်းလိုက်တာ

ဘဝမှာ ကံကောင်းရင် ကံကောင်းတာကို လက်ခံလိုက်တာ။ ငါ အရမ်းကြီးတွေ နေ့မအိပ်ညမအိပ် လုပ်လို့ ရလာတာ- ကံဆိုတာ အလုပ်လို့ တယူမသန် (အာမချောင်) တော့ဘူး။ ကံကောင်းအောင်ဖြစ်လာတဲ့ အလှည့်၊ ဦးစားပေးမှု ထောက်ပံ့ပေးမှု ကျေးဇူးတရားကို သိတတ်အောက်မေ့လိုက်တယ်။ ဒါက egocentric လေးလျော့သွားစေတယ်။ ဘဝတခုလုံးရဲ့ အပြောင်းလှည့် ၄ ခုလုံးဟာ ကံကောင်းရာကနေ စရမှာပဲ။ အလုပ်ချည်း ဖိလုပ်နေလို့ရယ်မဟုတ်။

စနစ်သစ်ပညာရေး
အသက်မီရဲ့သားနဲ့ ခန္ဓာကိုယ်ပိန်နေလို့ မိဘတွေ ကျောင်းတနှစ်အောက်ထားလိုက်တာ သိန်းစိန်လက်ထက်ပညာရေးစနစ်သစ်ကို စမီခဲ့တဲ့ ပထမဆုံးအသုတ်ဖြစ်လာခဲ့ပြီး အသစ်ဆန်းတွေကို ထိတွေ့ခွင့် စရခဲ့တာကနေ စရမယ်။ ဒီလိုနဲ့

အင်္ဂလိပ်ဘာသာစကားကို စိတ်ဝင်စားမှု
တတိယနှစ်တုန်းက အင်္ဂလိပ်စာ impromptu talk ပထမရတယ်။ အဲ့တာတော်တယ်လို့မဟုတ်ဘူး။ ကိုယ့်ထက်တော်တဲ့သူတွေက အက်ဆေး၊ စကားဝိုင်း စတာတွေမှာ ပထမဆုတွေ တန်းစီရထားတာ။ အဲ့ဆုရထားတဲ့သူတွေအကုန်လုံးက ဇွန်လမှာ ကိုရီးယားတို့ ဂျပန်တို့ ရောက်နေကြတော့၊ ကျောင်းမှာ ကိုယ်ပဲကျန်လ်ို့ ကျောင်းက ကိုယ့်ကို အောက်မြန်မာပြည်အင်္ဂလိပ်စာပြိုင်ပွဲကို ဖုတ်ပူမီးတိုက်လွှတ်လိုက်တာ၊ အဲ့တော့မှ အောက်မြန်မာပြည်မှာ ဆရကတွေ ရာနဲ့ချီရှိကြောင်းသိပြီး စာစလုပ်တော့တာပဲ။ အဲ့ပွဲမှာ အတော်တွေကြောင့် စကားဝိုင်းမှာ ဒုတိယဆုရလာတယ်။ ကိုယ်တော်လို့ရယ်မဟုတ်၊ ကျောင်းက ဒုဌာနမှူးက နင်တော်လို့ရတာမဟုတ်ဘူးဆိုပြီး ဒဲ့ကစ်ဖူးတယ်။ ၊ မှားတော့မမှားဘူးပေါ့လေ၊ ဒါပေမဲ့ အဲ့ပွဲဟာ စာလုပ်ဖို့ မိုတီရသွားတော့တာပါပဲ။ မှတ်မှတ်ရရ SSEAYP နောက်ဆုံးအဆင့်ထိပဲ ပါလိုက်တယ်။

ပညာရေး
ဒီလိုနဲ့ YU ELT ကို အင်တာဗျူးဝင်ဖြေတာ ၁၀ မိနစ်နောက်ကျတယ် (ဘာလို့ဆိုတော့ YSEALI က TTT final TP နဲ့တိုက်နေလို့) ။ ဒါပေမဲ့ ကိုယ့်ကိုရွေးတယ်ဗျာ။ အဲ့တုန်းကသာ ဆရာမတွေမရွေးခဲ့ကြရင် ဒီလိုဖြစ်လာနေမှာ မဟုတ်တာသေချာတယ်။ ဒီလိုနဲ့ စာဆက်လုပ်ဖြစ်လာတာ။ အာ့ကြမှ အတော်တွေကြားထဲရောက်ပြီး စာဆက်လုပ်ဖြစ်တာ။ ကျောင်းပြီးတော့လဲ baseline GPA 4 ပဲ ရတာပါ။ ဘာဆုမှမရ။ SSEAYP တို့ဘာတို့ အကုန်ပြုတ်။ ဒီလိုနဲ့ ဘွဲ့ထပ်ရ။ အောက်ပုံထဲကတော့ ဘော်ဒါဖြစ်လာမယ့် အတန်းဖော်ပေါ့။

အလုပ်
အင်တာနေရှင်နယ်စကူးတခုကထွက်ပြီးချိန် အလုပ်သစ်ရှာနေတုန်း YU က တီချယ်မြဆိုတာ စည်းကမ်းကြီးလို့ ကျတော်နည်းနည်းကြောက်တဲ့အထဲ ပါတယ်။ ဒါပေမဲ့ ဆရာမက ကျတော်အခုလုပ်နေတဲ့ကျောင်းမှာ စာရေးတဲ့အလုပ်ရဖို့ သူညွှန်းပေးခဲ့တာ အတော်လေး ဝမ်းသာမိသွားတယ်။ အမှန်တော့ အဲ့အချိန်က စာစရေးခါစ ဘာမှမယ်မယ်ရရ မသိသေးခင်။ ဒါပေမဲ့ အလုပ်ကလဲ သေချာလက်ခံခဲ့သလို နောက်ပိုင်းလဲ အဲ့မှာပဲ လျှောက်ဖြစ်တော့ရင်း အလုပ်အတည်တကျ ဖြစ်သွားတာ။
2024 တုန်းက ASEAN Teaching English webinar series မှာ technology နဲ့ပတ်သက်ပြီးဆွေးနွေးဖို့ BC က candidate ရှာလို့ ကိုယ့်ဆီကို စီနီယာဆရာမတ‌ေယာက်က ကိုယ့်ကိုညွှန်းလိုက်တာ၊ တကယ်တမ်း Webinar က Teacher Educator ဖြစ်နေတာ။ Teacher Educator ခေါင်းစဉ်နဲ့သာ သူ့သွားမေးရင် ကိုယ့်ကို သူညွှန်းချင်မှညွှန်းမှာ။ ဒါပေမဲ့လည်း အဆင်ပြေပြေ ပြောဖြစ်ခဲ့ပြီး၊ အဆက်သွယ်တွေ အခွင့်လမ်းတွေလဲ ပိုရခဲ့ပါတယ်။ ဒီလိုလေးအောက်မေ့လိုက်တော့လဲ ကြိုးကြိုးစားစား အလုပ်ဆက်လုပ်ဖို့ အခုပြောပြောနေကြတဲ့ positive energy ပိုရလိုက်သလိုပါပဲ။

ဥပမာ စာအုပ်ထုတ်ဖို့ဆိုတာ ဆရာစိုးသန်းတို့ ဆရာ ရဲခေါင်းလင်းတို့ ပေးတဲ့ မိုတီဗေးရှင်းမရှိခဲ့ရင် မဖြစ်နိုင်ခဲ့သလို၊ ကျောင်းပိတ်ရက်ရှည်ကာလ လူမနိုးသေးတဲ့ မနက် ၇ နာရီမှာ အလုပ်ခေါ်စာတကူးတက လာပြတဲ့ မိတ်ဆွေတွေ စသဖြင့် အစုံပါပဲ။

ဒီတော့ကာ

ငါကံကြောင့်လား၊ အလုပ်ကြောင့်ပဲလားဆ်ုပြီး ပြန်သုံးသပ်ရင် အလုပ်တွေချည်း အရမ်းကြိုးစားလို့ ဒီလိုလမ်းကြောင်းပေါ်မြဲနေခဲ့တာဆိုပြီး အာမချောင်ဝံ့တော့ဘူး။ ကိုယ့်ကို ကူညီပေးခဲ့တဲ့သူတွေ အများကြီးပဲ။ အလှည့်ပေးခဲ့သူတွေ အများကြီးပဲ။ နံကြားထောက်ပြီး ကံကောင်းသွားတာတွေလဲ အများကြီးပဲ။ အဲ့လိုကံကောင်းတာကို စောင့်နေတာ မဟုတ်ဘဲ၊ လုပ်စရာရှိတာလုပ်နေရင်း ကံကောင်းတာကြုံရင် ကံကောင်းလိုက်တာလို့ ကိုယ့်ကိုယ်ကို နှလုံးသွင်းလိုက်တာဟာ အတော်လေးကျေနပ်ဖို့ ကောင်းပါတယ်။ အလှည့်ကျတာ ကံကောင်းတာ၊ အလှည့်မရောက်သေးတာ ကံမကောင်းတာကို လက်ခံပြီး လုပ်စရာရှိတာ ဆက်လုပ်လိုက်ရုံပါပဲ။

ကြိုးစားတာကတော့ ကြိုးစားရမှာပါပဲ။
ထီပေါက်ဖူးတဲ့သူတွေက အမြဲတမ်းထိုးလို့ ပေါက်တာလဲရှိသလို ထီတစောင်ပဲထိုးလည်း ပေါက်ချင်ရင်ပေါက်တာပါပဲ။ ကံကောင်းရင် ကောင်းတယ်မှတ်လိုက်။ အမေ၊ အဖေ ၊ဆရာသမား၊ မိတ်ဆွေတွေကြောင့် ကောင်းရာဖြစ်လာခဲ့ရင် ငါကွလို့ ဆိုတာထက် ကျေးဇူးတရားကို အောက်မေ့လိုက်ပါ။ ဒါပေမဲ့ ကံကောင်းအောင် မမြင်ရတဲ့ဟာတွေ လုပ်မယ့်အစား မြင်ရတဲ့ လက်တွေ့ကျတဲ့အရာတွေကိုပဲ ထကြိုးစားတာက လက်တွေ့နဲ့ ပိုနီးစပ်ပါတယ်။

အနားသား ဖုတ်ပူမီးတိုက် လေ့ကျင့်ရပြန်တဲ့ ရန်ကုန်တက္ကသိုလ် shakespeare lives in us ပွဲ duo

30/08/2026

thesis တွေ သုတေသနစာတမ်းတွေ အတွက် လိုအပ်တဲ့ စာတမ်းတွေက paywall ခံထားလို့ ဖတ်မရ s c i h u b မှာလဲ ရှာမရရင် ဒီမှာ အကောင့်ဖွင့်ပြီး တောင်းလို့ ရပါတယ်။ ကျတော်ဆို တောင်းလဲတောင်းတယ်၊ သူများတွေတောင်းနေတာ ကိုယ့်ကျောင်းအကောင့်နဲ့ ရှာပေးနိုင်ရင် ပြန်တင်ပေးပါတယ်။ အတော်အဆင်ပြေပါတယ်။

link ကို comment မှာ ချထားပါတယ်။ space တွေ ဖယ်လိုက်ပါ။

21/08/2026

‎ကျတော်တို့က အီးစာသင်တဲ့အခါမယ် အီးစာကိုကိုင်ပြီး တဖက်ကို ပြန်ဖိနှိပ်လို့ရတယ်။ ဒါမျိုးဖိနှိပ်တာမျိုးက တဖက်သူရဲ့ ဖြစ်တည်မှုအထိ သွားသက်ရောက်လေ့ ရှိတယ်။ အဲ့ထဲမှာ Myanmar English ထဲက လေယူလေသိမ်းကို မြန်မာ accent ငပိသံ ဆိုပြီး သတ်မှတ်လေ့ရှိတယ်။ ပြဿနာက accent ရှိခြင်းဟာ ပြဿနာလားပေါ့။
‎
‎ဒါနဲ့ ငပိသံကို စမပြောခင် ကျတော်တို့ တော်တော်များများလေ အီးအသံနဲ့ ပတ်သက်ပြီး accent လေယူလေသိမ်းလား မှန်ကန်တဲ့ အသံထွက် pronunciation လား ကွဲရောကွဲကြလားဟင်။ ဘာလို့ဆိုတော့ အီးလိုပြောနေတုန်းမြန်မာ accent slip ဖြစ်တယ်ဆိုပြီး စနောက်ကြတဲ့ဟာသတွေမှာ တကယ်တမ်းက မြန်မာအသံယိမ်းတာကို ထုတ်ပြတာ မဟုတ်ဘဲ မြန်မာတချို့ မှားတတ်တဲ့ အသံထွက်"မှား"တာကိုပဲ ထောက်ပြကြတယ်။ (နှံ့စပ်ရင် လိုင်းပေါ်ရှာဖွေကြည့်ကြပါ)။ ဒါဟာ accent ကြောင့် မှားတာ မဟုတ်ဘဲ လေ့ကျင့်မှုလိုအပ်ချက်ကြောင့်သာ မှားတာပါ။ ‎ဒီနေရာမှာတချို့ miss ပြိုင်တဲ့သူတွေက မြန်မာသံပေါက်တာ ပြဿနာ မဟုတ်ဘဲ၊ အီးစာကို အလွတ်ကျက်ပြောတာ (အလွတ်ကျက်ပြောတော့ အဖိအဖော့ အတက်အကျ လုံးဝမမှန်ဘူး_ ဒါဟာ အသံထွကိ အမှားအောက်ကို ရောက်သွားတယ်)။ အဲ့ကြဘာဖြစ်လဲ စကားပြန်နဲ့ ဝင်ပြိုင်ပေါ့။ အာ့လဲ မဟုတ်ပြန်ဘူး။ ထားပါ။
‎
အဲ့လိုနဲ့ ‎ခဗျားမြို့ထဲလျှောက်သွားတုန်း IS က ကလေးပိစိတွေ ပြောနေရင် ချော့မွတ်နေပြီး ကြားဖူးတဲ့ ဇာတ်ကားတွေထဲကလို ဖြစ်နေမယ်။ ဒါဟာ ခဗျားရင်းနှီးတဲ့ US accent နဲ့ ဆင်နေတာမို့။ ဆိုပေသည့် ခဗျားက ELT နဲ့ တီးမိခေါက်မိမယ်ဆို သူတို့ထဲက အသံထွက်အမှားတွေကို သတိထားမိနိုင်လိမ့်မယ်။
‎"လေယူလေသိမ်း accent မှန်သည့်တိုင်အောင် တလုံးချင်း အသံထွက်၊ အဖိအဖော့ stress ၊ အတက်အကျ intonation မှားနိုင်ပါသေးတယ်"
‎
‎တဖက်မှာတော့ အဲ့တာတွေ အကုန်မှန်သည့်တိုင်အောင် မြန်မာစကားပြောသလိုမျိုးကြီးပဲ ခံစားနေရတယ်ဆိုရင် ဒါဟာ ခဗျားတို့ထင်လိုက်တာက ငပိသံပါနေတာပါပေါ့။ ကျတော့်အတွက်က ဒါက ဖြစ်တည်မှုတခု ဖြစ်ပြီး အဲ့ကနေ အမှားတစုံတရာမပါရင် ဒါက ပြဿနာ မရှိဘူးလို့ မြင်ပါတယ်။ ကျတော်လေ့လာကြည့်သလောက် မြန်မာလိုင်စင်ရ ဧည့်လမ်းညွှန်တော်တော်များများမှာ မြန်မာလေယူလေသိမ်း အပြည့်ရှိတာကို သတိထားမိပါတယ်။ (ဒါဟာ မြန်မာဖြစ်ချင်းရဲ့ ဂုဏ်ကိုတဖက်ကနေပြသနိုင်ပါတယ်)။ အကယ်၍ မြန်မာ accent ဝဲတဲ့ အင်္ဂလိပ်စကားပြောကို သိချင်ရင် Australia မဲဘုန်းမှာဖွင့်ထားတဲ့ ကကြီး restaurant ဆိုတဲ့ဆိုင်လေးက content သဘောကျလို့ ig link ရှိတယ်၊ ဝင်ကြည့်ကြည့်။
‎
‎လူတွေမှာ ဘာလို့ မူရင်းလေယူလေသိမ်းကို ဖျောက်ဖျက်ချင်ရတာလဲဆိုတာကလဲ ရှိပါတယ်။ ဘာလို့ဆိုတော့ မူလပိုင်ရှင်တွေက ဖိနှိပ်တဲ့သူ ရှိလို့ပေါ့။ မြန်မာထဲမှာတော့ အချင်းချင်းလဲ ဖိနှိပ်နိုင်ပါတယ်။ ပညာတတ် ခေတ်သစ်ရပ်ဝန်းတချို့မှာတော့ အဖြူတွေမှာ ဒါမျိုးသိပ်မရှိတော့ဘဲ communication oriented mutual intelligibility ကို ပိုဦးစားပေးလာကြပါတယ်။ ဆိုပါစို့၊ မြ page ကဆရာ၊ ကိုပိ၊ ဆရာဂျက်တို့ မြန်မာစကားကို အဖြူလေယူလေသိမ်းနဲ့ ပြောသင်နေပေမဲ့ ကျတော်တို့ အသံမှန်ကန်မှုကိုပဲ နားထောင်ကြတယ်ဟုတ်။ (ဗမာဘာသာစကား လေယူလေသိမ်းအစစ်က ဘယ်နယ်ကလဲဆိုတာ တချက်လေ့လာကြည့်ပါ)။
‎
‎ဒါပေမဲ့ မြန်မာတွေကမှ ဘာလို့ထူးပြီး အချင်းချင်းပြန်ဆော်နေကြလဲဆို ဖြစ်နိုင်တာက မြန်မာဟာ လွတ်လပ်ရေးအစထဲက English ကို ဒုတိယဘာသာစကားနဲ့ သုံးလို့ရနိုင်တဲ့နိုင်ငံ ဖြစ်လာနိုင်စွမ်းရှိခဲ့တယ်။ ဒါကြောင့် အီးဆိုတာ ပေါ့ပေါ့ပါးပါး စလုံးတွေလို မလေး ဖိလစ်ပိုင်တွေလို ဒုတိယစကားအနေနဲ့ ပြောနိုင်ရမှာ။ နေဝင်းရဲ့ ပြောင်းလဲမှုကြောင့် ကမောက်ကမဖြစ်ကုန်ပြီး ဟိုမကျ ဒီမကျဖြစ်သွားတယ်။ ပြင်ပလောကဗဟုသုတ ဖတ်တတ်ဖို့ အီးစာလိုပြီး ပြည်တွင်းရှင်သန်ရုံက မလိုတဲ့ပုံစံ ဖြစ်သွားတယ်။ ဒါကြောင့် အီးစာတတ်သူက အလိုလို ကြီးမြင့်တယ်ဆိုတာမျိုး ဖြစ်သွားတယ်။ ကိုယ့်ဖုန်းထဲက setting က မြန်မာလို ဖြစ်နေရင်ကို တဆင့်နိမ့်သွားသလို မြင်လာကြတဲ့အထိပဲဟုတ်။ အဲ့လို အီးကိုပဲ ဘာလာလာ အရာရာအားကိုးတော့ ကျွဲကူးရင်းရေပါသလို မြန်မာစကားလုံး (တရားဝင် register) ဖန်တီးမှုပါ ကျသွားတယ်။ ဒါကြောင့် ပြန်ဆက်ရရင် အီးလိုပြောသူမှန်သမျှဟာ ရုပ်ရှင်တွေ YT videos တွေထဲကလို ချောမွေ့နေမှ အီးသံပေါက်တယ်ဆိုတာကို ချွတ်ရခက်နေကြတာပဲ။
‎
‎ဒါဆို မြန်မာမဟုတ်တဲ့ accent ရှိတဲ့သူတွေကရော စတန့်ထွင်တာလား ဆိုတာကြတော့လဲ မဟုတ်ပြန်ဘူး။ ခဗျားသာ အီးစကားကို ပထမဘာသာစကားအနေနဲ့မသုံးကြတဲ့ နိုင်ငံရောက်တာနဲ့ သူတို့လေယူလေသိမ်းတွေ ပြောပုံဆိုပုံတွေ ကူးလာမှာကြောက်တယ်ဟုတ်။ လေယူလေသိမ်းဆိုတာ အနည်းနဲ့အများတော့ ကူးပါတယ်။ ဒါကြောင့် ရေမြေခြားမှာ အနေစရလာတာနဲ့ ထိုသူတွေရဲ့ လေယူလေသိမ်းဟာ အနည်းနဲ့အများ ကူးပြောင်းလာမှာပါ။ ကျတော်တခါလေ အမေရိကန်အသံ slip ဖြစ်တတ်တယ်။ ဘာလို့ဆိုတော့ National Geographic နဲ့ကြီးပြင်းလာတာမလို့။ သို့ပေသည့် မြန်မာလေယူလေသိမ်းကို preserve လုပ်ထားတုန်းလို့ပဲ ခံယူတယ်။
‎
‎ကျတော်တို့ အီးဆရာ၊မတွေအတွက်တော့ သပ်သပ်ထပ်ဆွေးနွေးရမယ့် ကိစ္စတခု ဖြစ်လာတယ်။ ELT စံစနစ်မှာ Cambridge IELTS နဲ့ပဲ ချိန်မယ်ဆိုရင်တောင် speaking မှာ ဘာလေယူလေသိမ်းမှ ထည့်မစဉ်းစားဘူး။ ဒါပေမဲ့ တခုတော့ ရှိတယ်။ 8.0 လောက်နဲ့ အထက်သမားတွေဟာ သူတို့ရဲ့ multimedia နဲ့ လေ့ကျင့်ချိန်၊ အထိအတွေ့က များလွန်းတာကြောင့် RP လို့ခေါ်တဲ့ received pronunciation ဗြိတိသျှပျော့ပျော့လေး (ဖတ်စာအုပ်တွေမှာ ပါနေကြအသံ) or pure American accent ပါနေတတ်တဲ့သူတွေ ရှိလိမ့်မယ်။ ဒါဟာ accent ကြောင့် အမှတ်ရတာ မဟုတ်ဘဲ accent ကို ထည့်မစဉ်းစားဘဲ ပြောပုံဆိုပုံနဲ့တင် အမှတ်ရနေတာ ဖြစ်ပါတယ်။ accent က လေ့ကျင့်ရင်း ကူးလာတာမျိုး။ တချို့ IELTS trainer တွေ မြန်မာသံဝဲတဲ့သူ၊ trainee ထဲက ဘျစ်တစ်ရှ် accent ရှိတတ်တဲ့သူ အမှတ်ထွေထူး မကွာတာတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် 8.5 ရတဲ့သူက အမေရိကန်အက်ဆန့်ကြီးနဲ့မို့ ကိုယ်က အက်ဆန့်ကိုပဲလေ့ကျင့်ရင်း စကားလုံးထဲက stressed syllables တောင် မမှန်ရင် အဲ့မှာ အမှတ်မကောင်းတာမျိုး ဖြစ်လာမှာပါပဲ။
‎
‎တော်တော်များများလက်ခံတာက accent ဆိုတာ typeface font လိုပဲ။ unique ဖြစ်တယ်၊ တချိန်ထဲမှာ commonly intelligible ဖြစ်ပြန်တယ်။ အီးလိုရေးထားတဲ့ ရုံးစာတစောင်ကို ဖတ်ကြည့်တာနဲ့ ဂျပန်နိုင်ငံကလား၊ တရုတ်ကလား၊ ထိုင်းကလား မြန်မာကလား ခွဲလို့ရနေတာ official font တွေကြောင့်ပဲလေ၊ အထဲကစာသားကို ကြည့်ခွဲတာမှ မဟုတ်တာ။ အထဲကစာက မှန်တယ် စနစ်ကျတယ်ဆို ရပြီပေါ့။
‎
‎ဒါကြောင့် ငပိသံဟာ ထွက်နေမှာပဲ။ ဒါကိုနားထောင်ရင်ပဲ ဒီကဆိုတာမျိုး ဖြစ်တည်မှုတခုကို ပြနိုင်တယ်ပေါ့။ UN မှာ အီးကို မြန်မာသံဝဲသလို ပြောလာတာ မြန်မာနိုင်ငံကမှန်း အပြည့်အဝ ပုံဖော်ပေးနိုင်မှာပေါ့။ US သံပေါက်နေရင်လဲ ဒီလူက အဲ့မှာကြီးလာ‎တာမျိုး ထင်ရင်လဲ ထင်ခံရမှာပေါ့။ ဒါပေမဲ့ မြန်မာကအသံမို့ မြန်မာအချင်းချင်း နှိမ်လိုက်မယ်ဆိုတာမျိုးက ယနေ့ အနောက်တိုင်းအဖြူစာ ဆာတက်ပေတက်တွေ ပြောနေကြတဲ့ decolonisation, anti-imperialism စတာတွေနဲ့ တလမ်းစီ ဖြစ်နေပါလိမ့်မယ်။ တခြား မြန်မာနဲ့တန်းတူ ဖိလစ်ပိုင်၊ စလုံး တို့မှာ လေယူလေသိမ်းကို အဲ့လို ကိုယ့်အချင်းချင်း ပြန်ဖိနှိပ်ကြလားတော့ မပြောတတ်။ ဒါကို လူဖြူတွေကတော့ ပေါ်ပေါ်ထင်ထင် လုပ်ချင်မှ လုပ်လိမ့်မယ်၊ ကိုယ့်အချင်းချင်းကတော့ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ဆော်ကြတာပဲ။ ပြည်တွင်း ဂွမ်မာဆရာတွေဆိုလဲ prescribed database ဖြစ်တဲ့ ဖတ်စာအုပ်၊ သဒ္ဒါစာအုပ်နဲ့ မတူတာနဲ့ ပိတ်ငြင်းတော့တာ။ သူတို့ကြတော့ စံစနစ်သတ်မှတ်ချက်အောက်က ဘာအရည်အချင်းမှ မရှိဘဲ စံစနစ်စံစနစ် တတွင်တွင် ပါးစပ်ကမချတမ်းပြောတာ- တအုပ်စု။
‎
‎အင်္ဂလိပ်ဘာသာစကားမှာ စံစနစ်တခုထဲ အလုပ်လုပ်တာ မဟုတ်ဘူး။ pragmatic, academic, business, lingua franca, Englishes စတဲ့ဟာတွေ ခြုံငုံ ဆက်ယှက်ပြီး အီးစာက ယှဉ်သန်နေတာ။ ယူတို့အားကျပါတယ်ဆိုတဲ့ နိုင်ဂံခြားက အဖြူဆရာတွေကိုယ်တိုင် C2 အထိကိုမှ near native ပဲ၊ native အဆင့်ဆိုတာ တကယ့်မြေပြင်မှာ off-radar မလို့ CEFR ထဲ မပါပါဘူးဆိုပြီး စကားကြောင်း ခင်းထားကြပြီးသား။ C2 Cambridge certificate ရရင်တောင် အဲ့အထဲမှာ "နေးတစ်စပီခါ ဖြစ်ပါပြီ" ဆိုတာ တလုံးမှ မပါဘူး။
‎
‎အဲ့တော့ မသိသေးရင် သိအောင်ပြောပြတာက "ငပိသံ" မကလို့ ဘိန်းမုန့်သံဖြစ်ဖြစ် ကောက်ညှင်းကျည်ထုပ် အသံဖြစ်ဖြစ်၊ ထန်းညက်အသံဖြစ်ဖြစ်၊ ဘာမှမဖြစ်ဘူး။ ဌာန်ကရိုဏ်းကျတယ်၊ အဖိအဖော့ အတက်ကျ လိုသလို အဓိပ္ပါယ်ရှိသလို ပြောနိုင်ရင်ရပြီ။ ပြင်သစ်သမ္မတတောင် ဘာသာအပြန်လွန်ပြီး ဩစတြေးလျ ဝက ကို "your delicious wife" ဆိုပြီး စင်ပေါ် မှားပြောမိသေးတယ်။ ရှာကြည့်။

အဲ့တော့ စိတ်နည်းနည်းလျှော့ကြ၊ ကွကို RP မကလို့၊ အာဖရိကန်-အမေရိကန် accent ပဲရှိရှိ ပြဿနာမရှိဘူး။ ကိုယ့်နိုင်ငံသားအချင်းချင်း အပေါ်စီးကနေ စာဖတ်နိုင်တယ် (စာဖတ်ချင်ယောင် ဆောင်နိုင်တယ်) အထင်နဲ့ သူ့ဘာသာနေနေသူတွေကို ဖိနှိပ်ချင်တာ လျှော့ကြ။
‎

18/08/2026

ဆရာဖြိုးဝေထွန်း တီချယ်သူသူနဲ့ ကျတော်တို့လုပ်ခဲ့တဲ့စာတမ်းထွက်ပါပြီ။ ကျတော့်နာမည်က last name H ကြောင့် ထိပ်ဆုံးဆိုပေမဲ့ ၃ ယောက်လုံးက first authorship share ပါ။

https://doi.org/10.1108/AIIE-06-2025-0125

ต้องการให้โรงเรียนของคุณขึ้นเป็นอันดับหนึ่งในหมวด โรงเรียน ที่ Chiang Rai หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

หมวดหมู่

เว็บไซต์

ที่อยู่


Chiang Rai
57100

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Waiyan Htut โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Chiang Rai